နိုဝင်ဘာလထဲ တောင်ကိုရီးယားသမ္မတကို ဆန့်ကျင်ဆန္ဒပြမှုကဓာတ်ပုံဖြစ်ပြီး စစ်အုပ်ချုပ်ရေးအမိန့်ကိုဆန္ဒပြမှုကမဟုတ်

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 09 ဒီဇင်ဘာ 2024 အချိန် 04h10
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • Chayanit ITTHIPONGMAETEE, AFP ထိုင်း
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်မှာ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုရဲ့ ခဏတာ ထူးထူးခြားခြားထုတ်ပြန်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့်က ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ လမ်းပေါ်ကို ထွက်လာစေခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံအများအပြားက လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေတဲ့ပုံက ပြည်သူလူထုကိုထိတ်လန့်စေခဲ့တဲ့ အရပ်သားအုပ်ချုပ်ရေးကိုရပ်ဆိုင်းဖို့ ကြိုးပမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ပုံမဟုတ်ပါဘူး။ အဲဒီပုံကို European Pressphoto Agency  ကသတင်းဓာတ်ပုံဆရာတစ်ဦးက  ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှာ သမ္မတယွန်း ဆန့်ကျင်ရေးဆန္ဒပြပွဲက ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။  

"သမ္မတရဲ့ ပါတီကရော အတိုက်အခံပါတီကပါ စစ်အုပ်ချုပ်ရေးကြေညာတာကို ဆန့်ကျင်ပြီးတဲ့နောက် ကိုရီးယားတွေဟာ အချိန်မဆိုင်းပဲ လွှတ်တော်ကို ချီတက်လာကြပြီဖြစ်ပါတယ်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက် က မြန်မာဘာသာနဲ့ ဒီ Facebook ပိုစ့်မှာ မျှဝေထားပါတယ်။  

ပုံထဲမှာ ညအချိန်လမ်းပေါ်မှာစုဝေးနေကြတဲ့ လူအုပ်ကြီးနဲ့အတူ ရွက်ဖျင်တဲတွေ၊ မော်တော်ယာဉ်တွေ နဲ့ အဝါရောင်ဂျာကင်အင်္ကျီဝတ်ဆင်ထားတဲ့ အာဏာပိုင်တွေကို တွေ့ရပါတယ်။  

Image
မှားယွင်းတဲ့ Facebook ပိုစ့်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်က ရယူထားတဲ့ Screenshot

တောင်ကိုရီးယားနိုင်ငံကို အကြီးအကျယ်ကသောင်းကနင်းဖြစ်စေခဲ့ပြီး မဟာမိတ်နိုင်ငံတွေကိုပါ စိုးရိမ်ထိတ်လန့်စေခဲ့တဲ့ သမ္မတယွန်းရဲ့ စစ်အုပ်ချုပ်ရေးကြေညာပြီး မကြာခင်မှာပဲ အဲဒီပုံကို  မြန်မာနိုင်ငံမှာသာမက ထိုင်းအိန္ဒိယမလေးရှား နဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာပါ လူမှုကွန်ရက်အသုံးပြုသူတွေက မျှဝေခဲ့ကြတာဖြစ်ပါတယ်။  

ဆယ်စုနှစ်လေးခုကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် သမ္မတယွန်းရဲ့ အရပ်သားအုပ်ချုပ်ရေးကို ရပ်ဆိုင်းဖို့ကြိုးပမ်းမှုဟာ ညတွင်းချင်း လွှတ်တော်အမတ်တွေရဲ့  ငြင်းပယ်ချင်းခံခဲ့ရပြီး ဆန္ဒပြမှုတွေလည်းဖြစ်ပေါ်စေခဲ့ပါတယ်။ (archived here and here)

ဒါပေမဲ့ အွန်လိုင်းပေါ်ပျံ့နှံ့နေတဲ့ဓာတ်ပုံက သမ္မတယွန်းရဲ့ စစ်အုပ်ချုပ်ရေးမကြေညာမီ ရက်ပိုင်းအလိုကတည်းက ရိုက်ကူးထားတဲ့ပုံပဲဖြစ်ပါတယ်။

