ပုံမှာမြင်ရတာ စွန်ရဲအကောင် ၂၀ ရဲ့ တစ်နှစ်တာလမ်းကြောင်းပြမြေပုံဖြစ်ပြီး စွန်တစ်ကောင်တည်းရဲ့လမ်းကြောင်းမဟုတ်ပါ

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 19 ဇူလိုင် 2022 အချိန် 09h47
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
ရုရှားကနေ ဆော်ဒီအာရေဗျကို ပျံသန်းခဲ့တဲ့ စွန်ရဲတစ်ကောင်ရဲ့ နှစ် ၂၀ ကြာ GPS လမ်းကြောင်းပြမြေပုံလို့ဆိုထားတဲ့အဆိုနဲ့အတူ ဓာတ်ပုံနှစ်ပုံကို Facebook ပေါ်မှာ အကြိမ်ပေါင်းများစွာ ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ နားလည်မှုလွဲစေပါတယ်။ မြေပုံမှာပြထားတာဟာ မြေပြန့်လွင်ပြင်စွန်ရဲ အကောင် ၂၀ ရဲ့ တစ်နှစ်တာပျံသန်းခဲ့တဲ့လမ်းကြောင်းတွေဖြစ်ပါတယ်။ 

ဓာတ်ပုံတွေနဲ့အတူ နားလည်မှုလွဲစေတဲ့စာသားတွေကို Facebook ရဲ့ ဒီလင့်ခ်မှာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့က တင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁၀၀ ကျော်ရှိခဲ့ပါတယ်။ ပို့စ်မှာ GPS ခြေရာခံစက်လို့ယူဆရတဲ့အရာတစ်ခု တပ်ဆင်ခံထားရတဲ့ ငှက်အသေတစ်ကောင်ပုံနဲ့ ခရမ်းရောင်လမ်းကြောင်းတွေပါဝင်တဲ့ မြေပုံတစ်ပုံ ပါဝင်ပါတယ်။ 

ပို့စ်ပါ စာသားအချို့က အခုလိုဖြစ်ပါတယ်။ 

“စွန်တကောင်ရဲ့ခရီး
လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်၊ စွန်ရဲ့ကျောကုန်းမှာ ဂြိုလ်တုကနောက်ယောင်ခံမှတ်တမ်းတင်တဲ့ tracker ကို ရုရှားမှာတတ်ဆင်ပြီး သူပျံလေသမျှလမ်းကြောင်းတွေကို မြေပုံပေါ်မှာ မှတ်တမ်းတင်ထားတာပါ။ ခုတော့ ဒီစွန်ဟာ ဆော်ဒီအာရေဗီယ က သူငယ်တောင်ကြားမှာ သေဆုံးသွားပြီဖြစ်ပါတယ်။” (မူရင်းအတိုင်း)

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်က ရယူထားတဲ့ screenshot

တူညီတဲ့ပြောဆိုမှုတွေနဲ့ အလားတူဓာတ်ပုံတွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားပါသေးတယ်။ 

ဒါပေမဲ့ ဒီအဆိုတွေဟာ နားလည်မှုလွဲစေပါတယ်။ 

ဒီဓာတ်ပုံတွေနဲ့အတူ နားလည်မှုလွဲစေတဲ့ပို့စ်တွေဟာ တခြားနိုင်ငံတွေမှာလည်း ပျံ့နှံ့ခဲ့ဖူးပြီး AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ဖော်ထုတ်ခဲ့ဖူးပါတယ်။ အဲဒါအပြင် ၂၀၁၉ ခုနှစ်၊ မေလ ၄ ရက်က ဒီလင့်ခ်မှာ ပါရှန်းဘာသာစကားနဲ့ အချက်အလက်စိစစ်ထားတဲ့ဆောင်းပါးတစ်ပုဒ်ကိုလည်း AFP က တွေ့ရှိခဲ့ပါတယ်။

ဒီဓာတ်ပုံတွေရဲ့ နောက်ကွယ်အကြောင်းရင်းအမှန်ကို AFP က ဇစ်မြစ်ရှာဖွေကြည့်တဲ့အခါ ရုရှားနိုင်ငံက ငှက်ကျွမ်းကျင်ပညာရှင် Elena Schneider ရဲ့ Facebook ပို့စ်ကို တွေ့ရှိခဲ့ပါတယ်။ 

ပို့စ်ပါစာသားတွေက အခုလိုဖြစ်ပါတယ်။ “တကယ်တော့ ဒီမြေပုံဟာ လွင်ပြင်စွန်ရဲ (Aquila nipalensis) အကောင် ၂၀ ရဲ့ လမ်းကြောင်းကို ပြသတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက ကာဇက်စတန်အနောက်ပိုင်းဒေသမှာ Dr. Katzner နဲ့ Dr. Bragin (sic) တို့ပါဝင်တဲ့အဖွဲ့က ဒီစွန်ရဲတွေကို ခြေရာခံစက်တွေ တပ်ဆင်ပေးခဲ့တာဖြစ်ပါတယ်”

 

