ဒီဓာတ်ပုံဟာ မြန်မာနိုင်ငံကမဟုတ်ဘဲ ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖွန်းဟိုင်ယန်တိုက်ခတ်ခဲ့ပြီးနောက် ရိုက်ကူးထားတဲ့ဓာတ်ပုံသာဖြစ်
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 28 မတ် 2022 အချိန် 10h22
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
မတ်လ ၂၂ ရက်နေ့မှာ မျှဝေထားပြီး ပြန်လည်မျှဝေမှုအကြိမ်ရေ ၅,၃၀၀ ကျော်ရှိနေတဲ့ Facebook ပို့စ်ရဲ့စာသားကိုတော့ အောက်မှာတွေ့နိုင်ပါတယ်။
“ညနေ၃နာရီအခြေအနေပါလပွတ္တာပါ
ကျနော်တို့အိမ်ရော အကုန်ပါကုန်ပြီဗျာ
ဂရုစိုက်ကြပါအမျိုးတို့” (မူရင်းအတိုင်း)
လပွတ္တာဟာ မြန်မာနိုင်ငံရဲ့ ဧရာဝတီတိုင်းထဲက မြို့တစ်မြို့ဖြစ်ပါတယ်။
တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံကို Facebook ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေက ပြန်လည်မျှဝေထားပါတယ်။
မတ်လ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ အနောက်မြောက်ပိုင်းကမ်းရိုးတန်းဒေသကို ဝင်ရောက်ခဲ့တဲ့မုန်တိုင်းငယ်တစ်ခုကြောင့် မိုးသည်းထန်ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့နောက် ဒီပို့စ် အွန်လိုင်းမှာပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။
ဒီမုန်တိုင်းကြောင့် လပွတ္တာမြို့နယ်အတွင်းက နေအိမ်အချို့အပြင် ဈေးဆိုင်တွေနဲ့ စေတီတစ်ဆူပျက်စီးခဲ့တယ်လို့ ဧရာဝတီသတင်းက ဖော်ပြထားပါတယ်။
ဒါပေမဲ့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ဒီဓာတ်ပုံကို မတ်လ ၂၂ ရက်နေ့က မြန်မာနိုင်ငံမှာရိုက်ယူထားတယ်ဆိုတာ မဟုတ်ပါဘူး။
Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့စွဲပါ Reuters သတင်းဌာနရဲ့ ဒီဆောင်းပါးမှာ ဖော်ပြထားတာတွေ့ရပါတယ်။
ဆောင်းပါးရဲ့ခေါင်းစဥ်ကိုတော့ “အပျက်အစီးတွေနဲ့ Tacloban မြို့”လို့ဖော်ပြထားပြီး ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ဝင်ရောက်ခဲ့တဲ့ စူပါတိုင်ဖွန်းဟိုင်ယန်ကြောင့် ပျက်စီးသွားတဲ့ဖိလစ်ပိုင်မြို့က ပုံရိပ်တွေကိုတွေ့ရပါတယ်။
တိုင်ဖွန်းဟိုင်ယန်ကြောင့် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းအတွင်း လူပေါင်း ၇,၃၆၀ ကျော်သေဆုံး၊ ပျောက်ဆုံးမှုတွေရှိခဲ့ပြီး ဆူနာမီနဲ့ဆင်တဲ့ ရေလှိုင်းရိုက်ခတ်မှုကြောင့် လူနေအိုးအိမ်တွေပျက်စီးခဲ့တဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာကယ်ဆယ်တုံ့ပြန်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။
“၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်။ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းဒေသက Tacloban မြို့ကို တိုင်းဖွန်းဟိုင်ယန်ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် နေအိမ်အပျက်အစီးတွေကြားမှာတွေ့ရတဲ့ လူအချို့။”ဆိုပြီး ဒီသဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးမှုတွေကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံစီးရီးတွေထဲက ၁၂ ပုံမြောက်ဖြစ်တဲ့ ဒီဓာတ်ပုံစာသားကို တွေ့ရပါတယ်။
အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) နဲ့ Reuters ဆောင်းပါးကဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ပြထားတာ တွေ့နိုင်ပါတယ်။
ဒီတိုင်ဖွန်းနဲ့ပတ်သက်ပြီးမှားယွင်းဖော်ပြထားတဲ့ဓာတ်ပုံတွေကို AFP က ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း အချက်အလက်စိစစ်ဖော်ပြခဲ့ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်