၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာဒုက္ခသည်စခန်း မီးလောင်တုန်းက ဗီဒီယိုသာဖြစ်

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 21 ဇွန် 2021 အချိန် 09h56
  • အပ်ဒိတ်ရက်စွဲ 21 ဇွန် 2021 အချိန် 10h28
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
မကွေးတိုင်း ပေါက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကင်းမရွာ မီးလောင်တာကို ပြတဲ့ ဗီဒီယိုဆိုပြီး ဗီဒီယိုတစ်ခုကို Facebook အပြင်Twitter နဲ့ YouTube ပေါ်မှာ လူအများအပြား ပြန်လှည်မျှဝေနေတာကို တွေ့ရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့မှာ ကင်းမရွာကို စစ်တပ်က ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးနောက်မှာ ဒီဗီဒီယိုကို အခုလိုပဲ အွန်လိုင်းပေါ်မှာ မျှဝေနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုဟာ ကင်းမရွာမီးလောင်တာပြတဲ့ ဗီဒီယို မဟုတ်ပါဘူး။ ၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ ဒုက္ခသည်စခန်း မီးလောင်တုန်းက ဗီဒီယိုအဟောင်းသာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှာ ဒီဗီဒီယိုကို Facebook ဒီလင့်ခ်က မျှဝေထားပြီး ကြည့်ရှုမှု အကြိမ်ပေါင်း ၃၀၀၀ ကျော်ရှိနေပါတယ်။

ဒီဗီဒီယိုနဲ့အတူ စာသားကိုလည်း အောက်မှာ အခုလိုပဲတွေ့ရပါတယ်။

“ပေါက်မြို့နယ် ကင်းမရွာ မီးလောင်နေတဲ့ (Video) ဒီရက်ပိုင်း အကြမ်းဖက်တပ်တွေရဲ့ အင်အားသုံး အနိုင်ကျင့်ဖျက်ဆီးမှုတွေဟာ ပိုပြီး များပြားလာတာ သတိထားမိတယ်။အရင်က ဆန္ဒပြမြို့ကြီးတွေလောက် ဖမ်းဆီးနှိမ်နင်းသတ်ဖြတ်တာတွေများတယ်။ အခုနောက်ပိုင်း နယ်မြို့တွေ၊အထူးသဖြင့် စီးပွားရေးတောင့်တင်းတဲ့ ရွာကြီးတွေ၊ပြန်တော်လှန်ကြတဲ့ ရွာတွေက ပြည်သူများကို ဒလန်အားကိုးနဲ့ ဝင်အဖမ်းပြပြီး ရွာထဲက အိမ်တွေပေါ်တက်ပြီး သိမ်းထားတဲ့ငွေတွေ၊အဖိုးတန်ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ လုယူဖျက်ဆီးကြပါတော့တယ်။တခါရထားပြီးတော့ အရသာတွေ့လာကြပြီး စိတ်ထင်တိုင်း ပြဿနာရှာပြီး ဝင်မွှေပါတော့တယ်။အခုဆို ရွာလုံးကျွတ် မီးနဲ့ရှို့တာတွေပါ ဖြစ်လာပြီ ...... လက်နက်အားကိုးနဲ့ထင်ရာစိုင်း လူသတ်၊လုယက်၊ဖမ်းဆီးကြသူတွေကို လက်နက်မရှိတဲ့ ရွာသူရွာသားတွေ ကြာရှည်ခေါင့်ငုံ့မခံနိုင်ကြတော့ပါဘူး။အကြမ်းဖက်တွေ ဝင်လာတိုင်း ရွာကို ပစ်ပြေးရတဲ့ဒုက္ခ၊တောထဲမှာ မိသားစုဖြစ်သလို တဲထိုးနေရတဲ့ဒုက္ခတွေ ခံစားကြရတော့ ဒီအကြမ်းဖက်တွေကို အသံတောင်မကြားချင်‌ကြတော့ပါဘူး။ ကိုယ့်လူမျိုးကို ကာကွယ်ပေးမယ့်အစား ဒုက္ခပြန်ပေးတဲ့ဖက်ဆစ်တပ်ကို ဒီနိုင်ငံမှာပျောက်ကွယ်သွားအောင် တိုက်ထုတ်ချင်လာကြပြီ။လူ့ပါတ်ဝန်းကျင်နဲ့သဟဇာတဖြစ်အောင်မနေနိုင်ဘဲ သင်းကွဲဗိုလ်ကျနေရင်တော့ လူ့လောကမှ ထွက်ခွာသွားကြရမှာပါဘဲ။ အခုလူ့ပါတ်ဝန်းကျင်ကို ကောင်းကျိုးမပေးတဲ့လူစိတ်ပျောက်ကောင်တွေကို တိုက်ထုတ်ဖို့ အချိန်ကောင်းဖြစ်နေပါပြီ။ပြည်သူအားလုံးရွံ့မုန်းတဲ့‌သူတွေကို ညီညွတ်စွာတိုက်ထုတ်ကြပါစို့” (မူလသတ်ပုံအတိုင်း)