အဓိပ္ပာယ်ကောက်လွဲမှားခြင်း

AFP က Elena Schneider ကို ဆက်သွယ်တဲ့အခါ သူက ဒီသုတေသနမှာ ဦးဆောင်ပါဝင်တဲ့ Todd Katzner ဆိုသူကို ညွှန်ပေးပါတယ်။ Katzner ဟာ အမေရိကန်ဘူမိဗေဒစစ်တမ်းကောက်ယူရေးဆိုင်ရာ သစ်တောနဲ့လွင်ပြင်ဒေသဂေဟသိပ္ပံစင်တာ (the Forest and Rangeland Ecosystem Science Center) မှာလုပ်နေတဲ့ တောတိရစ္ဆာန်သုတေသနဇီ၀ဗေဒပညာရှင်ဖြစ်ပါတယ်။ 

Todd Katzner ရဲ့အဆိုအရ သူတို့အဖွဲ့ဟာ ဗဟိုအာရှက လွင်ပြင်စွန်ရဲတွေကို သားပေါက်အရွယ်ကတည်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး GPS ခြေရာခံစက်တွေတပ်ဆင်ပြီးတဲ့နောက်မှာ လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ စွန်ရဲတွေရဲ့ ရွှေ့ပြောင်းသွားလာတဲ့လမ်းကြောင်းတွေနဲ့ အပြုအမူတွေကို လေ့လာဖို့ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။ မြေပုံမှာမြင်ရတာဟာ ကာဇက်စတန်က လွင်ပြင်စွန်ရဲအကောင် ၂၀ ရဲ့ ၁၀ လဝန်းကျင် လှုပ်ရှားသွားလာမှုအချက်အလက်တွေဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

မြေပုံထဲမှာမြင်ရတဲ့ ခရမ်းရောင်မျဉ်းတစ်ကြောင်းစီတိုင်းဟာ စွန်ရဲတစ်ကောင်ချင်းစီရဲ့ ၈ လကနေ ၁၀ လကြာ လှုပ်ရှားသွားလာမှုတွေကို ကိုယ်စားပြုတာဖြစ်ပါတယ်။ 

Image
ဒီဓာတ်ပုံကိုတော့ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ပုံမှာမြင်ရတာဟာ ပြင်သစ်နိုင်ငံအရှေ့ပိုင်း Amneville ဇီ၀ဗေဒဥယျာဉ်တစ်နေရာက လွင်ပြင်စွန်ရဲတစ်ကောင်ဖြစ်ပါတယ်။ (AFP / Jean-Christophe Verhaegen

“တချို့စွန်ရဲတွေက ဆော်ဒီအာရေဗျနဲ့ အာဖရိကမှာ သေသွားကြတယ်။ ကျန်တဲ့ကောင်တွေကတော့ အာရှကို ပြန်ရောက်လာခဲ့ကြပါတယ်။ ဒီအထဲကမှ ဆော်ဒီအာရေဗျမှာ သေဆုံးသွားတဲ့ငှက်တစ်ကောင်ကို လူတစ်ယောက်က တွေ့ရှိခဲ့တာပါ။” လို့ Katzner က ဆိုပါတယ်။ 

ဒီငှက်နဲ့ပတ်သက်လို့ ဆော်ဒီနိုင်ငံသားတစ်ယောက် Facebook ပေါ်မှာ တင်ထားတဲ့အကြောင်း Katzner ကို သူ့မိတ်ဆွေတစ်ဦးက ပြောပြခဲ့တာဖြစ်ပါတယ်။ 

“ကျွန်တော်လည်း ကျွန်တော့်မိတ်ဆွေဆီကို စွန်ရဲတွေ ရွှေ့ပြောင်းသွားလာတဲ့လမ်းကြောင်းပါဓာတ်ပုံကို ပို့ပေးပြီး ဒါက လွင်ပြင်စွန်ရဲအကောင် ၂၀ ရွှေ့ပြောင်းသွားလာတဲ့လမ်းကြောင်းပြမြေပုံလို့ ရှင်းပြပေးလိုက်တယ်။ ဒါပေမဲ့ ကျွန်တော်ပြောတာကို သူက အဓိပ္ပာယ်ကောက်လွဲသွားပုံရပါတယ်။ အဲဒီကနေစပြီး လွင်ပြင်စွန်ရဲတစ်ကောင်ရဲ့ နှစ် ၂၀ ကြာ အချက်အလက်ဆိုပြီး ဖြစ်သွားတာပါပဲဗျာ” လို့ Katzner က ရှင်းပြပါတယ်။

“ကျွမ်းကျင်တဲ့ငှက်ပညာရှင် သို့မဟုတ် စွန်ရဲဇီ၀ဗေဒပညာရှင် ဘယ်သူမဆို ငှက်အသေပုံကို ကြည့်လိုက်တာနဲ့ ဒါဟာ တစ်နှစ်သားအရွယ်စွန်ရဲဆိုတာ ကောင်းကောင်းသိပါတယ်။ ဘာကြောင့်လဲဆိုရင် လွင်ပြင်ငှက်တွေမှာ အမွေးအတောင်ကို ကြည့်ရုံနဲ့ ခွဲခြားနိုင်လို့ပါပဲ” လို့ Katzner ထပ်လောင်းပြောဆိုခဲ့ပါတယ်။

 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်