ယူကရိန်းပိုင်နက်ထဲဆင်းသက်နေတဲ့ ရုရှားလေထီးတပ်သားတွေလို့ ဆိုထားတဲ့ ဗီဒီယိုဟောင်း မှားယွင်းပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 29 မတ် 2022 အချိန် 10h33
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
ယူကရိန်းပိုင်နက်ထဲဆင်းသက်နေတဲ့ ရုရှားလေထီးတပ်သားတွေဆိုပြီး ဗီဒီယိုတစ်ခုကို Facebook မှာ အကြိမ်ရေသောင်းနဲချီကြည့်ရှုမှုရှိနေပါတယ်။ ဒီဗီဒီယိုဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ အနောက်နိုင်ငံတွေကို ကျောထောက်နောက်ခံပြုနေတဲ့ အိမ်နီးချင်းယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုစတင်ခဲ့ပြီးနောက် အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတာဖြစ်ပါတယ်။ ဒီကျူးကျော်မှုနဲ့အတူ ရုရှားဘက်က လေထီးတပ်ဖွဲ့တွေ ယူကရိန်းဆီ စေလွှတ်ခဲ့တယ်ဆိုတဲ့ သတင်းတင်ပြမှုတွေရှိနေပေမယ့် လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ရုရှားမှာပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုအကြောင်းဖော်ပြထားတဲ့ လူမှုကွန်ရက်စာမျက်နှာပို့စ်တစ်ခုမှာ ဒီဗီဒီယိုကို ဖော်ပြထားတာတွေ့ရပါတယ်။

ကြာမြင့်ချိန် ၄၆ စက္ကန့်ရှိတဲ့ ဒီဗီဒီယိုကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က Facebook ပေါ်က ဒီလင့်ခ်မှာ မျှဝေထားပြီး ကြည့်ရှုမှုအကြိမ်ရေ ၈၅,၀၀၀ ကျော်ရှိနေပါတယ်။

ဒီဗီဒီယိုရဲ့ ရည်ညွှန်းစာသားကတော့ အခုလို ဖြစ်ပါတယ်။

“ယူကရိန်း Kharkiv (ကာကိဗ်)မြို့အနီးတွင် ရူရှားလေထီးတပ်သားများ မြေပြင်သို့ဆင်းသက်လျက်ရှိ” (မူရင်းအတိုင်း)

Image
၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

ဒီဗီဒီယိုကို တူညီတဲ့ပြောဆိုမှုနဲ့ အတူ Facebook ပေါ်က ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည်မျှဝေထားပါတယ်။

ရုရှားသမ္မတ Vladimir Putin က ယူကရိန်းနိုင်ငံကို စစ်ရေးကျူးကျော်မှုစတင်လိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် ကာကိဗ်မြို့တစ်ဝိုက် ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ကစလို့ မြို့တော်ဟာရုရှားရဲ့ ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကို ခံနေရပါတယ်။

စစ်ရေးဗျူဟာအချက်အချာကျတဲ့ နေရာတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ရုရှားက လေထီးတပ်ဖွဲ့တွေ စေလွှတ်ခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။

ဒါပေမဲ့ ဒီနားလည်မှုလွဲစေတဲ့ပို့စ်မှာဖော်ပြထားတဲ့ဗီဒီယိုဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။

ဗီဒီယိုထဲကပုံရိပ်တွေကို ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ အချိန်အနည်းငယ်ပိုမိုကြာမြင့်တဲ့ ဒီဗီဒီယိုကို ရုရှားလူမှုကွန်ရက်တစ်ခုဖြစ်တဲ့ VKontakte မှာ ၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့က မျှဝေထားတာတွေ့ရပါတယ်။

ဒီဗီဒီယိုကို ၂၀၁၄ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှာ မျှဝေတဲ့သူက “Taganrog မြို့တော်ထဲက Rostov အနီးဆင်းသက်..တစ်နေ့ နှစ်ကြိမ်ဆင်းသက်” ဆိုတဲ့စာသားနဲ့အတူ စစ်တပ်ဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသားတွေရဲ့ဓာတ်ပုံနှစ်ပုံကို မျှဝေထားပါတယ်။

Taganrog မြို့ဟာ ရုရှားနိုင်ငံအနောက်မြောက်ပိုင်းက Rostov ဒေသမှာရှိတဲ့ မြို့တစ်မြို့ဖြစ်ပြီး ယူကရိန်းနယ်စပ်ရဲ့ အရှေ့ဘက် ၃၁ မိုင် (၅၀ ကီလိုမီတာ) ခန့်မှာ တည်ရှိပါတယ်။

၂၀၁၄ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက Kuzminka လေ့ကျင့်ရေးစခန်းမှာ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ Kuzminka ဟာ Taganrog ရဲ့ အရှေ့တောင်ပိုင်း ၂၂ မိုင် (၃၆ကီလိုမီတာ) အကွာမှာတည်ရှိပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ကဗီဒီယို (ဘယ်) နဲ့ ၂၀၁၄ ခုနှစ်က VKontakte မှာ မျှဝေထားတဲ့ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကို တွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ကဗီဒီယို (ဘယ်) နဲ့ ၂၀၁၄ ခုနှစ်က VKontakte မှာ မျှဝေထားတဲ့ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

ဒီစစ်ရေးလေ့ကျင့်မှုကြီးနဲ့ပတ်သက်တဲ့ဆောင်းပါးကို ရုရှားသတင်းဌာနတစ်ခုဖြစ်တဲ့ TASS သတင်းက ဒီလင့်ခ်မှာ ဖော်ပြထားပြီး ဒီလေ့ကျင့်မှုဟာ ၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်မှာ ပြီးဆုံးမယ်လို့ ပြောဆိုထားပါတယ်။

ရုရှားရဲ့ ယူကရိန်းကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်မှားတွေ တိုးမြင့် ပျံ့နှံ့နေပါတယ်။ AFP က ဒီအချက်အလက်မှားတွေကို ဒီလင့်ခ်မှာ စိစစ်ဖော်ပြထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်