In this photograph taken on March 14, 2016, farmers ride ox carts on the farmlands along the Yangon to Naypyidaw highway in Swar township. (Photo by ROMEO GACAD / AFP) (AFP / Romeo Gacad)

နွားတစ်ကောင်ထက်ပိုမွေးရင် နိုင်ငံပိုင်သိမ်းမယ်ဆိုတဲ့ အချက်အလက်မှားဓာတ်ပုံ

မူပိုင် AFP ၂၀၁၇-၂၀၂၃ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

တစ်အိမ်ကို နွားနှစ်ကောင်ထက်ပိုမွေးထားရင် နိုင်ငံပိုင်သိမ်းမယ်လို့ဆိုတဲ့အဆိုနဲ့အတူ MRTV လိုဂိုပါတဲ့ပုံရိပ်တစ်ခုကို ၂၀၂၁ ခုနှစ်၊ မေလတုန်းက ဘလော့ဂ်တွေနဲ့ Facebook သုံးစွဲသူတွေကြားမှာ အများအပြား ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေပါတယ်။ မူလရုပ်သံအစီအစဉ်တစ်ခုကို ၂၀၁၈ ခုနှစ်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ဓာတ်ပုံတစ်ခုနဲ့ပေါင်းစပ် ဖန်တီးထားတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့အထိလည်း မြန်မာနိုင်ငံမှာ အဲဒီလိုဥပဒေမျိုး ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

အဲဒီဓာတ်ပုံကို ဒီဘလော့ဂ်မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က တင်ထားတာ တွေ့ရပါတယ်။

(၂၀၂၁ ခုနှစ်၊ ဇွန်လ ၄ ရက်က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ဘလော့ဂ်ပို့စ်ရဲ့ screenshot)

Screenshot ပုံထဲက အောက်ဘက်မှာပါတဲ့ စာတန်းကတော့ အခုလိုဖြစ်ပါတယ်။ “MWD - ပုဒ်မ ၉၆၉ (ခ) အရ အိမ်တစ်အိမ်လျှင် နွား ၂ ကောင်ထက်ပို၍တွေ့ရှိပါက နိုင်ငံပိုင်အ” (မူရင်းအတိုင်း)

 ဘလော့ဂ်မှာတင်ထားတဲ့ခေါင်းစဉ်ကတော့ အခုလိုပါ။ “အိမ်တစ်အိမ်တွင် နွားနှစ်ကောင်ထပ် ပို၍မွေးမြူထားပါက နိုင်ငံပိုင်အဖြစ်သိမ်းမည်ဟု MWD မှ ကြေငြာ” (မူရင်းသတ်ပုံအတိုင်း)

ဘလော့ဂ်မှာတင်ထားတဲ့စာသားအချို့ကတော့ အခုလိုဖြစ်ပါတယ်။ “မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ပြင်စည်ကျေး ရွာအုပ်စု သို့ ဝင်ရောက်စစ်ဆေးရာ ရွာသူဌေး ကျော်မျိုးရွှေ (ခ) ဖိုးရွှေ အား နွားအကောင် ၃၀ ကျော်မွေးမြူထားမှူကြောင့် ပုဒ်မ ၅၉ဃ၊ ၉၆၉(ခ) တို့ ဖြင့် တပ်ဆင်တရားစွဲဆိုထားပြီး ထိုကျေးရွာရှိအိမ်များမှလည်း နွားနှစ်ကောင်ထက်ပိုမွေးထားသောနွားများအား ပျူစောထီးအဖွဲ့များမှသိမ်းယူခဲ့ကြောင်း သိရှိ ရပါသည်။” (မူရင်းသတ်ပုံအတိုင်း)

တပ်မတော်ရဲ့ ဖေဖော်ဝါရီလ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ လက်နက်စွဲကိုင်တိုက်ခိုက်သူတွေကို တပ်မတော်ဘက်က ဆက်လက်နှိမ်နင်းမှုတွေ ပြုလုပ်နေချိန်မှာ အခုလိုပြောဆိုမှု ပေါ်ပေါက်လာတာဖြစ်ပါတယ်။

