၂၀၁၆ ခုနှစ်က နေပြည်တော်မှာ ပျက်ကျခဲ့တဲ့ တပ်မတော်လေယာဉ်ကို ရိုက်ကူးခဲ့တဲ့ ဗီဒီယိုသာ ဖြစ်

မူပိုင် AFP ၂၀၁၇-၂၀၂၁ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်က လူ ၁၂ ဦး သေဆုံးမှုဖြစ်စေခဲ့တဲ့ တပ်မတော်လေယာဉ် ပျက်ကျခဲ့တဲ့နေရာမှာ တွေ့ရတဲ့ ကူညီကယ်ဆယ်ရေးလုပ်သားတွေလို့ ဆိုထားတဲ့ ဗီဒီယိုတစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေထောင်နဲ့ချီ ကြည့်ရှုခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ တကယ်တော့ ဒီဗီဒီယိုဟာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က နေပြည်တော်လေဆိပ်အနီးက စိုက်ခင်းတစ်ခုထဲ ပျက်ကျခဲ့တဲ့ တပ်မတော်ခရီးသည်တင်လေယာဉ်ကို ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်တုန်းက တပ်မတော်သား ငါးဦး သေဆုံးခဲ့ပါတယ်။

ဒီဗီဒီယိုကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ခဲ့တာဖြစ်ပြီး ကြည့်ရှုတဲ့အကြိမ်ရေ ငါးသိန်းကျော် ရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဇွန်လ ၁၁ ရက်က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပိုစ့်ရဲ့ Screenshot

ဗီဒီယိုနဲ့အတူ အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့ပါတယ်။

“၁၂ဉီးသေဆုံးပြီး ၂ဉီးဒဏ်ရာရခဲ့တဲ့ ပြင်ဦးလွင်အနီးလေယဥ်ပျက်ကျတဲ့အခြေအနေ”(မူရင်းသတ်ပုံ)

ဒီဗီဒီယိုက သုံးနာရီစာလောက် ရှည်ပြီး ရုပ်အလောင်းတွေကို သယ်ဆောင်လာတဲ့ ကူညီကယ်ဆယ်ရေးလုပ်သားတွေ၊ ကြက်ခြေနီဝန်ထမ်းတစ်ဦးက သတင်းထောက်တွေကို စကားပြောနေတာတွေ ပါဝင်တဲ့ ဗီဒီယိုဖြတ်ပိုင်းအတိုတစ်ခုကို ထပ်ခါတစ်လဲလဲ ပြသထားပါတယ်။

၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်က ပြင်ဦးလွင်မြို့နယ်မှာ လူ ၁၂ ဦးသေဆုံးစေခဲ့တဲ့ တပ်မတော်လေယာဉ်တစ်စီးပျက်ကျခဲ့တဲ့နောက် အွန်လိုင်းပေါ် ဒီဗီဒီယို ပျံ့နှံ့လာခဲ့တာပါ။ ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ ထေရ်ကြီးဝါကြီး ဆရာတော်တစ်ပါးနဲ့ အလှူရှင်တွေကို တင်ဆောင်လာခဲ့တာ ဖြစ်တယ်လို့ ဒီ AFP သတင်းမှာ ဖော်ပြခဲ့ပါတယ်။

ဗီဒီယိုနဲ့တူညီတဲ့ပြောဆိုမှုတွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာ မျှဝေခဲ့ပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။

အဓိကကျတဲ့သော့ချက်စကားလုံး (Keywords) တွေကို အသုံးပြုပြီး ရှာဖွေစိစစ်ကြည့်တဲ့အခါ ဒီဗီဒီယိုကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်က မဇ္ဈိမသတင်းဌာန Facebook စာမျက်နှာရဲ့ ဒီလင့်ခ်မှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။

သတင်းဗီဒီယိုနဲ့အတူ အောက်ပါအတိုင်း ရေးသားဖော်ပြပါတယ်။

“ဖေဖော်ဝါရီ ၁၀ရက် နံနက် ၉နာရီ ၄၁ မိနစ်က နေပြည်တော် လယ်ဝေးမြို့နယ် ရွှေပြည်သာ ကျေးရွာ အုပ်စု၊ ကြံခင်းကျေးရွာအနီးရှိ ပဲစိုက်ခင်းတွင် တပ်မတော်လေယာဉ်ပျက်ကျကာ သေဆုံးသွားသည့် ဗိုလ်မှူး(၁)ဦး ၊ ဗိုလ်ကြီး(၂)ဦး၊ ဒုတပ်ကြပ်(၁) ဦးတို့၏ ရုပ်အလောင်းများအား သယ်ဆောင်သွားစဉ်။ (ရိုက်ကူး- နေသာ၊မဇ္ဈိမ)” (မူရင်းသတ်ပုံ)

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်က ပျက်ကျခဲ့တဲ့ တပ်မတော်လေယာဉ်ဟာ နေပြည်တော်ကနေ ထွက်ခွာပြီး မကြာခင်မှာ ပျက်ကျခဲ့တာ ဖြစ်ပြီး လိုက်ပါလာတဲ့ တပ်မတော်သားငါးဦး သေဆုံးခဲ့တယ်လို့ ဒီ AFP သတင်းမှာ ဖော်ပြခဲ့ပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ဗီဒီယို (ဘယ်) နဲ့ မဇ္ဈိမသတင်းဌာနရဲ့ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot တွေ ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ဗီဒီယို (ဘယ်) နဲ့ မဇ္ဈိမသတင်းဌာနရဲ့ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot တွေ