တရုတ်လေယာဉ်ပျက်ကျတဲ့ နေရာလို့ ပြောဆိုထားတဲ့ ဗီဒီယို မှားယွင်းပျံ့နှံ့
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 28 မတ် 2022 အချိန် 11h44
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ဟောင်ကောင်
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၄။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
ဗီဒီယိုကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၁ ရက်က Facebook ပေါ်က ဒီလင့်ခ်မှာ တင်ခဲ့တာပါ။ ဗီဒီယိုကို အကြိမ်ရေ ၁၉,၀၀၀ ကျော် ကြည့်ရှုခဲ့ကြပါတယ်။
ဗီဒီယိုရဲ့ ရည်ညွှန်းစာကတော့ အခုလို ဖြစ်ပါတယ်။
“ခရီးသည် ၁၃၃ ဦး ပါသွားတဲ့ တရုတ်လေယာဉ် ပျက်ကျသွားတဲ့ ဗီဒီယို Update လေယာဉ်ပေါ်ပါ ခရီးသည် အားလုံးသေဆုံးဟုသိရ” (မူရင်းအတိုင်း)
၄၅ စက္ကန့်ရှည်လျားတဲ့ ဗီဒီယိုမှာ မီးလောင်နေတဲ့ တောင်စောင်းတစ်ခုကနေ မီးခိုးတွေ ထွက်နေတာကို မြင်ရပါတယ်။ ဗီဒီယိုနောက်ခံမှာလည်း လူတွေစကားပြောနေသံကို ကြားရပါတယ်။
မတ်လ ၂၁ ရက်က China Eastern လေယာဉ် Boeing 737-800 ဟာ တရုတ်နိုင်ငံတောင်ပိုင်း Guangxi ဒေသ Wuzhou မြို့အနီးက တောင်တန်းထဲ ဇောက်ထိုးပြုတ်ကျခဲ့တဲ့နောက် တရုတ်နိုင်ငံ လေကြောင်းအာဏာပိုင်တွေက လေယာဉ်ပျက်ကျရတဲ့အကြောင်းအရင်းကို စစ်ဆေးစုံစမ်းနေကြချိန်မှာ ဒီဗီဒီယို ပျံ့နှံ့လာခဲ့တာပါ။
မတ်လ ၂၃ ရက်မှာ လေယာဉ်ပျံသန်းမှုမှတ်တမ်းပါဝင်တဲ့ black box ကို ရှာတွေ့ခဲ့ပေမယ့် အသက်ရှင်ကျန်ရစ်တဲ့လူ မရှိပါဘူး။
ဗီဒီယိုကို တူညီတဲ့ပြောဆိုမှုနဲ့အတူ Facebook ပေါ်က ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ခဲ့ပါတယ်။
ဒါပေမဲ့ ဗီဒီယိုပါဝင်တဲ့ ပို့စ်ဟာ နားလည်မှုလွဲစေပါတယ်။
တောင်စောင်းပေါ်က မီး
အဓိကကျတဲ့စကားလုံး (Keyword) တွေ အသုံးပြုပြီး ရှာဖွေကြည့်တဲ့အခါ Fujian ပြည်နယ်၊ Longyan မြို့မှာ မီးလောင်မှု ဖြစ်ပွားခဲ့တဲ့အကြောင်း Modern Express Post တရုတ်သတင်းစာက ရေးသားထားတဲ့ ဒီသတင်းကို တွေ့ရပါတယ်။ အဲဒီနေရာဟာ လေယာဉ်ပျက်ကျခဲ့တဲ့ Wuzhou မြို့နဲ့ မိုင် ၅၀၀ (၈၀၀ ကီလိုမီတာ) လောက် ကွာဝေးပါတယ်။
Longyan က အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း အဲဒီဗီဒီယိုဟာ မတ်လ ၂၀ ရက်က ဒေသရွာလေးတစ်ရွာအနီးက တောင်စောင်းတစ်ခု မီးလောင်မှုဖြစ်ခဲ့တဲ့ ဗီဒီယိုလို့ AFP ကို ပြောပါတယ်။
