၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာဒုက္ခသည်စခန်း မီးလောင်တုန်းက ပုံသာဖြစ်

မူပိုင် AFP ၂၀၁၇-၂၀၂၃ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

၂၀၂၁ ခုနှစ်၊ ဇွန်လအထိ အာဏာသိမ်းစစ်တပ်နဲ့ အာဏာသိမ်းဆန့်ကျင် တော်လှန်သူတွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ မင်းတပ်မြို့ကဆိုပြီး မီးလောင်မှုကိုပြတဲ့ ဆင်တူ ဓာတ်ပုံနှစ်ပုံကို Facebook ပို့စ်အများအပြားမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ အထင်အမြင်လွဲမှားစေတဲ့ အဆိုဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ ၂၀၁၃ ခုနှစ် မတ်လက ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံက မြန်မာဒုက္ခသည်စခန်း မီးလောင်တုန်းက ပုံသာဖြစ်ပါတယ်။

ဒီဓာတ်ပုံတွေကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၇ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ မျှဝေထားတာပြီး ပြန်လှည်ဝေမျှမှု အကြိမ်ပေါင်း ၅၉ ကြိမ်ရှိနေပါတယ်။

ဒီဓာတ်ပုံနဲ့အတူ စာသားကိုလည်း အခုလိုပဲ တွေ့ရပါတယ်။ 

“မင်းတပ် လုံးဝ လုံးဝ အခြေအနေမကောင်းဘူး။ 
လူမျိုးတုန်း သက်ဖျက်မှုတွေအတွက် Speak out များများလုပ်ပေးကြပါရှင့် 
မလုပ်နိုင်တဲ့လူတွေ Up ပေးကြပါ” (မူရင်းသတ်ပုံအတိုင်း)
 

၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့က ကူးယူးထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ် Screenshot

 

မင်းတပ်ဟာ မြန်မာနိုင်ငံ အနောက်ပိုင်း ချင်းပြည်နယ်က မြို့လေးတစ်မြို့ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မင်းတပ်မြို့နေ ပြည်သူတွေက ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းခဲ့တဲ့အတွက် စစ်တပ်က မင်းတပ်မြို့ကို စစ်တပ်အုပ်ချုပ်မှုကြေညာခဲ့ပြီး လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်နောက်ပိုင်းမှာ မင်းတပ်မြို့ဟာ စစ်တပ်နဲ့ အာဏာသိမ်းဆန့်ကျင်တပ်ဖွဲ့ကြားတိုက်ပွဲတွေ မကြာခဏဖြစ်လေ့ရှိတဲ့ မြို့တစ်မြို့ ဖြစ်လာခဲ့ပါတယ်။ ဒီအကြောင်းကို AFP က ဒီသတင်းမှာ ဖော်ပြထားပါတယ်။

ဒီပို့စ်အောက်က မှတ်ချက်တွေကိုကြည့်ရင် ဒီပို့စ်ကြောင့် အထင်အမြင်လွဲမှားမှုတွေ ရှိနေတာ တွေ့ရပါတယ်။

Facebook အသုံးပြုသူတစ်ဦးက “စိတ်မကောင်းလိုက်တာ” ဆိုပြီးမှတ်ချက်ပေးထားပြီး နောက်တစ်ဦးကလည်း “အားလုံးပဲ အမြန်ဆုံး ဘေးကင်းကြပါစေ” ဆိုပြီးရေးသားထားတာ တွေ့ရပါတယ်။

တူညီတဲ့ အဆိုနဲ့ ဒီဓာတ်ပုံတွေကို Facebook ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာ မျှဝေထားတာကို တွေ့ရပါတယ်။

ဒါပေမဲ့ ဒီပို့စ်တွေက အထင်အမြင်လွဲစေတဲ့ပို့စ်တွေဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ ၂၀၁၃ ခုနှစ်၊ မတ်လက ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာဒုက္ခသည်စခန်းဖြစ်တဲ့ မဲ့စရင်း ဒုက္ခသည်စခန်း မီးလောင်တုန်းက ပုံသာဖြစ်ပါတယ်။

အဓိကကျတဲ့ အသုံးအနှုန်းရှာဖွေမှုနဲ့ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်လိုက်တဲ့ အခါမှာ ဒီဓာတ်ပုံကို ၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်က ထိုင်းနိုင်ငံ မဲ့ဟောင်ဆောင်ခရိုင် မဲ့စရင်းဒုက္ခသည်စခန်း မီးလောင်မှုအကြောင်း မဇ္စျိမသတင်းမှာ ဖော်ပြထားတာတွေ့ရပါတယ်။

ဓာတ်ပုံနဲ့အတူ စာသားကိုလည်း “၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ရက်၊ သောကြာနေ့ မဲ့စရင်းဒုက္ခသည်စခန်းမှာ မီးလောင်မှု ဖြစ်ပွား။ ဓာတ်ပုံ၊ Karenni Further Studies Program Facebook မှ” ဆိုပြီးဖော်ပြထားပါတယ်။

အထင်အမြင်လွဲစေတဲ့ ပို့စ်ကဓာတ်ပုံ(ဘယ်) နဲ့ မဇ္စျိမသတင်းကဓာတ်ပုံ(ညာ) ကို နှိုင်းယှဥ်ပြထားတဲ့ Screenshot ကိုအောက်မှာတွေ့နိုင်ပါတယ်။

အထင်အမြင်လွဲစေတဲ့ ပို့စ်ကဓာတ်ပုံ(ဘယ်) နဲ့ မဇ္စျိမသတင်းကဓာတ်ပုံ(ညာ) ကို နှိုင်းယှဥ်ပြထားတဲ့ Screenshot

 

ဒုက္ခသည်စခန်းမီးလောင်မှုကြောင့် လူ ၃၀ ကျော်သေဆုံးခဲ့ပြီး ထောင်နဲ့ချီ အိမ်ခြေမဲ့ဖြစ်ခဲ့ကြပါတယ်။ ဒီအကြောင်းကို AFPက ဒီသတင်းမှာ ဖော်ပြထားပါတယ်။

ဒီဓာတ်ပုံကို ၂၀၁၃ ခုနှစ်၊ မတ်လ ၂၈ ရက်က Chiangrai Times က မဲ့စရင်းဒုက္ခသည်စခန်း မီးလောင်မှုအကြောင်းရေးသားထားတဲ့ ဒီသတင်းမှာလည်း ဖော်ပြထားတာ တွေ့ရပါတယ်။

“သောကြာနေ့က ခွန်ယန်းမြို့နယ် မဲ့ဟောင်ဆောင်ခရိုင်ရှိ မဲ့စရင်းဒုက္ခသည်စခန်း မီးလောင်ကျွမ်းမှုဟာ မတော်တဆမှုဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံ လှုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် ပရာဒွန်းပတ္ထနားဘွတ် ပြောကြား” ဆိုပြီး ရေးသားထားပါတယ်။

အကျိုးအမြတ်မယူဘဲ ဒုက္ခသည်များကိုပံ့ပိုးမှုတွေပြုလုပ်ပေးတဲ့ The Border Consortium ဆိုတဲ့ အဖွဲ့ကလည်း ဒုက္ခသည်စခန်းမီးလောင်မှုကိုပြတဲ့ ဗီဒီယိုကို YouTube ပေါ်မှာ တင်ထားပြီး ဒီဗီဒီယိုထဲက ပုံရိပ်တွေက အထင်အမြင်လွဲစေတဲ့ပို့စ်က ဓာတ်ပုံနဲ့ ဆင်တူနေတာ တွေ့ရပါတယ်။

 

Myanmar military coup