MWD ဟာ တပ်မတော်ပိုင်ရုပ်သံလိုင်းတစ်ခုဖြစ်ပြီး တပ်မတော်အာဏာရယူပြီးကတည်းက MRTV ရုပ်သံကိုလည်း တပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

တူညီတဲ့ပြောဆိုမှုတွေနဲ့အတူ အလားတူပုံရိပ်တွေကို Facebook ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်အပြင် ဘလော့ဂ်တွေရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည်မျှဝေထားကြပါသေးတယ်။

ဒါပေမယ့် ဒီပြောဆိုမှုတွေဟာ မှားယွင်းနေတာပါ။

နောက်ခံပုံရိပ်

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ သတင်း screenshot ပါ နောက်ကျောဘက်ကပုံကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်တုန်းက DVB ရဲ့ ဒီလင့်ခ်မှာ သတင်းတစ်ပုဒ်နဲ့အတူ တွဲတင်ထားတာ တွေ့ရပါတယ်။

သတင်းကတော့ ၂၀၁၈ ခုနှစ်မှာ နွားဈေးတွေ မြင့်တက်လာတဲ့အကြောင်း ရေးသားထားတာပါ။

(DVB သတင်းကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့က ရယူထားတဲ့ screenshot)

သတင်းခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “ပြည်ပကို နွားတင်ပို့မှုကြောင့် နွားရှားပါးလား၊ ဈေးနှုန်း မြင့်တက်”

သတင်းဗီဒီယို

အဓိကကျတဲ့စကားလုံးအသုံးပြုပြီး ထပ်မံရှာဖွေကြည့်တဲ့အခါ ကြားဖြတ်သတင်းကြေညာနေတဲ့ အစီအစဉ်တင်ဆက်သူရဲ့အလားတူပုံရိပ်ပါ MWD သတင်းဗီဒီယိုကို တပ်မတော်အာဏာရယူတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တုန်းက ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တင်ထားတာ တွေ့ရပါတယ်။

မြန်မာ့ရွေးကောက်ပွဲကော်မရှင် (UEC) အနေနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းနဲ့ပတ်သက်လို့ ကောင်းမွန်စွာဖြေရှင်းပေးခြင်းမရှိတဲ့အတွက် တပ်မတော်က အာဏာရယူလိုက်ရတာဖြစ်ကြောင်း သတင်းကြေညာချက်မှာပါရှိပါတယ်။

တူညီတဲ့သတင်းဗီဒီယိုကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တုန်းက MRTV နဲ့ MWD တီဗီချန်နယ်တို့မှာ ထုတ်လွှင့်သွားတဲ့အကြောင်း Ruptly နဲ့ South China Morning Post သတင်းဌာနတွေမှာတင်ထားတဲ့ဗီဒီယိုတွေအရလည်း သိရပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ ဘလော့ဂ်ပို့စ်ပါ screenshot (ဘယ်) နဲ့ MWD နဲ့ DVB သတင်း screenshot (ညာ) တို့ကို နှိုင်းယှဉ်ပြထားတာဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ ဘလော့ဂ်ပို့စ်ပါ screenshot (ဘယ်) နဲ့ MWD နဲ့ DVB သတင်း screenshot (ညာ)

MWD  နဲ့ MRTV ဝဘ်ဆိုဒ်တွေအပြင် Google မှာပါ အဓိကကျတဲ့စကားလုံးတွေသုံးပြီး ရှာဖွေခဲ့ပေမယ့် မြန်မာနိုင်ငံမှာ နွားနှစ်ကောင်ထပ်ပိုမွေးရင် ပြည်သူပိုင်သိမ်းမယ်ဆိုပြီး ထုတ်ပြန်ထားတဲ့ဥပဒေသစ်နဲ့ပတ်သက်တဲ့သတင်းတစ်စုံတစ်ရာ မတွေ့ရှိရပါဘူး။

Myanmar military coup