
ဗျိုင်းတွေမှာ အဖိုမရှိ အမပဲရှိတယ် ဆိုတဲ့ပို့စ်တွေ မှားယွင်းပျံ့နှံ့
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 29 ဇူလိုင် 2022 အချိန် 05h55
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
နားလည်မှုလွဲစေတဲ့ ဘလော့ဂ်ပို့စ်ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ခဲ့တာပါ။ ပို့စ်ကို အကြိမ်ရေ ၁,၇၀၀ ကျော်မျှဝေထားကြပါတယ်။
ပို့စ်ရဲ့ခေါင်းစဉ်မှာတော့ “ဗျိုင်းတို့မှာ အဖိုဟူ၍ မရှိ အားလုံး အမတွေချည်းသာ” ဒါဆို ဗျိုင်းအဖိုမရှိဘဲ ဗျိုင်းမတွေ ဘယ်လိုကြောင့် “ဥ” ဥနိုင်ရတာလဲ”(မူရင်းအတိုင်း) ဆိုပြီး ရေးထားပါတယ်။
“အဲဒီအတွက် အဖြေကတော့ ဗျိုင်းမတွေဟာ ဥတုလာချိန်မှာ မိုးခြိမ်းသံကို သာယာပြီး ကိုယ်၀န်ယူကြရပါတယ်၊ ဗျိုင်းတင် မဟုတ်ပါ ။ကြက်မတွေလဲ ရံဖန် ရံခါ ကြက်ဖ တွန်သံကို သာယာပြီး ကိုယ်၀န် ယူတတ်ကြပါတယ်။”(မူရင်းအတိုင်း) ဆိုပြီး အဲဒီပို့စ်မှာ ဆက်ရေးထားပါတယ်။
နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot ကို အောက်မှာ ဖော်ပြထားပါတယ်။

ဗျိုင်းဆိုတာ မြန်မာလူမျိုးတွေနဲ့ ရင်းနှီးပြီးသား ငှက်တစ်မျိုးဖြစ်ပြီး ‘Heron’ လို့ ခေါ်တဲ့ ဗျိုင်းအနွယ်ဝင်ငှက်အုပ်စုထဲ ပါဝင်ပါတယ်။ ခြေတံရှည်ပြီး လမ်းလျှောက်သွားလာတတ်တဲ့ ငှက်လည်း ဖြစ်ပါတယ်။ သူတို့ဟာ ကျယ်ပြန့်ပြီးရေတိမ်တဲ့ဒေသတွေမှာ ကျက်စားလေ့ရှိပြီး ရေကန်တွေ၊ မြစ်တွေ၊ စိမ့်စမ်းတွေနဲ့ မြစ်ဝလိုနေရာတွေမှာ တွေ့ရတတ်တယ်လို့ Cornell Lab of Ornithology ရဲ့ ငှက်အချက်အလက်ဘဏ်ဖြစ်တဲ့ eBird မှာ ဖော်ပြထားပါတယ်။
ပို့စ်မှာ ဗျိုင်းတွေအပြင် ကြက်၊ နွားတွေဟာလည်း ရံဖန်ရံခါ အဖိုတွေရဲ့အသံကို နားထောင်ပြီး ကိုယ်ဝန်လွယ်ကြတယ်လို့ ရေးထားပါတယ်။ ဒါအပြင် အမျိုးသားတွေနဲ့ထိတွေ့ခြင်းမရှိတဲ့ မင်းသမီးတစ်ပါးဟာ ဖခင်ဘုရင်ကြီးထံ အမှုထမ်းတဲ့စစ်သည်ကို မြင်တွေ့ပြီး ကိုယ်ဝန်ရခဲ့တယ်ဆိုတဲ့ ပုံပြင်တစ်ပုဒ်ကိုလည်း ကိုးကားထားပါသေးတယ်။
တူညီတဲ့ပြောဆိုမှုပါဝင်တဲ့ ပို့စ်တွေကို ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားကြပါတယ်။
ဒါပေမဲ့ ဒီအဆိုဟာ မှားပါတယ်။
AFP က ချည်းကပ်မေးမြန်းခဲ့တဲ့ ငှက်တွေအကြောင်းလေ့လာတဲ့ ကျွမ်းကျင်သူတွေကတော့ ဗျိုင်းမျိုးစိတ်တွေမှာ အဖိုရော အမပါ ရှိပြီး ဥဥ သားပေါက်ဖို့အတွက် အဖိုနဲ့အမတွေဟာ မိတ်လိုက်ကြရတယ်လို့ ဆိုပါတယ်။
