လိပ်ကျွန်းလူသတ်မှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ မြန်မာနှစ်ဦးကို ထိုင်းဘုရင် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီဆိုတဲ့ အချက်အလက်အမှား ပျံ့နှံ့
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 02 စက်တင်ဘာ 2022 အချိန် 11h44
- အပ်ဒိတ်ရက်စွဲ 05 စက်တင်ဘာ 2022 အချိန် 05h23
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
“၂၀၁၄ ခုနှစ် ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ စွတ်စွဲခံရမှုနဲ့ အကျဉ်းကျခံနီရရေ(ကိုဝင်းဇော်ထွန်း နဲ့ ကိုမောင်ဇော်လင်း)နှစ်ဦးကို/ သီဒါဏ်အမိန့်ရုပ်သိမ်းပီးပြီး အမှုကိုဖျက်သိမ်းပီးပြီး လွတ်ငြိမ်းခွင့်ပေးဖို့ ထိုင်းဘုရင်မင်းမြတ်မှ အမိန့်ပေလိုက်ပါသည်။” (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့မှာ မျှဝေထားတဲ့ ဒီပို့စ်မှာ ပြောဆိုထားပါတယ်။
ဒီအဆိုနဲ့အတူ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့ဓာတ်ပုံတစ်ပုံကိုလည်း ဒီပို့စ်မှာ မျှဝေထားပြီး ပြန်လည်မျှဝေမှုအကြိမ်ရေ ၉၆၀ ကျော်ရှိနေပါတယ်။
“ထိုင်းဘုရင်ပေ့ခ်ျပေါ်မှာ မြန်မာနိုင်ငံသားများက အသနားခံစာရေးသားချက်များကို ထိုင်းဘုရင်သိရှိတွိ့ရှိရပြီးနောက် လူသားချင်းစာဏာကာ အိမ်နီးချင်းကောင်းပီသစွာပြသခြင်းဖြင့် အမှုကိုရုပ်သိမ်းပြီး လွတ်ငြိမ်းခွင့်ပီးရန် ထိုင်ရဲတပ်ဖွဲ့ကို ထိုင်းဘုရင်မင်းမြတ်အမိန့်ပီးလိုက်ပြီဖြစ်ပါကြောင်း။
လူသတ်မှုမှာစွပ်စွဲခံထားရသူ ကိုဝင်းဇော်ထွန်း နဲ့ ကိုမောင်ဇော်လင်း နှစ်ဦးကို နစ်နာကြေး ဒေါ်လာ(၂)သန်းလျှော်ကြေးဖြတ်ပြီး ထိုင်းနိုင်ငံအစိုးရမှ လျှော်ကြေးပီးဆောင်လားမည်ဖြစ်ပါကြောင်း။
ကိုဝင်းဇော်ထွန်း နဲ့ ကိုမောင်ဇော်လင်း နှစ်ဦး မြန်မာနိုင်ငံကိုပြန်လာဖို့အတွက် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ကလုံခြုံ ရေးအပြည့်ယူပနာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါပို့ဆောင်ပီးမည်ဟု ထိုင်းနိုင်ငံအကြီးတန်းစားရဲမှုးကြီးတယောက်မှပြောကြားပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။” (မူရင်းအတိုင်း) ဆိုပြီး ဒီပို့စ်မှာ ထပ်ပြီးပြောဆိုထားပါတယ်။
ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း (ဝေဖြိုး) တို့ဟာ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံ၊ လိပ်ကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ ဗြိတိန်လူမျိုးခရီးသွားနှစ်ယောက် အသတ်ခံရတဲ့အမှုနဲ့ ၂၀၁၉ ခုနှစ်မှာ သေဒဏ်ချမှတ်ခံခဲ့ရပြီး တော်ဝင်လွတ်ငြိမ်းချမ်းသာမှုကြောင့် ၂၀၂၀ ခုနှစ်မှာ သေဒဏ်ကနေ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြောင်းလဲချမှတ်ခံခဲ့ရပါတယ်။
၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့မှာ ထိုင်းဘုရင်မင်းမြတ်ရဲ့ အသက် ၇၀ ပြည့်မွေးနေ့နဲ့ ဘုရင့်မိခင်အသက် ၉၀ ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ နိုင်ငံတဝန်း အကျဥ်းကျခံနေရတဲ့ အကျဥ်းသားတစ်သိန်းကျော်ကို ထောင်ဒဏ်လျှော့ပေါ့လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း ကြေညာခဲ့ပြီးနောက် ဒီပို့စ်ဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတာဖြစ်ပါတယ်။
ဒီအမှုကြောင့်ပြစ်ဒဏ်ကျခံခဲ့ရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းဟာ ထိုင်းနိုင်ငံမှာ မတရားစွပ်စွဲခံရတာဖြစ်တယ်လို့ မြန်မာနိုင်ငံသားအများအပြားက ယုံကြည်ကြပြီး သူတို့နှစ်ဦးကို ဒီအမှုကလွတ်မြောက်စေချင်ကြပါတယ်။
တူညီတဲ့ပြောဆိုမှုနဲ့ ဒီပို့စ်ကို Facebook ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်တွေအပြင် ဒီဘလောဂ့်ပို့စ်မှာလည်း ပြန်လည်မျှဝေထားပါတယ်။
ဒါပေမဲ့ ဒီအဆိုဟာမှားယွင်းပါတယ်။
“လုံးဝမမှန်ကန်တဲ့ ကောလာဟလ”
ရွှေ့ပြောင်းအလုပ်သမားများရဲ့လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ရဲ့ ရှေ့နေအဖွဲ့ရဲ့ နိုင်ငံတကာရေးရာညှိနှိုင်းရေးမှူးတစ်ဦးဖြစ်တဲ့ Andy Hall က ဒီအဆိုဟာ “လုံးဝမမှန်ကန်တဲ့ ကောလာဟလ” သာဖြစ်တယ်လို့ AFP ကိုပြောပါတယ်။
“သူတို့တွေထောင်ကလွတ်လာပြီဆိုပြီး အွန်လိုင်းမှာပျံ့နှံ့နေတဲ့ အဆိုတွေဟာ အခြေအမြစ်မရှိတဲ့ ပြောဆိုမှုတွေဖြစ်ပါတယ်။ မကြာသေးခင်ကပဲ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထုတ်ထားတာရှိပါတယ်။ ဒီလွတ်ငြိမ်းချမ်းသာခွင့်ကို တခါတလေခံစားခွင့်ရှိတဲ့ ဇော်လင်းနဲ့ ဖြိုးဝေတို့ဟာ ပြစ်ဒဏ်လျော့ပေါ့ခွင့်ခံစားရကောင်း ခံစားရနိုင်ပါတယ်။” ဆိုပြီး ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့မှာ အီးမေးလ်ကတဆင့် AFP ကိုပြောခဲ့ပါတယ်။
“ဒီလွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ဇော်လင်းနဲ့ ဝေဖြိုးတို့ရဲ့ ပြစ်ဒဏ်လျော့ကျမှုရှိမရှိကို ကျွန်တော်တို့ရဲ့ တရားခံရှေ့နေအဖွဲ့က စုံစမ်းနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကို အကျဥ်းထောင်ကနေ့ လွှတ်ပေးလိုက်တယ်ဆိုတာ လုံးဝမမှန်ကန်တာသေချာပါတယ်” ဆိုပြီး သူကဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ထိုင်းအကျဥ်းထောင်အာဏာပိုင်ပြောရေးဆိုခွင့်ရှိသူ Tawatchai Chaiwat က သူတို့နှစ်ယောက်စလုံး အကျဥ်းထောင်ထဲမှာ အကျဉ်းကျခံနေရဆဲလို့ဆိုပါတယ်။
“ကိုဇော်ထွန်းနဲ့ ကိုမောင်ဇော်လင်းနှစ်ယောက်လုံးဟာ အကျဥ်းထောင်းထဲမှာ အကျဥ်းကျနေဆဲပါပဲ။” ဆိုပြီး ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့မှာ AFP ကိုပြောပါတယ်။
“သူတို့နှစ်ယောက်လုံး တစ်သက်တစ်ကျွန်းအပြစ်ဒဏ်ကျခံနေရတာဖြစ်ပါတယ်။”
အကျဥ်းဦးစီးဌာနရဲ့ အချက်အလက်တွေအရ သူတို့ကို ဘန်ကောက်မြို့တော်မြောက်ပိုင်းမှာရှိတဲ့ Bang Kwang Central အကျဥ်းထောင်မှာ အကျဥ်းချထားကြောင်းသိရပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်