ရုရှားတိုက်လေယာဉ်တွေကို ယူကရိန်းတပ်တွေက ပစ်ချနေတဲ့ဗီဒီယို မဟုတ်ပါ

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 01 ဧပြီ 2022 အချိန် 11h33
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
ယူကရိန်းမှာ ယူကရိန်းတပ်ဖွဲ့တွေက ပစ်ချလိုက်တဲ့ ရုရှားတိုက်လေယာဉ်တွေလို့ ပြောဆိုထားတဲ့ ဗီဒီယိုတစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေတစ်သန်းကျော် ကြည့်ရှုခဲ့ကြပါတယ်။ တကယ်တမ်းတော့ အဲဒီဗီဒီယိုဟာ ARMA 3 ကွန်ပျူတာဂိမ်းကို အသုံးပြုပြီး စစ်ပွဲအသွင်တူဖန်တီးထားတဲ့ ဗီဒီယိုသာ ဖြစ်ပါတယ်။

အဲဒီဗီဒီယိုကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက်က Facebook ပေါ်က ဒီလင့်ခ်မှာ တင်ခဲ့တာဖြစ်ပြီး အကြိမ်ရေ တစ်သိန်းကျော် ကြည့်ရှုခဲ့ကြပါတယ်။

ဗီဒီယိုနဲ့အတူ ဖော်ပြထားတဲ့ အညွှန်းစာကတော့ အခုလို ဖြစ်ပါတယ်။

“ရုရှားနိုင်ငံထုတ် တိုက်လေယာဉ်တွေက အမေရိကန်နိုင်ငံထုတ် ပခုံးထမ်းလောင်ချာ FIM-92 Stinger ရှေ့မှာတော့ တစ်စီးပြီး တစ်စီး သစ်ရွက်ကြွေသလိုပါပဲလား”

“ဒါတောင် အမေရိကန်တွေကိုယ်တိုင်ပစ်တာ မဟုတ်သေးဘူး သူတို့သင်တန်းပေးထားတဲ့ ယူကရိန်းစစ်တပ်က ပစ်တာပဲရှိသေးတယ်” (မူရင်းအတိုင်း)

ရုရှားတပ်ဖွဲ့တွေကို ပြန်လည်တိုက်ခိုက်ဖို့ ယူကရိန်းကို အမေရိကန်နိုင်ငံက ပုခုံးထမ်းဒုံးကျည် (Stinger missiles)တွေအပါအဝင် ဒေါ်လာသန်းရာချီအကူညီပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Image
Screenshot taken on March 30, 2022, of the false video

တူညီတဲ့ပြောဆိုမှုနဲ့အတူ ဗီဒီယိုကို Facebook ပေါ်က ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ခဲ့ပါတယ်။

ရုရှားလေယာဉ်တွေကို ယူကရိန်းစစ်တပ်က ပစ်ချနိုင်ခဲ့တယ်လို့ ပြောဆိုမှုတွေ ရှိပေမယ့် ဒီဗီဒီယိုကတော့ ကွန်ပျူတာနဲ့ ဖန်တီးပြုပြင်ထားတဲ့ ဗီဒီယိုဂိမ်းတစ်ခုကနေ ယူထားတာ ဖြစ်ပါတယ်။

အဓိကစကားလုံး (Keyword) တွေသုံးပြီး Google ပေါ်မှာ ရှာဖွေကြည့်တဲ့အခါ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၆ ရက်က YouTube စာမျက်နှာတစ်ခုမှာ တင်ခဲ့တဲ့ ဒီဗီဒီယိုကို တွေ့ရပါတယ်။

အဲဒီဗီဒီယိုဟာ စစ်တိုက်တဲ့ကွန်ပျုတာဂိမ်း ARMA 3 ကိုသုံးပြီး အသွင်တူဖန်တီးထားတာ ဖြစ်တယ်လို့ ဗီဒီယိုရဲ့ရည်ညွန်းစာမှာ ဖော်ပြထားပါတယ်။

“Su-25 လေယာဉ်ကို FIM-92 Stinger ဒုံးကျည်ဖြင့် ပစ်ချခြင်း - စစ်ပွဲအသွင်တူဖန်တီးမှု - ARMA 3”

ARMA 3 ဟာ ချက်နိုင်ငံအခြေစိုက် ဂိမ်းဆော့ဖ်ဝဲရေးသားတဲ့ Bohemia Interactive ကနေ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ စစ်ပွဲပုံစံဗီဒီယိုဂိမ်းတစ်ခု ဖြစ်ပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဗီဒီယို (ဘယ်) နဲ့ YouTube ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ပါဗီဒီယို (ဘယ်) နဲ့ YouTube ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

ARMA 3 ကို ထုတ်လုပ်ခဲ့တဲ့ Bohemia Interactive ကတော့ ပို့စ်တွေမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဟာ ARMA 3 ဂိမ်းကနေ ရယူထားတာ ဖြစ်တယ်လို့ အတည်ပြုပါတယ်။

"တကယ်တမ်း ဒီဗီဒီယိုဟာ မွမ်းမံထားတဲ့ ARMA ဂိမ်းကိုသုံးပြီး ဖန်တီးထားတာဖြစ်ပြီး တကယ့်အဖြစ်အပျက် မဟုတ်ပါဘူး" လို့ ပြောရေးဆိုခွင့်ရှိသူ Pavel Křižka က မတ်လ ၃၁ မှာ AFP ကို ပြောပါတယ်။

ဗီဒီယိုဂိမ်းပါဝင်နေတဲ့ သတင်းအချက်အလက်အမှားတွေနဲ့ပတ်သက်ပြီး သတိပေးချက်တစ်ခုကိုလည်း Arma 3 ဂိမ်းကုမ္ပဏီက ဖေဖော်ဝါရီလ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ယခင်ကလည်း ARMA 3 ဂိမ်းဗီဒီယိုတွေကို တကယ့်အဖြစ်အပျက်တွေအဖြစ် မှားယွင်းဖော်ပြထားတဲ့ ဗီဒီယိုတွေကို AFP က အချက်အလက်စိစစ်ခဲ့ပြီး ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