အဆိုတော် Harry Styles က အမေရိကန်အထက်လွှတ်တော်အမတ် Ted Cruz ကိုအနမ်းပေးခဲ့တယ်ဆိုတဲ့ သရော်စာပို့စ်ပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

အင်္ဂလိပ်လူမျိုး အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင် Harry Styles က အမေရိကန်အထက်လွှတ်တော်အမတ် Ted Cruz ကို အနမ်းပေးနေတဲ့ပုံလို့ ပြောဆိုထားတဲ့ အမျိုးသားနှစ်ယောနမ်းရှုံ့နေတဲ့ဓာတ်ပုံတစ်ပုံကို မြန်မာ Facebook အသုံးပြုတွေက ထောင်နဲ့ချီပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ နောက်ပြောင်သရော်စာပို့စ်တစ်ခုကနေ စတင်ခဲ့တာဖြစ်ပါတယ်။ အမှန်တကယ်တော့ ဒီဓာတ်ပုံဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့က ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ Harry Style က အမေရိကန်လူမျိုး သရုပ်ဆောင် Nick Kroll ကို အနမ်းပေးနေတဲ့ပုံပဲဖြစ်ပါတယ်။

ဒီဓာတ်ပုံကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က Facebook ဒီလင်ခ့်မှာ မျှဝေထားပြီး ပြန်လည်မျှဝေမှု အကြိမ်ရေ ၃,၃၀၀ ကျော်ရှိနေပါတယ်။

ဒီပို့စ်ဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့က ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ Harry Styles ပါဝင်သရုပ်ဆောင်ခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာသည်းထိပ်ရင်ဖိုရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ ‘Don’t Worry Darling’ ရုပ်ရှင်ကားကို ပွဲဦးထွက်ပြသခဲ့ပြီးနောက် အခုလိုပျံ့နှံ့လာတာဖြစ်ပါတယ်။

“Harry Styles ဟာ ရုပ်ရှင်ပွဲတော်အပြီးမှာ နာမည်ကြီး အမေရိကန် အထက်လွှတ်တော်အမတ် Ted Cruz ကို ရုတ်တရက်ကြမ်းကြမ်းရမ်းရမ်းနမ်းလိုက်ပါတယ်

ဒီ အနမ်းဟာ ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘူးလို့ပြောပါတယ် အမတ်ကြီးကတော့ Harry ရဲ့နှုတ်ခမ်းတွေကိုမြည်းစမ်းအပြီးမှာ လက်တွေပါတုန်နေတာတွေ့ရမှာပါ

Ted Cruz ဟာ လိင်တူနှစ်သက်မှုကိုအပြင်းအထန် ကန့်ကွက်တဲ့ ရီပက်ဘလီကန်ပါတီရဲ့ထိပ်တန်းပါတီဝင်ဖြစ်တဲ့အတွက်ဒီတစ်ခါဂယက်ကတော့တော်တော်ကြီးပါတယ်” (မူရင်းအတိုင်း) ဆိုပြီး ဒီပို့စ်မှာပြောဆိုထားပါတယ်။

အမေရိကန်အထက်လွှတ်တော်အမတ် Ted Cruz ဟာ ၂၀၁၅ ခုနှစ်က လိင်တူလက်ထပ်ခွင့်တရားဝင်ရရှိစေခဲ့တဲ့ "Obergefell v. Hodges" အမှုမှာ အမေရိကန်တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ “လုံဝမှားယွင်းတယ်”ဆိုပြီး သူ့ရဲ့အမြင်ကို ဇူလိုင်လက ပြောခဲ့ပါတယ်။

၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံကို Facebook ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပြန်လည်မျှဝေထားပါတယ်။

ဒီအဆိုဟာ Facebook အသုံးပြုသူအချို့ကို နားလည်မှုလွဲစေကြောင်း ဒီပို့စ်ရဲ့ မှတ်ချက်တွေကိုကြည့်ရင် သိနိုင်ပါတယ်။

“လွတ်တော်အမတ်ကလည်း မကြိုက်ရှာဘူး လက်ကြီးကပြန်ဖက်ထားသေး” (မူရင်းအတိုင်း) ဆိုပြီးမှတ်ချက်တစ်ခုမှာပြောဆိုထားပါတယ်။

နောက်ထပ်မှတ်ချက်တစ်ခုကလည်း “အမတ်ကြီးဖြစ်ချင်လိုက်တာ” (မူရင်းအတိုင်း) ဆိုထားပါတယ်။

ဒါပေမဲ့ ဒီဓာတ်ပုံမှာ Harry Styles က Ted Cruz ကို အနမ်းပေးနေတာမဟုတ်ဘဲ အမေရိကန်သရုပ်ဆောင် Nick Kroll ကို အနမ်းပေးနေတဲ့ ပုံသာဖြစ်ပါ။

