စစ်ကိုင်းတိုင်းမှာရေကြီးရေလျှံမှု ဖြစ်နေတယ်ဆိုတဲ့သတင်းတုနဲ့ ဓာတ်ပုံဟောင်းမှားယွင်းပျံနှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 24 ဇူလိုင် 2022 အချိန် 10h05
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
၂၀၂၂ ခုနှစ်၊ သြဂုတ်လ မုတ်သုံမိုးရွာသွန်းမှုကြောင့် မြန်မာနိုင်ငံနေရာအချို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီးနောက် ရေအောက်ထဲတပိုင်းတစနစ်မြုပ်နေတဲ့ မြို့အဝင်မုတ်ဦးတစ်ခုရဲ့ဓာတ်ပုံကို စစ်ကိုင်းမှာရေကြီးနေပြီဆိုတဲ့ ပြောဆိုမှုတွေနဲ့အတူ Facebook ပေါ်မှာပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံဟာ ၂၀၁၅ ခုနှစ်က ဓာတ်ပုံဟောင်းတစ်ပုံသာဖြစ်ပါတယ်။ သြဂုတ်လ ၁၉ ရက်နေ့အထိ စစ်ကိုင်းမှာ ရေကြီးမှုတွေမရှိဘူးလို့ စစ်ကိုင်းတိုင်းအခြေစိုက် ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက AFP ကိုပြောပါတယ်။

စစ်ကိုင်းမှာ “ပြင်းထန်တဲ့မုန်တိုင်း”ဝင်ရောက်မယ်ဆိုတဲ့ သတိပေးမှုနဲ့အတူ ဒီဓာတ်ပုံကို သြဂုတ်လ ၁၄ ရက်နေ့က Facebook ဒီလင့်ခ်မှာ မျှဝေထားပါတယ်။

“ဒီညမုန်တိုင်းကြမ်းပါမယ်။စစ်ကိုင်းတိုင်းတော့မြုပ်သွားပြီ။အရမ်းအရေးကြီးတဲ့မုန်တိုင်းသတင်း။” (မူရင်းအတိုင်း) ဆိုပြီး ဒီပို့စ်မှာ ဆိုထားပါတယ်။

ဒီ Facebook ပို့စ်မှာ ဘလော့ဂ်ပို့စ်တစ်ခုကို ပြန်လည်မျှဝေထားပြီး “စစ်ကိုင်းတော့မြုတ်ပြီး ဒီညမုန်တိုင်းလာပါမယ် အရမ်းအရေးကြီးလို့ ခနခနကြေငြာ”(မူရင်းအတိုင်း) ဆိုတဲ့စာသားနဲ့ ဓာတ်ပုံကို တွေ့ရပါတယ်။

Image
၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံကို Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဘလော့ဂ်ပို့စ် ဒီလင့်ခ်အပြင် ကြည့်ရှုမှု ၁၂၀,၀၀၀ ကျော်ရရှိနေတဲ့ YouTube ဒီလင့်ခ်မှာလည်း ပြန်လည်မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီပို့စ်တွေထဲကအဆိုဟာ မှားယွင်းပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အခြာဖြစ်တဲ့ ရန်ကုန်မြို့အပါအဝင် အချို့နေရာတွေမှာ မုတ်သုံမိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေရှိခဲ့ပေမယ့် စစ်ကိုင်းတိုင်းမှာ ရေကြီးတယ်ဆိုတဲ့ ခိုင်လုံတဲ့တရားဝင်ပြောဆိုမှုတွေကို AFP က မတွေ့ရှိခဲ့ပါဘူး။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စစ်ကိုင်းတိုင်းမှာ ဒီလို “ရေကြီးရေလျှံမှုတွေမရှိဘူး” လို့ ပြောခဲ့ပါတယ်။

