၂၀၂၂ ခုနှစ် မတ်လ ထိုင်ဝမ်ငလျင်က အပျက်အစီးတွေလို့ ဆိုထားတဲ့ ဓာတ်ပုံတွေ မှားယွင်း ပျံ့နှံ့
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 28 မတ် 2022 အချိန် 05h34
- အပ်ဒိတ်ရက်စွဲ 28 မတ် 2022 အချိန် 07h17
- ဖတ်ရန် ကြာချိန် 4 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
ဓာတ်ပုံလေးပုံကို Facebook ရဲ့ ဒီလင့်ခ်မှာ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က တင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁,၃၀၀ ကျော် ရှိခဲ့ပါတယ်။
ဓာတ်ပုံတွေနဲ့အတူ နားလည်မှုလွဲစေတဲ့ပို့စ်မှာ ရေးထားတဲ့ စာသားက အခုလို ဖြစ်ပါတယ်။
“ ထိုင်ဝမ် ၅ မိနစ်အတွင်း M6.9 / 6.1/ 5.7 အင်အားပြင်းငလျင် ၃ ကြိမ်လှုပ်” (မူရင်းအတိုင်း)
၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက်က ထိုင်ဝမ်မှာ အင်အား ၆ ဒသမ ၇ မဂ္ဂနီကျူ့ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့ပါတယ်။ အဲဒီငလျင်ကြောင့် လူတစ်ဦးဒဏ်ရာရရှိခဲ့ပြီး ဆောက်လက်စ တံတားတစ်စင်း ထိခိုက်ပြိုပျက်ခဲ့တယ်လို့ ဒီ AFP သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီလို ငလျင်လှုပ်ခဲ့ပြီး သိပ်မကြာခင်မှာ အခုလို နားလည်မှုလွဲစေတဲ့ ပို့စ်တွေ ပျံ့နှံ့လာခဲ့တာပါ။
ဓာတ်ပုံတွေကို တူညီတဲ့ပြောဆိုမှုနဲ့အတူ Facebook ပေါ်က ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားကြပါတယ်။
ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။
ပထမဓာတ်ပုံ
အဓိကကျတဲ့စကားလုံးတွေသုံးပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တုန်းက ထိုင်ဝမ်နိုင်ငံ၊ ဟွာလျန်းခရိုင်မှာ ငလျင်လှုပ်တဲ့အကြောင်းရေးထားတဲ့ ထိုင်ဝမ်သတင်းတစ်ပုဒ်မှာ ဒီဓာတ်ပုံကို တွေ့ရပါတယ်။
ဓာတ်ပုံမူရင်းဟာ ထိုင်ဝမ်နိုင်ငံတော်ပိုင် ဗဟိုသတင်းအေဂျင်စီ (CNA) ကဖြစ်ပြီး ဓာတ်ပုံနဲ့အတူတွဲတင်ထားတဲ့စာက အခုလိုပါ။
“Yuntsui အဆောက်အအုံရဲ့ အပေါ်စီးမြင်ကွင်း”
အောက်မှာထိုင်ဝမ်သတင်းပါဓာတ်ပုံရဲ့ screenshot ဖြစ်ပါတယ်။
ထိုင်ဝမ်နိုင်ငံမှာ ခရီးသွားတွေကြားထင်ရှားတဲ့ ဟွာလျန်းခရိုင်ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြင်းအား ၆ ဒသမ ၄ မဂ္ဂနီကျူ့ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ခုနစ်ဦးသေဆုံးပြီး လူ ၂၅၀ ကျော်ဒဏ်ရာရရှိခဲ့တဲ့အပြင် ပျောက်ဆုံးသူအများအပြားလည်းရှိခဲ့တဲ့အကြောင်း AFP သတင်းတစ်ပုဒ်ကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။ အဲဒီသတင်းနဲ့အတူ တွဲတင်ထားတဲ့ပုံမှာ အလားတူအဆောက်အအုံကို တွေ့မြင်ရပါတယ်။
အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ CNA ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတာဖြစ်ပါတယ်။
ဒုတိယပုံ
ဒုတိယပုံကို Google Lens အသုံးပြုပြီး ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်က Associated Press (AP) သတင်းဌာန၊ ဓာတ်ပုံဝဘ်ဆိုဒ်ရဲ့ ဒီလင့်ခ်မှာ တင်ခဲ့တာ တွေ့ရပါတယ်။