အဓိကကျတဲ့ စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ဒီဓာတ်ပုံနဲ့အဆိုကို ဟာသ Twitter အကောင့်တစ်ခုက ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့က ဒီလင့်ခ်မှာ မျှဝေခဲ့တာတွေ့ရပါတယ်။

ဒီအကောင့်ရဲ့ ကိုင်တွယ်သူအမည်မှာ @BIBLEGIRL222 လို့ဆိုထားပြီး “Pop Crave” ဆိုပြီး နာမည်ပေးထားပါတယ်။ ဒီအကာင့်ရဲ့အကြောင်းအရာဖော်ပြချက်မှာတော့ ဟာသအကောင့်ဆိုပြီး ရေးသားထားပါတယ်။

“ဝါရှင်တန်ဒီစီမှာကျင်းပတဲ့ အမျိုးသားအကြွေးရန်ပုံငွေပွဲမှာ Harry Styles က အမေရိကန်အထက်လွှတ်တော်အမတ် Ted Cruz (ညာ) ကို အနမ်းပေးနေတဲ့ဓာတ်ပုံကို ရိုက်ကူးမိခဲ့တယ်လို့ဆိုပါတယ်။ဒါဟာ Harry အနေနဲ့ ရုပ်ရှင်ထဲမှာ လိင်တူချစ်သူ ရဲတစ်ဦးအနေနဲ့သရုပ်ဆောင်ရုံတင်မဟုတ်ဘဲ အပြင်မှာပါ LGBTQIA+ ဖြစ်တယ်ဆိုတာကို ပထမဆုံးအကြိမ် တရားဝင်ဝန်ခံလိုက်တာဖြစ်တယ်လို့ ပရိသတ်တွေက ဆိုကြပါတယ်။" ဆိုပြီးရေးသားထားပါတယ်။

'ရဲတင်း'တဲ့ အနမ်း

Google မှာ အဓိကကျတဲ့စကားလုံးတွေနဲ့ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံနဲ့ဆင်တူတဲ့ ဓာတ်ပုံကို ဗြိတိန်နိုင်ငံရဲ့ Daily Mail သတင်းစာရဲ့ ဝဘ်ဆိုက်ဖြစ်တဲ့ the MailOnline က ဒီလင့်ခ်မှာ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က ဖော်ပြထားတာတွေ့ရပါတယ်။

“တနင်္လာနေ့ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ဒရာမာတွေအပြည့်နဲ့ Dont’t Worry Darling ရုပ်ရှင်ကား လေးမိနစ်ကြာ မတ်တပ်ရပ်ဂုဏ်ပြုချင်းခံရချိန်မှာ Harry Styles က သူ့ရဲ့တွဲဘက်သရုပ်ဆောင် Nick Kroll ကိုအနမ်းပေးခဲ့” ဆိုပြီး ဒီဓာတ်ပုံစာသားမှာ ဖော်ပြထားပါတယ်။

Nick Kroll ဟာ အမေရိကန်လူမျိုး ဟာသသရုပ်ဆောင်တစ်ဦးဖြစ်ပြီး ‘Don’t Worry Darling’ ရုပ်ရှင်ကားမှာ Harry Styles နဲ့တွဲဖက်ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ ပို့စ်ကဓာတ်ပုံ (ဘယ်) ကို the MailOnline ကဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ပြထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။

နားလည်မှုလွဲစေတဲ့ ပို့စ်ကဓာတ်ပုံ (ဘယ်) ကို the MailOnline ကဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ပြထားတဲ့ Screenshot

The MailOnline က Twitter အသုံးပြုသူ @lostonlou ကို credit ပေးထားတဲ့ ဗီဒီယိုတစ်ခုကိုလည်း ဖော်ပြထားပြီး ဒီဗီဒီယိုရဲ့ ၄ စက္ကန့်အချိန်မှာ Harry Styles နဲ့ သရုပ်ဆောင် Nick Kroll တို့နမ်းနေတဲ့ပုံရိပ်ကို တွေ့နိုင်ပါတယ်။

အခြားရှုထောင့်ကနေရိုက်ယူထားတဲ့ ဗီဒီယိုတစ်ခုကို လူမှုကွန်ရက်သတင်းဌာနတစ်ခုဖြစ်တဲ့ Storyful က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။

ဒီဗီဒီယိုရဲ့ ခေါင်းစဥ်မှာတော့ “ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ Harry Styles က Nick Kroll ကို အနမ်းပေး” ဆိုပြီး ရေးသားထားပါတယ်။