ထိုင်းနိုင်ငံမှာ မြန်မာဒုက္ခသည်စခန်းမီးလောင်ခဲ့တဲ့ဓာတ်ပုံဖြစ်ပြီး AA က မီးရှို့ဖျက်ဆီးလိုက်တဲ့ ပရဟိတကျောင်းမဟုတ်
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 16 စက်တင်ဘာ 2022 အချိန် 09h52
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
ဒီဓာတ်ပုံကို ၂၀၂၂ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့က Facebook ဒီလင့်ခ်မှာ မျှဝေထားတာပါ။
ဓာတ်ပုံနဲ့အတူ “ခမောင်းဆိပ် ဗျူဟာကုန်းလာပစ်တဲ့ AA တွေ အသေများလာတော့ ပရဟိတကျောင်းဝန်းထဲက အဆောင်တွေကို မီးရှို့ AA ရဲ့မရိုးလှသော ဗျူဟာအကွက် များ” (မူရင်းအတိုင်း) ဆိုတဲ့ စာသားဖော်ပြထားပါတယ်။
AA လို့ခေါ်တဲ့ Arakan Army ဟာ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှာ စစ်တပ်နဲ့ အပစ်အခပ်ရပ်စဲရေး သဘောတူညီမှု ရယူထားပေမယ့် ဒီနှစ်အစောပိုင်းကစပြီး နှစ်ဘက်တိုက်ခိုက်မှုတွေ ရခိုင်ပြညနယ်မှာ ပြန်လည်ဖြစ်ပေါ်ခဲ့တယ်လို့ AFP က ဒီဆောင်းပါးမှာ ရေးသားထားပါတယ်။
၂၀၂၂ ခုနှစ်၊ သြဂုတ်လက ရခိုင်ပြည်နယ် အနောက်မြောက်မှာရှိတဲ့ ခမောင်ဆိပ်မြို့ မှာ AA နဲ့ စစ်တပ်ကြားတိုက်ပွဲတွေရှိခဲ့တယ်လို့ Myanmar Now မှာ ဖော်ပြထားပါတယ်။
တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံကို Facebook ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ အကြိမ်ရေ ဒါဇင်နဲ့ချီပြည်လည်မျှဝေထားပါတယ်။
ဒါပေမဲ့ ဒီအဆိုဟာ မှားပါတယ်။
ဒုက္ခသည်စခန်းမီးလောင်မှု
အဓိကကျတဲ့ အသုံးအနှုန်းရှာဖွေမှုနဲ့ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်လိုက်တဲ့ အခါမှာ ဒီဓာတ်ပုံကို ၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်က ထိုင်းနိုင်ငံ မဲ့ဟောင်ဆောင်ခရိုင် မဲ့စရင်းဒုက္ခသည်စခန်း မီးလောင်မှုအကြောင်း မဇ္စျိမသတင်းမှာ ဖော်ပြထားတာတွေ့ရပါတယ်။
အထင်အမြင်လွဲစေတဲ့ ပို့စ်ကဓာတ်ပုံ(ဘယ်) နဲ့ မဇ္စျိမသတင်းကဓာတ်ပုံ(ညာ) ကို နှိုင်းယှဥ်ပြထားတဲ့ Screenshot ကိုအောက်မှာတွေ့နိုင်ပါတယ်။
ဓာတ်ပုံနဲ့အတူ စာသားကိုလည်း “၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ရက်၊ သောကြာနေ့ မဲ့စရင်းဒုက္ခသည်စခန်းမှာ မီးလောင်မှု ဖြစ်ပွား။ ဓာတ်ပုံ၊ Karenni Further Studies Program Facebook မှ” ဆိုပြီးဖော်ပြထားပါတယ်။
ဒီဒုက္ခသည်စခန်းမှာ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်က စစ်ပြေးဒုက္ခသည် ၂,၃၀၀ ကျော်ခန့် နေထိုင်နေတယ်လို့ အကျိုးအမြတ်မယူဘဲ ဒုက္ခသည်များကိုပံ့ပိုးမှုတွေပြုလုပ်ပေးတဲ့ The Border Consortium အဖွဲ့က ဆိုပါတယ်။
ဒုက္ခသည်စခန်းမီးလောင်မှုကြောင့် လူ ၃၀ ကျော်သေဆုံးခဲ့ပြီး ထောင်နဲ့ချီ အိမ်ခြေမဲ့ဖြစ်ခဲ့ကြပါတယ်။ ဒီအကြောင်းကို AFPက ဒီသတင်းမှာ ဖော်ပြထားပါတယ်။
ဒီဓာတ်ပုံကို ၂၀၁၃ ခုနှစ်၊ မတ်လ ၂၈ ရက်က Chiangrai Times က မဲ့စရင်းဒုက္ခသည်စခန်း မီးလောင်မှုအကြောင်းရေးသားထားတဲ့ ဒီသတင်းမှာလည်း ဖော်ပြထားတာ တွေ့ရပါတယ်။
ဒုက္ခသည်စခန်းမီးလောင်မှုကိုပြတဲ့ ဗီဒီယိုကို The Border Consortium ရဲ့ YouTube ပေါ်မှာ တင်ထားပြီး ဒီဗီဒီယိုထဲက ပုံရိပ်တွေက အထင်အမြင်လွဲစေတဲ့ပို့စ်က ဓာတ်ပုံနဲ့ ဆင်တူနေတာ တွေ့ရပါတယ်။
ယခင်ကတည်းက ဒီဓာတ်ပုံကိုနားလည်မှုလွဲစေတဲ့အဆိုနဲ့ဖော်ပြထားတာကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ်မှုတွေကိုလည်း ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ဖော်ပြထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်