တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြေညာတဲ့ညကဆိုပြီး စစ်ရေးလေ့ကျင့်မှုဓာတ်ပုံဟောင်း မှားယွင်းပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 12 ဒီဇင်ဘာ 2024 အချိန် 06h33
- ဖတ်ရန် ကြာချိန် 2 မိနစ်
- Chayanit ITTHIPONGMAETEE, AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
“တောင်ကိုးရီးယား၊ ဆိုးလ်မြို့မှာ မြင်ရတဲ့ စစ်ကားများ လက်ရှိ တောင်ကိုရီးယားကို Army Chief of Staff General ဗိုလ်ချုပ်ကြီး Park An-Su က ယာယီအုပ်ချုပ်မှာ ဖြစ်ပါတယ်။ တောင်ကိုးရီးယားမှာ ဖြစ်နေတာက ပါတီ ၂ ခု မတည့်ကြရာကနေ သမ္မတကို လွှတ်တော်မှာ စွပ်စွဲဖြုတ်ချဖို့ လုပ်ရာက သမ္မတက တပ်ကို အာဏာလွှဲပေးလိုက်တာဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းတာ မဟုတ်ပါဘူး။ လက်ရှိမှာ ကိုရီးယားက Festival တွေ တခုပြီး တခု ဖျက်သိမ်းကြောင်း ကြေညာနေကြပါတယ်။ စစ်တပ်က ရွေးကောက်ပွဲပြန်လုပ်ပေးပြီး သမ္မတအသစ်ကို ရွေးချယ်ရဖွယ်ရှိနေပါတယ်။” (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်က မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။
အဝေးပြေးလမ်းမတစ်ခုပေါ် မှာ စီတန်းနေတဲ့ သံချပ်ကာစစ်ယာဥ်တွေရဲ့ ဓာတ်ပုံတစ်ပုံကို ဒီပို့စ်မှာ တွေ့ရပါတယ်။
ဒီဇင်ဘာလ ၃ ရက်နေ့မှာ ယွန်းက အရပ်သားအစိုးရစနစ်ကိုဖျက်သိမ်းဖို့ ကြိုးပမ်းခဲ့ပြီး နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်ပေါ်စေတဲ့နောက် ဒီဓာတ်ပုံကို တူညီတဲ့ပြောဆိုမှုတွေနဲ့ စပိန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ တရုတ်၊ မလေး၊ ထိုင်း အပြင် ကိုရီးယားဘာသာစကားတွေနဲ့ မျှဝေနေကြပါတယ်။
ယွန်းရဲ့ ကြေညာချက်ကို ဆန့်ကျင်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက စစ်အုပ်ချုပ်ရေးအမိန့်ကို ရုပ်သိမ်းဖို့ ဖိအားပေးမှုတွေမပြုလုပ်မီ ယွန်းဟာ လွှတ်တော်ဆီ အထူးတပ်ဖွဲ့တွေနဲ့ ရဟတ်ယာဥ်တွေ စေလွှတ်ခဲ့ပါတယ်။
ကြီးမားတဲ့လူအုပ်တွေက အေးခဲတဲ့အပူချိန်ကို အံတုပြီး ယွန်းကို ရာထူးကဖြုတ်ချဖို့တောင်းဆိုခဲ့ကြပေမဲ့ လူကြိုက်နည်းတဲ့ သမ္မတယွန်းဟာ လွှတ်တော်ကအဆိုတင်သွင်းတဲ့ စွပ်စွဲဖြုတ်ချဖို့ မဲခွဲမှုကို သီသီလေးလွတ်မြောက်ခဲ့ပါတယ်။ (Archived link)
ရာထူးကို ထိန်းသိမ်းထားနိုင်ပေမယ့် ယွန်းအပါအဝင် သူနဲ့ နီးစပ်သူတွေဟာ နိုင်ငံတော်ပုန်ကန်မှုစတဲ့ စွပ်စွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးရေးတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။
လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေတဲ့ဓာတ်ပုံဟာ ယွန်းရဲ့ စစ်အုပ်ချုပ်ရေးကြေညာချက်မတိုင်မီ လအနည်းငယ်ကတည်းက ရိုက်ကူးထားတာဖြစ်ပါတယ်။
စစ်ရေးလေ့ကျင့်မှု
Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ဒီဓာတ်ပုံကို တောင်ကိုရီးယားသတင်းဌာနတစ်ခုဖြစ်တဲ့ Seoul Shinmun က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်မှာ မျှဝေထားတာတွေ့ရပါတယ်။ (Archived link)
ဇန်နဝါရီလ ၂၅ ရက်၊ အစောပိုင်းအချိန်မှာ သံချပ်ကာယာဥ် ၁၂ စီး နဲ့ စစ်သား အယောက် ၄၀ ခန့် ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုအကြောင်း ဒီဆောင်ပါးမှာ ဖော်ပြထားပါတယ်။
ဒီလေ့ကျင့်မှုရဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် သံချပ်ကာယာဥ်တွေဟာ မြို့တော်ရှိ Dongjak တံတားကို ဖြတ်ကျော်ပြီး ဆိုးလ်မြို့လယ်ခေါင်ကို ဖြတ်သန်းမောင်းနှင်ခဲ့တယ်လို့ ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ ကာကွယ်ရေးမီဒီယာအေဂျင်စီကဦးစီးတဲ့ KFN News က ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ဖော်ပြထားတဲ့ သံချပ်ကာယာဥ်တွေရဲ့ ဗီဒီယိုလင့်ခ်ကိုလည်း ဒီဆောင်းပါးမှာ ထည့်သွင်းထားပါတယ်။ (Archived link)
ဒီသံချပ်ကာယာဥ်တွေဟာ “မြို့တော်အား မားမားမတ်မတ် ကာကွယ်မည့် ဦးတည်ချက်ကို ဖော်ဆောင်ခြင်း” စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်နေခြင်းဖြစ်တယ်လို့ ဗီဒီယိုရဲ့အညွှန်းစာမှာ ရေးသားထားပါတယ်။
အွန်လိုင်းပေါ်ပျံ့နှံ့နေတဲ့ ဓာတ်ပုံထဲက မြင်ကွင်းကို ဒီဗီဒီယိုရဲ့ ကြာချိန် ၅၉ စက္ကန့်မှာ တွေ့နိုင်ပါတယ်။
အောက်မှာ မှားယွင်းပြောဆိုမှုနဲ့ ပို့စ်ကဓာတ်ပုံ (ဘယ်) ကို YouTube ဗီဒီယိုမှာတွေ့ရတဲ့ ရုပ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကို တွေ့နိုင်ပါတယ်။
ဒီဇင်ဘာလထဲ တောင်ကိုရီးယားနိုင်ငံက စစ်အုပ်ချုပ်ရေးကြေညာချက်နဲ့သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်