“အွန်လိုင်းပေါ်က ဗီဒီယိုက လေယာဉ်ပျက်ကျမှုကို ပြတာ မဟုတ်ပါဘူး။ တကယ်တမ်း အဲဒီဗီဒီယိုက မတ်လ ၂၀ ရက်နေ့က Shanghang ခရိုင်၊ Guanzhuang She တိုင်းရင်းသားမြို့နယ်က ရွာတစ်ရွာရဲ့ တောင်စောင်းတစ်ခုမှာ မီးလောင်နေတာပါ။” လို့ အဲဒီပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
သူ့အဆိုအရ မီးလောင်မှုဟာ တရုတ်ရိုးရာတစ်ခုဖြစ်တဲ့ အမွှေးတိုင်တွေ ထွန်း၊ ဆုတောင်းစာတွေ မီးရှို့ပြီး ဘိုးဘေးတွေရဲ့အုတ်ဂူတွေကို သန့်ရှင်းရေးလုပ်ရာကနေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
မီးလောင်မူဖြစ်ပွားတဲ့နေရာက Longpai ရွာအပိုင်မှာဖြစ်ပြီး အဲဒီမီးလောင်တဲ့နေရာအနီးက ရွာတစ်ရွာမှာနေတယ်ဆိုတဲ့ Lin ဆိုသူနဲ့ AFP က အဆက်အသွယ်ရခဲ့ပါတယ်။
သူက Facebook ပို့စ်ကဗီဒီယိုထက် ပိုရှည်တဲ့ဗီဒီယိုတစ်ခုနဲ့ ဒေသ WeChat group မှာ မတ်လ ၂၀ က မျှဝေခဲ့တဲ့ screenshot တစ်ခုကို ပေးပို့ခဲ့ပါတယ်။
အဲဒီဗီဒီယိုနဲ့ ပေးပို့ချိန်ကို AFP က အနီရောင်အမှတ်အသား ပြုလုပ်ထားတာကို အောက်မှာ တွေ့နိုင်ပါတယ်။
အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်က ဗီဒီယိုနဲ့ မတ်လ ၂၀ ရက်က မျှဝေထားတဲ့ WeChat ပေါ်က ဗီဒီယိုကို နှိုင်းယှဉ်ပြထားပါတယ်။
အဲဒီရွာကို Baidu မြေပုံ ဒီလင့်ခ်မှာလည်း တွေ့ရပါတယ်။ တောင်ထူထပ်တဲ့ရွာရဲ့ပတ်ဝန်းကျင်ဟာ ဗီဒီယိုထဲက မြေပြင်အနေအထားနဲ့ ကိုက်ညီပါတယ်။
ဗီဒီယိုထဲမှာ ကြားရတဲ့ စကားပြောသံတွေက သူတို့ပြောတဲ့ဒေသိယစကား ဖြစ်တယ်လို့ Lin က AFP ကို ပြောပါတယ်။
AFP ကို သူ ပို့ပေးတဲ့ ဘာသာပြန်ချက်အရ အုတ်ဂူသန့်ရှင်းရေးလာလုပ်နေတုန်း “ပေါ့ဆ” မှုကြောင့် မီးလောင်မှုဖြစ်ရတဲ့အပေါ် လူတစ်ယောက်က အပြစ်တင်နေတာတွေကိုလည်း တွေ့ရပါတယ်။
အမျိုးသမီးတစ်ယောက်ကလည်း အခုလိုမှတ်ချက် (Comment) ရေးထားပါတယ်။
“မီးက တော်တော်ပြင်းတာပဲ။ အဲဒီကိုသွားပြီး အုတ်ဂူသန့်ရှင်းရေးလုပ်ခဲ့တဲ့လူက တော်တော်ဆိုးတာပဲ။ (မီးလောင်မှုဖြစ်အောင်) ပေါ့ဆလွန်းတယ်”
China Eastern Airlines လေယာဉ်ပျက်မကျမီ နောက်ဆုံးမြင်ကွင်းလို့ပြောဆိုထားတဲ့ အခြားဗီဒီယိုတစ်ခုလည်း AFP က ဒီလင့်ခ်မှာ အချက်အလက် စိစစ်ထားပါတယ်။
Correction: This article was updated on March 25 to clarify the man surnamed Lin is from Shanghang county.
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်