အီတလီနိုင်ငံမှာ ကျောက်ခဲမိုးရွာသွန်းတဲ့ဗီဒီယို မဟုတ်ပါ
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၅ ရက်က အီတလီနိုင်ငံမှာ ကျောက်ခဲမိုးရွာသွန်းခဲ့တယ်လို့ ပြောဆိုထားတဲ့ ဗီဒီယိုတစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေထောင်နဲ့ချီ ကြည့်ရှုခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအဆိုက မှားပါတယ်။ တကယ်တမ်းတော့ အဲဒီဗီဒီယိုဟာ ၂၀၁၉ ခုနှစ်က ရိုမေးနီးယားနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးသီးမုန်တိုင်းကို ရိုက်ကူးခဲ့တဲ့ဗီဒီယိုတစ်ခုပါ။
၁၅ စက္ကန့်အချိန်ကြာမြင့်တဲ့ဗီဒီယိုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၅ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ခဲ့တာဖြစ်ပြီး အကြိမ်ရေ ၁,၀၀၀ ကျော် ကြည့်ရှုခဲ့ကြပါတယ်။ဗီဒီယိုထဲမှာ ရပ်နားထားတဲ့ကားတွေပေါ်ကို မိုးသီးတွေ တရစပ်ကြွေကျလာတဲ့မြင်ကွင်းကို ဗီဒီယိုထဲမှာ တွေ့ခဲ့ကြတာပါ။
ဗီဒီယိုရဲ့ရည်ညွှန်းစာမှာတော့ “Sept 5 မြင်ဘူးကြလားဗျာ အီတလီနိုင်ငံမှာရွာတဲ့ ကျောက်ခဲမိုးတဲ့”(မူရင်းအတိုင်း) ဆိုပြီး ရေးထားပါတယ်။
နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot ကို အောက်မှာ ဖော်ပြထားပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့အတူ ဗီဒီယိုကို Facebook ရဲ့ ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ တင်ထားပါတယ်။
ဒါပေမဲ့ ဒီပြောဆိုမှုဟာ မှားယွင်းပါတယ်။
တကယ်တော့ ဒီဗီဒီယိုဟာ ၂၀၁၉ ခုနှစ်၊ မေလကတည်းက ရိုမေးနီးယားနိုင်ငံ၊ Salaj ဒေသ၊ Zalau မြို့မှာဖြစ်ပေါ်ခဲ့တဲ့ မိုးသီးမုန်တိုင်းအကြောင်းသတင်းတွေမှာ ပျံ့နှံ့ခဲ့တာပါ။
ဗီဒီယိုမှာပါဝင်တဲ့မြင်ကွင်းတွေကို အသုံးပြုပြီး Google ပေါ်မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ရိုမေးနီးယားရုပ်သံအစီအစဉ်တစ်ခုဖြစ်တဲ့ Stirile ProTv ကနေ ၂၀၁၉ ခုနှစ်၊ မေလ ၂၈ ရက်က ဖော်ပြခဲ့တဲ့ ဒီသတင်းကို တွေ့ရပါတယ်။
ရိုမေးနီးယားဘာသာစကားနဲ့ရေးသားထားတဲ့ သတင်းခေါင်းစဉ်ကတော့ “Salaj ဒေသတွင် အနီရောင်အဆင့် လေပွေတိုက်ခတ်ပြီးနောက် မိုးသီးကြွေခြင်း ဖြစ်ပေါ်၊ လူများထိခိုက်၍ လေကာမှန်များ ကွဲအက်” ဆိုပြီး ဖြစ်ပါတယ်။
“Zalau မြို့တွင် ငုံးဥအရွယ်မိုးသီးများကြွေကျခဲ့သည့်အတွက် လူအများအပြားဒဏ်ရာရပြီး ကားများလည်း ထိခိုက်ပျက်စီးခဲ့သည်။ ကားမှန်များကွဲအက်ခဲ့ပြီး ဒရိုင်ဘာများနှင့်ခရီးသည်များထံ ကျရောက်ခဲ့သည်။ ထို့အပြင် အဆောက်အအုံမျက်နှာစာများနှင့် ပြတင်းမှန်များလည်း ပျက်စီးသွားသည်။” ဆိုပြီး သတင်းမှာ ဖော်ပြထားခဲ့တာပါ။
နားလည်မှုလွဲစေတဲ့ပို့စ်မှာဖော်ပြခဲ့တဲ့ ဗီဒီယိုနဲ့တူညီတဲ့ဗီဒီယိုကိုလည်း သတင်းမှာ တွဲဖက်တင်ဆက်ခဲ့ပါတယ်။

တူညီတဲ့ဗီဒီယိုကို ၂၀၁၉ ခုနှစ်၊ မေလ ၂၈ ရက်က Facebook ရဲ့ ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း ဖော်ပြခဲ့ပြီး၊ Zalau မှာ ဖြစ်ပွားခဲ့တဲ့ မိုးသီးမုန်တိုင်းကို Răzvan Botăreanu ဆိုသူက ရိုက်ကူးခဲ့တာ ဖြစ်တယ်လို့ ရေးသားထားခဲ့ကြတာဖြစ်ပါတယ်။