ငှက်တွေအကြောင်း စာအုပ်တွေ ရေးသားထုတ်ဝေထားတဲ့ ကျေးငှက်ဆိုင်ရာကျွမ်းကျင်သူ Sharon Stiteler က “ဒီအဆိုက မမှန်ပါဘူး။ ဗျိုင်းတွေမှာ သေချာပေါက် အဖိုရော အမပါ ရှိပြီး ဥဥဖို့အတွက် မိတ်လိုက်ကြပါတယ်” လို့ AFP ကို ပြောပါတယ်။
“ငှက်တွေမှာ သားဖောက်မျိုးစပ်ခြင်းမရှိဘဲ ဥဥဖို့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီဥတွေဟာ ဘယ်တော့မှ အကောင်မပေါက်နိုင်ဘူး။ ဗျိုင်းတွေမှာ အဖိုတွေဟာ အမရဲ့ကျောပြင်ကို တင်းတင်းကြပ်ကြပ်တွယ်တက်ပြီး မိတ်လိုက်လေ့ ရှိပါတယ်” လို့ သူက ဆိုပါတယ်။
မြန်မာငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်း (MBNS) ရဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ ငှက်တွေအကြောင်းကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်တဲ့ ဦးလေးဝင်းကလည်း “ငှက်တွေမှာ အဖိုနဲ့ အမ မရှိဘဲ သားပေါက်ဖို့ မဖြစ်နိုင်ဘူး” လို့ AFP ကို ပြောပါတယ်။
“အခြားငှက်တွေလိုမဟုတ်ဘဲ ဗျိုင်းတွေကိုယ်ပေါ်က အသွေးအရောင်တွေဟာ သားပေါက်တဲ့ရာသီမှာတောင် အဖိုရောအမပါ အတူတူပဲ ဖြစ်တဲ့အတွက် အဖိုအမ ခွဲခြားသတ်မှတ်ရတာ အင်မတန်ခက်ခဲပါတယ်။ ငှက်ကျွမ်းကျင်သူတွေကတော့ ဗျိုင်းတွေသားပေါက်တဲ့အချိန်မှာ အဖိုတွေ အမတွေကို ခွဲခြားနိုင်ပါတယ်” လို့ သူက ဆိုပါတယ်။
Great Egrets လို့ ခေါ်တဲ့ ငန်းဗျိုင်းတွေမှာ အထီးတွေဟာ သားပေါက်တဲ့ရာသီရောက်ရင် အမွေးအတောင်အရှည်ကြီးတွေ ထွက်လာပြီး အမတွေကို ဆွဲဆောင်လေ့ ရှိသလို သူတို့ရဲ့မျက်လုံးတွေဟာလည်း အဝါရောင်ကနေ အစိမ်းနုရောင်လဲ့လဲ့ကို ပြောင်းသွားလေ့ရှိတယ်လို့ အမေရိကန်အခြေစိုက် ငှက်ထိန်းသိမ်းရေးအဖွဲ့ American Bird Conservancy ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
“ဗျိုင်းတွေဟာ တစ်ရာသီမှာ မိတ်လိုက်ဖက်တစ်ကောင်စီသာ တွဲဖက်နေလေ့ရှိတယ်” လို့ ဆောင်းပါးမှာ ဖော်ပြပါတယ်။
“အဖိုနဲ့အမ တွဲဖက်ပြီးတဲ့အခါ အဖိုက သားပေါက်မယ့်နေရာတစ်ခုကို ရွေးချယ်ပါတယ်။ ပြီးနောက် အပင်တွေ၊ တုတ်ချောင်းတွေ၊ အကိုင်းအခက်တွေရှာပြီး ပျော့ပျောင်းတဲ့သဏ္ဍာန်ရှိတဲ့အသိုက်ကို အတူတကွ ဆောက်ကြပါတယ်။ ပြီးနောက် ဗျိုင်းအမက ဥ သုံးလေးဥ ဥပြီး ဥတွေကို တလှည့်စီ ဝပ်ကြပါတယ်” လို့လည်း ဆိုပါတယ်။
ငှက်တွေနဲ့ပတ်သက်ပြီး မှားယွင်းတဲ့အဆိုတွေကို AFP က အချက်အလက်စိစစ်ထားပြီး ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်