ဓာတ်ပုံရည်ညွှန်းစာက အခုလို ဖြစ်ပါတယ်။
“၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်က ထိုင်ဝမ်နိုင်ငံ အရှေ့ဘက်၊ ဟွာလျန်းခရိုင်တွင် အင်အား ၆ ဒသမ ၄ မဂ္ဂနီကျုရှိသည့် ငလျင်လှုပ်ခဲ့သည့်နောက် တစ်ဘက်သို့စောင်းကာ ပြိုကျခဲ့သည့် အဆောက်အအုံတစ်ခုအတွင်းသို့ ကူညီကယ်ဆယ်ရေးသမားများ ဝင်ရောက်နေကြသည်ကို တွေ့ရသည်။ အဆိုပါကယ်ဆယ်ရေးသမားများသည် အဆောက်အအုံအတွင်း ပိတ်မိနေသည့် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေကြသည်။ (AP ဓာတ်ပုံ/Tian Jun-hsiung)
အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ AP ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတာဖြစ်ပါတယ်။
တတိယဓာတ်ပုံ
တတိယဓာတ်ပုံကို Google မှာ ရာဇဝင်ရှာကြည့်တဲ့အခါ EPA ဓာတ်ပုံအေဂျင်စီရဲ့ ဝဘ်ဆိုဒ်ရဲ့ ဒီလင့်ခ်မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်က တင်ထားတာ တွေ့ရပါတယ်။ ဒီဓာတ်ပုံဟာလည်း ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်က ထိုင်ဝမ်နိုင်ငံ၊ ဟွာလျန်းခရိုင်မှာ အင်အား ၆ ဒသမ ၄ မဂ္ဂနီကျူ့ရှိတဲ့ ငလျင်လှုပ်ခဲ့တဲ့နောက် မြင်ရတဲ့မြင်ကွင်း ဖြစ်ပါတယ်။
ပုံနဲ့အတူ ရေးထားတဲ့ ဖော်ပြချက်က အခုလို ဖြစ်ပါတယ်။
“ထိုင်ဝမ်အရှေ့ဘက်၊ ဟွာလျန်းပြည်နယ်တွင် ၆ ဒသမ ၄ မဂ္ဂနီကျူ့ရှိတဲ့ ငလျင်လှုပ်ခတ်သည့်အတွက် အနည်းဆုံး လူလေးဦး သေဆုံးပြီး လူ ၂၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်”
“ကယ်ဆယ်ရေးအဖွဲ့များသည် ဟွာလျန်းတွင် ပျက်စီးနေသည့် အဆောက်အအုံတွင် သတ္တုထုပ်တန်းများကို အသုံးပြု၍ ပျောက်ဆုံးနေသည့်လူများကို ရှာဖွေခဲ့ကြသည်” လို့လည်း တပိုင်းတစ ရေးထားပါတယ်။
အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ EPA ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတာဖြစ်ပါတယ်။
စတုတ္ထဓာတ်ပုံ
နားလည်မှုလွဲစေတဲ့ပို့စ်မှာ ပါဝင်တဲ့ နောက်ဆုံးဓာတ်ပုံကတော့ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက်က ထိုင်ဝမ်နိုင်ငံမှာ ၆ ဒသမ ၆ မဂ္ဂနီကျူ့ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် ကားလမ်းမပေါ် ပြိုကျခဲ့တဲ့ ကျောက်တုံးတစ်တုံးရဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ထိုင်ဝမ်နိုင်ငံတော်ပိုင် ဗဟိုသတင်းအေဂျင်စီ (CNA) ရဲ့ အင်္ဂလိပ်ပိုင်းဝဘ်ဆိုဒ် focustaiwan.tw က အဲဒီဓာတ်ပုံကို ဖော်ပြခဲ့ပါတယ်။
အဲဒီသတင်းအရ ငလျင်ကြောင့် လူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး လမ်းတော်တော်များများ ပျက်စီးခဲ့သလို လျှပ်စစ်မီးပြတ်တောက်မှုလည်း ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ CNA ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတာဖြစ်ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်