KNU ဗဟိုဌာနချုပ်ကို မြန်မာစစ်တပ် တိုက်ခိုက်တဲ့ ဓာတ်ပုံတွေ မဟုတ်ပါ

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

ကရင်အမျိုးသားအဖွဲ့ချုပ် (KNU) ရဲ့ ဗဟိုဌာနချုပ် ကော်သူးလေဒေသကို မြန်မာတပ်မတော်က ၂၀၂၂ ခုနှစ်မှာ တိုက်ခိုက်နေတာလို့ ဆိုထားတဲ့ ဓာတ်ပုံနှစ်ပုံကို Facebook ပေါ်မှာ အကြိမ်ရေတော်တော်များများ မျှဝေထားကြပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေတကယ်ဖြစ်၊ မဖြစ် AFP က သီးခြားအတည်မပြုနိုင်ပေမယ့် ဒီဓာတ်ပုံတွေဟာ လွန်ခဲ့တဲ့ သုံးနှစ်က ရိုက်ကူးခဲ့တာဖြစ်ပြီး တခြားနိုင်ငံတွေက ဖြစ်စဉ်တွေဖြစ်ကြောင်း တွေ့ရှိရပါတယ်။

၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက်က တပ်မတော်ထောက်ခံတဲ့အကောင့်တစ်ခုက တင်ခဲ့တဲ့ Facebook ပို့စ်မှာ “KNU(ဗဟို) စပိနေပြီ”(မူရင်းအတိုင်း) ဆိုပြီး ရေးသားထားပါတယ်။

ပေါက်ကွဲမှုပါ ဓာတ်ပုံနှစ်ပုံ တွဲတင်ထားတဲ့ အဲဒီပို့စ်ကို အကြိမ်ရေ ၁၀၀ ကျော် ပြန်လည် မျှဝေထားကြပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလ (၄) ရက်က ရိုက်ယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot

ကရင်အမျိုးသားအဖွဲ့ချုပ် (KNU) ဟာ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဆယ်စုနှစ်တွေကြာ တိုက်ပွဲဝင်နေတဲ့ လူသိများတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့တဲ့နောက် မြန်မာစစ်တပ်နဲ့ KNU အကြား တိုက်ပွဲတွေ အကြိမ်ရေများစွာ ဖြစ်ပွားခဲ့ပါတယ်။ စစ်တပ်ရဲ့ သွေးထွက်သံယိုပစ်ခတ်နှိမ်နင်းမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေအတွက်လည်း သူတို့ထိန်းချုပ်နယ်မြေအတွင်းမှာ ခိုလှုံခွင့်ပေးခဲ့ပါတယ်။

ကော်သူးလေဟာ ကရင်လူမျိုးတွေအတွက် အဆိုပြုထားတဲ့ ပြည်နယ်ရဲ့ နာမည်ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်မှာ ကရင်ပြည်နယ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် KNU ဌာနချုပ်ကို စစ်တပ်က တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ယုံကြည်စိတ်ချရတဲ့သတင်းတွေ မတွေ့ရပါဘူး။

ဓာတ်ပုံတွေကို တူညီတဲ့ပြောဆိုမှုနဲ့အတူ Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားကြပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။

ပထမပုံ

Google ပေါ်မှာ ဓာတ်ပုံရာဇဝင် ရှာကြည့်တဲ့အခါ ပထမဓာတ်ပုံဟာ ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလက ဂါဇာဒေသကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ဓာတ်ပုံဖြစ်နေတာ တွေ့ရပါတယ်။

AFP ဝဘ်ဆိုဒ်မှာ တင်ထားတဲ့ ဒီဓာတ်ပုံကို ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်မှာ ရိုက်ကူးခဲ့တာပါ။

ဓာတ်ပုံရဲ့ ရည်ညွန်းစာမှာတော့ “၂၀၀၉ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်က ဂါဇာကမ်းမြောင်မြောက်ဘက် Beit Hanoun မြို့ကို အစ္စရေးတိုက်လေတပ်၏ F-16 တိုက်လေယာဉ်က ဗုံးကြဲတိုက်ခိုက်သည်ကို အစ္စရေးဘက်ခြမ်းမှ ရိုက်ကူးခဲ့သည့်ပုံ” ဆိုပြီး ရေးထားပါတယ်။

