မကြာသေးခင်က ရုရှားရဲ့ ဆီးရီးယားသူပုန်တွေကို လေကြောင်းတိုက်ခိုက်မှုကဆိုပြီး ဓာတ်ပုံဟောင်းပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 10 ဒီဇင်ဘာ 2024 အချိန် 09h50
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"အလက်ပိုမြို့ကျရှုံးသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရုရှားသမ္မတပူတင်က မနေ့က ရုရှား ဒုဗိုလ်ချုပ်ကြီး Sergey Kisel ကို ရာထူးမှ ထုတ်ပယ်လိုက်တယ်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့က မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။
"တစ်ဆက်တည်း ဆိုသလို အမေရိကန်ထောက်ခံသည့် အယ်ခိုင်ဒါခေါင်းဆောင် မူဟာမက်ဂျိုလာနီ ပိုင်ဆိုင်တဲ့ လောင်စာဆီ ရောင်းဝယ်ရေး စင်တာကို ရုရှား တိုက်လေယာဉ်တွေက လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်ခင်ဗျ။" (မူရင်းအတိုင်း)
ဆီးရီးယားသူပုန်တပ်ဖွဲ့တွေရဲ့ လျင်မြန်တဲ့ ထိုးစစ်ဆင်မှုကြောင့် အာဆက်အစိုးရဟာ ဆီးရီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ အလက်ပိုမြို့ကို လက်လွတ်ဆုံးရှုံးခဲ့တဲ့နောက်မှာ ဒီဓာတ်ပုံဟာ Facebook နဲ့ X စာမျက်နှာတွေပေါ် ပျံ့နှံ့လာခဲ့ပါတယ်။ သူပုန်တပ်ဖွဲ့တွေက ဒမတ်စကပ်မြို့ကို ဒီဇင်ဘာ ၈ ရက်မှာ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး ဆယ်စုနှစ် ၅ ခုကြာခဲ့တဲ့ အာဆက်ရဲ့ Baath ပါတီအုပ်ချုပ်မှုကို အဆုံးသတ်ခဲ့ပါတယ်။
သူပုန်တပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှုကို ဆီးရီးယားနဲ့ ရုရှားစစ်တပ်တွေက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဟန့်တားဖို့ကြိုးပန်းခဲ့ပေမဲ့ အရာမဝင်ခဲ့ပါဘူး။ ဒီလေကြောင်းတိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်တဲ့ ဒီဇင်ဘာ ၆ ရက် ဗုံးကြဲမှုကြောင့်လည်း အရပ်သား ၂၀ ဦး သေဆုံးခဲ့ပါတယ်။ (Archived link)
ဒါပေမဲ့ ဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ်မှာ တူရကီနိုင်ငံအနီးရှိ Bab al-Hawa နယ်စပ်ဂိတ်အနီး ကုန်တင်ကားတွေကို ရုရှားက လေကြောင်းတိုက်ခိုက်ခဲ့တဲ့နောက် ရိုက်ကူးထားတာဖြစ်ပါတယ်။
ဓာတ်ပုံဟောင်း
Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ မတ်လ ၂၂ ရက်က ဓာတ်ပုံလိုင်စင်ရောင်းချရေးဝဘ်ဆိုဒ်ဖြစ်တဲ့ Alamy က ဖော်ပြထားပြီး ဆီးရီးယားသတင်းထောက်ဓာတ်ပုံဆရာ Rami Alsayed ကို ရိုက်ကူးသူအဖြစ် ရည်ညွှန်းဖော်ပြထားပါတယ်။ (Archived link)
"Idlib၊ ဆီးရီးယား၊ Bab al-Hawa နယ်စပ်ဂိတ်၊ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၂ ရက်၊ ဆီးရီးယားသူပုန်တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ တူရကီနိုင်ငံအနီးက Bab al-Hawa နယ်စပ်ဂိတ်အနီး ကုန်ကားတွေရဲ့သိုလှောင်ရုံတစ်ခုကို ရှရှားက လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် အပျက်အစီးတွေကို ပြည်သူတွေက ကြည့်ရှု့စစ်ဆေးနေပုံ" ဆိုပြီး ဓာတ်ပုံအညွန်းစာမှာ ဖော်ပြထားပါတယ်။
အောက်မှာ မှားယွင်းပြောဆိုမှုနဲ့ပို့စ်က ဓာတ်ပုံ (ဘယ်) ကို Alamy ဝဘ်ဆိုဒ်ကဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကို တွေ့နိုင်ပါတယ်။
Idlib မြို့၊ တူရကီနယ်စပ်အနီးရှိ Bab al-Hawa နယ်စပ်ဖြတ်ကျော်ရေးဂိတ်ကို ရုရှားဂျက်လေယာဥ်တွေက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြီးခဲ့တဲ့နေ့က ထုတ်ပြန်ခဲ့ပါတယ်။ (Archived link)
တနေ့တည်းမှာပဲ Al Jezeera ကလည်း ဒီဓာတ်ပုံကို Facebook မှာ ဖော်ပြခဲ့ပါတယ်။ (Archived link)
"လူမှုကွန်ရက်ရုပ်ပုံ၊ တူရကီနယ်စပ် Bab Al Hawa နယ်စပ်ဂိတ်အနီးရှိ ကုန်တင်ကားသိုလှောင်ရုံတစ်ခုတွင် ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးဆုံးရှုံးမှုပုံရိပ်" ဆိုပြီး အာရေဗီဘာသာစကားနဲ့ ဓာတ်ပုံအညွန်းစာပါရှိပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်