“ရေအတက်အကျက ပုံမှန်တက်နေတာလောက်ပဲ ရှိတာပေါ့နော်။ အရမ်းရေကြီးရင်တော့ ကျွန်တော်တို့လည်း သွားရောက်ကူညီနေကျပါ။ ဒါပေမဲ့ အခုက အဲဒီလိုရေကြီးတာမျိုး မရှိတော့ ကျွန်တော်တို့အနေနဲ့ အဲဒီလိုကူညီခဲ့ရတာလည်း မရှိပါဘူး။” လို့ သူက သြဂုတ်လ ၁၉ ရက်နေ့မှာ AFP ကိုပြောခဲ့ပါတယ်။

အသေအပျောက်ရှိခဲ့တဲ့ ၂၀၁၅ ခုနှစ် ရေကြီးမှု

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီမှားယွင်းပြောဆိုမှုတွေနဲ့ မျှဝေထားတဲ့ဓာတ်ပုံကို The Associated Press သတင်းဌာနရဲ့ ဝဘ်ဆိုဒ်မှာ ၂၀၁၅ ခုနှစ်၊ သြဂုတ်လထဲမှာ မျှဝေထားတာတွေ့ရပါတယ်။

ဓာတ်ပုံနဲ့အတူစာသားကိုတော့ “၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ ရေအောက်နစ်မြုပ်နေတဲ့ မြို့အဝင်ဆိုင်းဘုတ်အနီး အမျိုးသားတစ်ဦး လှေလှော်ဖြတ်သန်းနေစဥ်။” ဆိုပြီး ဖော်ပြထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (အပေါ်) ကို Associated Press ဝဘ်ဆိုဒ် (အောက်) နဲ့ နှိုင်းယှဥ်ပြထားတဲ့ Screenshot ကို တွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (အပေါ်) ကို Associated Press ဝဘ်ဆိုဒ် (အောက်) နဲ့ နှိုင်းယှဥ်ပြထားတဲ့ Screenshot

မြန်မာနိုင်ငံအတွင်း ရက်သတ္တပတ်အတော်ကြာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ ဒီရေကြီးမှုမှာ လူ ၁၀၀ ကျော်အသက်ဆုံးရှုံးခဲ့ပြီး လူဦးရေတစ်သန်းနီးပါးရဲ့ အိုးအိမ်တွေကိုထိခိုက်ခဲ့ပါတယ်။

မုတ်သုံရာသီရဲ့ ပြင်းထန်တဲ့မိုးရွာသွန်းမှုကြောင့်ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေက အရှေ့တောင်အာရှနဲ့တောင်အာရှနိုင်ငံတွေကို ထိခိုက်ခဲ့ပြီး ရာနဲ့ချီအသက်ဆုံးရှုံးခဲ့တဲ့အပြင် သန်းနဲ့ချီအိမ်ရာပျောက်ဆုံးခဲ့ကြပါတယ်။

၂၀၁၅ ခုနှစ် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့တဲ့ ကလေးမြို့နယ်ထဲက ဘုန်းကြီးကျောင်းနဲ့ မြို့တော်ခန်းမရဲ့ ဓာတ်ပုံတွေအပြင် စစ်ကိုင်းတိုင်းရေကြီးမှု ဓာတ်ပုံတွေကို AFP ကလည်း ဖော်ပြခဲ့ပါတယ်။

Image
၂၀၁၅ ခုနှစ် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့တဲ့ ကလေးမြို့နယ်ထဲက ဘုန်းကြီးကျောင်းနဲ့ မြို့တော်ခန်းမရဲ့ ဓာတ်ပုံ

ဒီရေကြီးမှုကြောင့် မြန်မာနိုင်ငံထဲက တိုင်းနဲ့ပြည်နယ်အတော်များများကို သဘာဝဘေးအန္တရာယ်ဇုန်အဖြစ် သမ္မတဦးသိန်းစိန်က ကြေညာခဲ့တယ်လို့ Al Jazeera ရဲ့ ဒီဆောင်းပါးမှာ ဖော်ပြခဲ့ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်