“လွန်ခဲ့သည့်ရက်သတ္တပတ်မှစတင်ကာ အစ္စရေးစစ်တပ်က ဟားမက်စ်အဖွဲ့ကို စတင်ထိုးစစ်ဆင်ခဲ့ပြီး ဂါဇာဒေသကို အကြိမ် ၇၀၀ ကျော် ပစ်ခတ်မှုပြုလုပ်ခဲ့ရာ အနည်းဆုံး ပါလက်စတိုင်းလူမျိုး ၄၃၅ ဦး သေဆုံးခဲ့ကြောင်း စစ်တပ်နှင့် ဆေးတပ်သားများက ပြောဆိုသည်”

အောက်မှာ AFP ဖိုရမ်ဝဘ်ဆိုဒ်ပေါ်က ဓာတ်ပုံရဲ့ Screenshot ကို ဖော်ပြထားပါတယ်။

AFP ဖိုရမ်ဝဘ်ဆိုဒ်ပေါ်က ဓာတ်ပုံရဲ့ Screenshot

အောက်မှာနားလည်မှုလွဲစေတဲ့ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ AFP ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတာ ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ AFP ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ Screenshot

အဲဒီနေ့က ဂါဇာကမ်းမြောင်ကို အစ္စရေးက တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ဒီသတင်း နဲ့ ဒီသတင်းတွေမှာလည်း ဖော်ပြခဲ့ကြပါတယ်။

ဒုတိယပုံ

Google ပေါ်မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒုတိယဓာတ်ပုံဟာ အနည်းဆုံး ၂၀၁၆ ခုနှစ်လောက်ကတည်းက ပျံ့နှံ့ခဲ့တဲ့ဓာတ်ပုံဖြစ်နေတာ တွေ့ရပါတယ်။

အဲဒီဓာတ်ပုံရဲ့ အစောဆုံးဗားရှင်းကို Wikimedia Commons စာမျက်နှာမှာ တွေ့ရပါတယ်။ ဓာတ်ပုံထဲမှာ မြင်ရတာ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်က M198 အမြောက်ကို ပစ်ခတ်နေတဲ့ ထိုင်းစစ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Wikimedia Commons စာမျက်နှာပေါ်က ဓာတ်ပုံရဲ့ Screenshot ကို အောက်မှာ တွေ့နိုင်ပါတယ်။

Wikimedia Commons စာမျက်နှာပေါ်က ဓာတ်ပုံရဲ့ Screenshot

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ ဒုတိယဓာတ်ပုံ (ဘယ်) နဲ့ Wikimedia Commons စာမျက်နှာပေါ်က ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ ဒုတိယဓာတ်ပုံ (ဘယ်) နဲ့ Wikimedia Commons စာမျက်နှာပေါ်က ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားပါတဲ့ Screenshot

ထိုင်းတပ်မတော်နဲ့ အမေရိကန်စစ်တပ်တို့အကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို ထိုင်းနိုင်ငံ၊ Lop Buri ပြည်နယ်နဲ့ Saraburi ပြည်နယ်တို့မှာ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်ကနေ ဇူလိုင် ၈ ရက်အထိ ပြုလုပ်ခဲ့တယ်လို့ ဒီသတင်း နဲ့ ဒီသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ AFP က မေးမြန်းချက်တွေနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က အတည်ပြုဖြေကြားတာမျိုး မရှိပါဘူး။

အဲဒီဓာတ်ပုံကို Armyman1989 ဆိုတဲ့ Wikimedia Commons အသုံးပြုသူက တင်ခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ က တပ်သားတွေနဲ့ စစ်လက်နက်တွေပါဝင်တဲ့ ဆင်တူတဲ့အခြားပုံတွေကိုလည်း ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ တင်ခဲ့ပါတယ်။

အဲဒီဓာတ်ပုံကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်က ထိုင်းတပ်မတော်ရဲ့ လက်နက်ဝယ်ယူမှုအကြောင်း ထိုင်းဘာသာစကားနဲ့ရေးထားတဲ့ ဘလော့ဂ်ပို့စ်တစ်ခုမှာလည်း ဖော်ပြခဲ့ပါတယ်။

MYANMAR MILITARY COUP