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်ရာ ပိုပြီးကြည်လင်ပြတ်သားတဲ့ဓာတ်ပုံကို အီတလီသတင်းဌာန Ansa Latina ကနေပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်က ထုတ်ဝေထားတာကို တွေ့ရပါတယ်။ (archived link)

ဓာတ်ပုံကို ဆိုးလ်မြို့တော်မှာ သမ္မတယွန်း ရာထူးကနေနှုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြတဲ့နေ့မှာ ရိုက်ကူးထားကြောင်းခေါင်းစဥ်မှာ ဖော်ပြထားပြီး European Pressphoto Agency (EPA) ကသတင်းဓာတ်ပုံဆရာ Jeon Heon-Kyun ကို ရိုက်ကူးသူအဖြစ် ရည်ညွှန်းဖော်ပြထားပါတယ်။  

EPA website မှာ အဓိကကျတဲ့ စကားလုံးတွေနဲ့ ရှာဖွေကြည့်ရာ ထပ်တူညီတဲ့ ဓာတ်ပုံကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်က ထုတ်ဝေထားတာကိုတွေ့ရပါတယ်။ (archived link)

"၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်၊ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် နိုင်ငံသားပေါင်းစုံပါဝင်သော အရပ်ဘက်အဖွဲ့အစည်းများ၏ တောင်ကိုရီးယားသမ္မတကို နှုတ်ထွက်ပေးရန် တောင်းဆိုဆန္ဒပြမှု မြင်ကွင်း" ဆိုပြီး ဓာတ်ပုံအညွန်းစာမှာ့ တစိတ်တပိုင်း ဖော်ပြထားပါတယ်။ 

"စတော့စျေးကွက် ခြယ်လှယ်မှု၊ လာဘ်ပေးလာဘ်ယူမှု နှင့် အဆိုတင်သွင်းရာတွင် ဝင်ရောက်စွက်ဖက်မှုများအပါအဝင် သမ္မတဇနီး၏ အငြင်းပွားဖွယ်ရာကိစ္စရပ်များ ဖြစ်ပေါ်နေစဥ် ဆန္ဒပြသူများသည် သမ္မတယွန်းဆွတ်ယိုကို နှုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။"  

အောက်မှာလူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ဓာတ်ပုံ (ဘယ်) နဲ့ EPA website ကဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဥ်ဖော်ပြထားပါတယ်။  

Image
မှားယွင်းတဲ့ Facebook ပိုစ့် (ဘယ်) နဲ့ EPA website ကမူရင်းဓာတ်ပုံ (ညာ)ကိုနှိုင်းယှဉ်ထားတဲ့ Screenshot

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်က လူထုစုဝေးပွဲကို တောင်ကိုရီးယားရဲ့ အဓိကအတိုက်အခံ ဒီမိုကရက်တစ်ပါတီက စီစဥ်ခဲ့ပြီး၊ လူဦးရေ ၁၀၀,၀၀၀ ခန့်ပါဝင်လာအောင်စည်းရုံးနိုင်ခဲ့တယ်လို့ တောင်ကိုရီးယားရဲ့ Yonhap သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ (archived link)

ဆန္ဒပြသူတွေက ယွန်းရဲ့အစိုးရဟာ နိုင်ငံရေးရာကိစ္စရပ်တွေကို လွဲမှားစွာကိုင်တွယ်ခဲ့တယ်ဆိုပြီး စွပ်စွဲဝေဖန်ခဲ့ကြရုံသာမက သမ္မတရဲ့ ဇနီးကိုလည်း စတော့စျေးကွက် ခြယ်လှယ်မှု၊ လာဘ်ပေးလာဘ်ယူမှု နဲ့ အဆိုတင်သွင်းရာမှာ ဝင်ရောက်စွက်ဖက်မှုတွေအတွက် အထူးအကြံပေးခုံရုံးဖွဲ့ပြီးစစ်ဆေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်