Image
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်က ရယူထားတဲ့ နားလည်မှု လွဲစေတဲ့ပို့စ် Screenshot

ဇွန်လအလယ်ပိုင်းမှာ မြန်မာနိုင်ငံ ပေါက်မြို့နယ်က ကင်းမရွာတစ်ရွာလုံးနီးပါး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။

ဒီမီးလောင်ကျွမ်းမှုဖြစ်စဥ်ဟာ စစ်တပ်လုပ်ရပ်ဖြစ်တယ်လို့ ရွာသားတွေက AFP ကိုပြောပြီး စစ်တပ်ဘက်က “အကြမ်းဖက်အဖွဲ့” နဲ့ လေပြင်းတိုက်မှုတွေကြောင့် ဆိုပြီးပြောပါတယ်။ AFP က ဒီအကြောင်းအရာကို ဒီသတင်းမှာ ဖော်ပြထားပါတယ်။

စစ်တပ်က ဒီဖြစ်စဥ်ကို မြန်မာ့အလင်းသတင်းမှာ ဖော်ပြခဲ့တဲ့ သတင်းစာရှင်းလင်းချက်မှာ ငြင်းဆိုထားပြီး ဒီမီးလောင်ကျွမ်းမှုဟာ PDF အဖွဲ့ဝင်တွေရဲ့ လုပ်ရပ်ဖြစ်တယ်လို ပြောဆိုထားပါတယ်။

တူညီတဲ့ ပြောဆိုမှုတွေနဲ့ ဒီဗီဒီယိုကို Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ မျှဝေထားပြီး Twitter မှာ ဒီလင့်ခ်နဲ့ YouTube ဒီလင့်ခ် တွေမှာလည်း ပြန်လှည်မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။

အဓိကကျတဲ့ စကားလုံးတွေနဲ့ Google မှာအချက်အလက်ရှာဖွေကြည့်တဲ့ အခါမှာ မူရင်းဗီဒီယိုကို ၂၀၁၃ ခုနှစ်၊ မတ်လ ၂၈ ရက်မှာ ဒုက္ခသည်တွေကို ကူညီပံ့ပိုးမှုတွေပြုလုပ်ပေးတဲ့ The Border Consortium အဖွဲ့က သူတို့ရဲ့ YouTube ဒီလင့်ခ်မှာ မျှဝေထားတာကို တွေ့ရပါတယ်။

ဒီဗီဒီယိုက ထိုင်းနိုင်ငံ မဲ့ဟောင်ဆောင်ခရိုင်မှာရှိတဲ့ မဲ့စရင်းဒုက္ခသည်စခန်း မီးလောင်နေတာကို ပြတဲ့ ဗီဒီယိုဖြစ်ပါတယ်။

ဒီဗီဒီယိုနဲ့အတူ စာသားကိုလည်း အခုလိုပဲ တွေ့ရပါတယ်။

“၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ ညနေ ၃ နာရီ၊ ၁၅ မိနစ်မှာ ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင်ခရိုင်၊ ခွန်းယန်မြို့နယ်ရှိ မဲ့စရင်း (အမှတ်၂) စခန်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဒုက္ခသည် ၃၇ ဦးသေဆုံးခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၄၀၀ ကျော်ပျက်ဆီးခဲ့ပြီး ဒုက္ခသည် ၂၃၀၀ ခန့် အိမ်ခြေမဲ့ဖြစ်စေခဲ့ပါတယ်။”

မဲ့စရင်း ဒုက္ခသည်စခန်း မီးလောင်ကျွမ်းမှုကြောင့် လူ ၃၀ ကျော်သေဆုံးခဲ့ပြီး ထောင်နဲ့ချီ အိမ်ခြေမဲ့ ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းကို Chiang Rai Times က ဒီသတင်းမှာ ဖော်ပြထားပြီး AFP ကလည်း ဒီသတင်းမှာ ဖော်ပြခဲ့ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး ရဲ့အဆိုအရ မဲ့စရင်း ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေ အများစုဟာ မြန်မာနိုင်ငံက လာကြတဲ့ ကရင်နဲ့ ကရင်နီ လူမျိုးတွေ ဖြစ်ကြပါတယ်။

အထင်အမြင်လွဲစေတဲ့ပို့စ် (ဘယ်) နဲ့ မူလ ဗီဒီယို (ညာ) ကိုနှိုင်းယှဥ်ပြထားတဲ့ Screenshot တွေကို အောက်မှာ တွေ့နိုင်ပါတယ်။

Image
အထင်အမြင်လွဲစေတဲ့ပို့စ် (ဘယ်) နဲ့ မူလ ဗီဒီယို (ညာ) ကိုနှိုင်းယှဥ်ပြထားတဲ့ Screenshot

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