၂၀၂၂ ခုနှစ် စက်သုံးဆီစျေးတက်မှုကြောင့်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကဆန္ဒပြပွဲဆိုပြီး ဗီဒီယိုအဟောင်းမှားယွင်းပျံနှံ့
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 29 ဇူလိုင် 2022 အချိန် 05h54
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
ဒီဗီဒီယိုကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့က Facebook ဒီလင့်ခ်မှာ ဖော်ပြထားပြီး ပြန်လည်မျှဝေမှု အကြိမ်ရေ ၃၀၀ ကျော်ရှိနေပါတယ်။
ဒီဗီဒီယိုနဲ့အတူစာသားကို အောက်မှာတွေ့နိုင်ပါတယ်။
“အမေရိကန်အောက်ဆွဲဘင်္ဂလားဒေ့ရ်ုနိုင်ငံမှာတော့စက်သုံးဆီဈေးကြီး
ပေးဝယ်တာတောင်ဝယ်မရလို့ စောက်ပြသနာတက်နေပြီ နီပိန်တွေပြောတော့ မအလ အာဏာထိန်းလို့ ဆီဈေးတက်ရတာဆို” (မူရင်းအတိုင်း)
၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်အစိုးရက စံချိန်တင်အမြင့်ဆုံးလောင်စာဆီစျေးနှုန်းကို ကြေညာခဲ့ပြီးနောက် ထောင်နဲ့ချီတဲ့ ပြည်သူတွေ နိုင်ငံတဝှမ်းမှာရှိတဲ့ ဓာတ်ဆီဆိုင်တွေကို ပိတ်ဆို့မှုတွေပြုလုပ်ခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရက ဓာတ်ဆီစျေးနှုန်းကို ၅၁.၇ ရာခိုင်နှုန်းတိုးမြှင့်ခဲ့ပြီး ဒီဇယ်စျေးနှုန်းကို ၄၂.၅ ရာခိုင်နှုန်းအထိတိုးမြှင့်ခဲ့ပါတယ်။
ဒီစျေးနှုန်းတိုးမြှင့်မှုဟာ နေ့စဥ်ကူးသန်းသွားလာမှုနဲ့ လယ်ယာစိုက်ပျိုးမှုအတွက် ဒီဇယ်ပါဝါကိုမှီခိုအားထားနေရတဲ့ နိုင်ငံရဲ့အဆင်းရဲဆုံးပြည်သူသန်းပေါင်းများစွာကို မမျှမတထိခိုက်စေနိုင်တယ်လို့ ဆန္ဒပြသူတွေက ဆိုကြပါတယ်။
ဒီစျေးနှုန်းမတန်တဆမြင့်တက်မှုတွေကြောင့် မြို့တော် ဒါကာ အပြင် အခြားမြို့တွေမှာပါ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံခြားငွေသိမ်းဆည်းမှုအပြင် စီးပွားရေးနဲ့ သွင်းကုန်ပို့ဆောင်မှုလုပ်ငန်းများဆိုင်ရာ ဥပဒေများပြောင်းလဲမှုကြောင့် စီးပွားရေးမငြိမ်မသက်မှုတွေဖြစ်ပေါ်နေပါတယ်။
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ပွဲကြောင့် ကမ္ဘာတစ်ဝှမ်း ကုန်ပစ္စည်းစျေးနှုန်းမြင့်တက်မှုတွေ ဖြစ်ပေါ်နေပြီး လူနေမှုအဆင့်အတန်းကျဆင်းမှုတွေဖြစ်ပေါ်နေပါတယ်။
တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ် တွေမှာလည်း မျှဝေထားပါတယ်။
လူအသေအပျောက်ရှိခဲ့တဲ့ ဆန္ဒပြမှု
အဓိကကျတဲ့စကားလုံးတွေနဲ့ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဗီဒီယိုကို ၂၀၁၃ ခုနှစ်၊ မေလ ၆ ရက်နေ့က ဗြိတိန်အခြေစိုက် Channel 4 သတင်းဌာန က YouTube ဒီလင့်ခ်မှာ ဖော်ပြခဲ့ပါတယ်။
“ဘင်္ဂလားဒေ့ရှ် အဓိကရုဏ်း- အစ္စလာမ္မစ် သဘောထားတင်းမာသူများ ရဲတပ်ဖွဲ့နှင့်တိုက်ခိုက်” ဆိုပြီး ဒီဗီဒီယိုစာသားမှာ ရေးသားထားပါတယ်။
အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ကဗီဒီယို (ဘယ်) နဲ့ ၂၀၁၃ ခုနှစ်က YouTube ဗီဒီယို (ညာ) ကို နှိုင်းယှဥ်ပြထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။
ဘာသာရေးစော်ကားမှုကိုဆန့်ကျင်တဲ့ ဥပဒေအသစ်ကို ရေးဆွဲဖို့ ဒါကာမြို့တော်မှာ ဆန္ဒပြခဲ့ကြတဲ့ သောင်းနဲ့ချီတဲ့ ဘာသာရေးသဘောထားတင်းမာသူတွေကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့တွေက ထိမ်းချုပ်ဖြိုခွင်းခဲ့ရတဲ့ အကြောင်းကို AFP က ဒီဆောင်းပါးမှာ ဖော်ပြခဲ့ပါတယ်။
ဆယ်စုနှစ်များအတွင်း အပြင်းထန်ဆုံး လမ်းပေါ်အကြမ်းဖက်ဆန္ဒပြမှုကြောင့် အနည်းဆုံးလူ ၃၂ ဦးသေဆုံးခဲ့ပြီး ရာနဲ့ချီထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒီဗီဒီယိုမှာတွေ့ရတဲ့နေရာတွေကို ဒါကာမြို့တွင်းတည်နေရာပြ Google Street ဓာတ်ပုံတွေဖြစ်တဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တွေ့နိုင်ပါတယ်။
ဒီဗီဒီယိုရဲ့ အစပိုင်း ၂၇ စက္ကန့်က ပုံရိပ်တွေကိုလည်း ဗြိတိန်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ The Daily Telegraph က ၂၀၁၃ ခုနှစ်၊ မေလ ၆ ရက်နေ့မှာ YouTube ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်