လွဲမှားတဲ့စာသားတွေနဲ့ မက္ကစီကိုလွှတ်တော်အမတ်ရဲ့ဓာတ်ပုံပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 25 မတ် 2022 အချိန် 07h05
  • အပ်ဒိတ်ရက်စွဲ 04 ဇူလိုင် 2024 အချိန် 04h01
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
မက္ကစီကိုနိုင်ငံက လွှတ်တော်အမတ်တစ်ဦးဟာ အကျင့်ပျက်ခြစားမှုနဲ့ ပြည်သူတွေရဲ့ဆင်းရဲမွဲတေမှုကို မြင်သာစေလိုတဲ့အတွက် အဝတ်အစားတွေချွတ်ပြီး မေးခွန်းထုတ်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုနဲ့အတူ ဓာတ်ပုံတစ်ပုံကို Facebook ပေါ်မှာ အကြိမ်ကြိမ် ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ နားလည်မှုလွဲစေပါတယ်။ ပုံထဲမှာမြင်ရတာဟာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတုန်းက စွမ်းအင်ဥပဒေမူကြမ်းကို ဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ အဝတ်အစားတွေချွတ်ပစ်ခဲ့တဲ့ မက္ကစီကိုလွှတ်တော်အမတ်တစ်ဦးဖြစ်ပါတယ်။ ဒီဥပဒေမူကြမ်းဟာ “တိုင်းပြည်ကိုချွတ်ခြုံကျစေမယ်” ဆိုပြီး ဥပမာခိုင်းနှိုင်းပြချင်တဲ့အနေနဲ့ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်ထဲမှာတော့ နားလည်မှုလွဲစေတဲ့ပို့စ်တွေမှာ ပျံ့နှံ့နေတဲ့စာသားတွေ မပါဝင်ပါဘူး။ 

နားလည်မှုလွဲစေတဲ့ဓာတ်ပုံနဲ့စာသားတွေဟာ မြန်မာနိုင်ငံက Facebook သုံးစွဲသူတွေကြားမှာ အနည်းဆုံး ၂၀၂၀ ပြည့်နှစ်ကနေ စတင်ပျံ့နှံ့ခဲ့ပြီး ၂၀၂၂ ခုနှစ်အထိ အကြိမ်ကြိမ် ပြန်လည်ကူးယူမျှဝေနေကြတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလက တင်ထားတဲ့ ဒီ Facebook ပို့စ်မျိုးဖြစ်ပြီး  ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၃,၁၀၀ ကျော်ရှိနေပါတယ်။ 

 ဓာတ်ပုံနဲ့အတူ တွဲတင်ထားတဲ့စာသားအချို့က အခုလိုဖြစ်ပါတယ်။ 

 “မက္ကဆီကိုနိုင်ငံက
လွှတ်တော်အမတ်တစ်ဦး
လွှတ်တော်အစည်းအဝေးမှာ 
အဝတ်အစားတွေချွတ်ပြီး
ကျန်အမတ်တွေကို မေးလိုက်တယ်။
"ကျွန်တော် ဒီလိုမျိုးအဝတ်အစား
 မရှိတာကို တွေ့တော့
 ခင်ဗျားတို့ မြင်ရတာ ရှက်ကြတယ်မလား...'
"ဒါပေမဲ့
တိုင်းသူပြည်သားတွေရဲ့ငွေကို
ခိုးယူအလွဲသုံးစားလုပ်လို့
သူတို့တွေအဝတ်အစားချို့တဲ့
ခြေဗလာနဲ့ပင်ပင်ပန်းပန်းလမ်းလျှောက်
အလုပ်အကိုင်မရှိ ဒုက္ခရောက်
ငတ်ပြတ်နေတာမျိုး မြင်နေရတာကြတော့ရော
ခင်ဗျားတို့ မရှက်ကြဘူးမလား...' လို့
ပြည်သူတွေကိုယ်စား
သတ္တိရှိရှိမေးခဲ့တာဖြစ်ပါတယ်။” (မူရင်းအတိုင်း)

ပြသခြင်း။ ဖွက်ပါ။

အတွင်းစာသားသတိပေးချက်

Image
နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က ရယူထားတဲ့ screenshot

 ပို့စ်အောက်က မှတ်ချက် (comment) တွေအရ ပို့စ်မှာရေးသားထားတဲ့စာသားတွေကို မက္ကစီကိုလွှတ်တော်အမတ် တကယ်ပြောခဲ့တာဆိုပြီး လူအချို့ ယုံကြည်ကြတာ တွေ့ရပါတယ်။ 

 မှတ်ချက်တစ်ခုက အခုလိုဖြစ်ပါတယ်။ “အဲ့လိုမျိုးဒီနိုင်ငံမှာ လုပ်လိြ့ အဆင်မပြေလောက်ဘူး လွတ်တော်ကို စော်ကားမှု့တို အကြည်ညိုပျက်အောင်လုပ်မှုတို့ ဘာတို ညာတို့ နဲ့ စွဲချက်တွေအတင်ခံရနိုင်တယ်” (မူရင်းအတိုင်း)

 နောက်မှတ်ချက်တစ်ခုက အခုလိုဖြစ်ပါတယ်။ “အိုး... လေးစားလိုက်တာ”

 အဲဒီဓာတ်ပုံကိုပဲ အလားတူပြောဆိုမှုတွေနဲ့ ၂၀၂၁ ခုနှစ်တုန်းက ဒီလင့်ခ်နဲ့ ဒီလင့်ခ်၊ ၂၀၂၂ ခုနှစ်မှာ ဒီလင့်ခ် စသည်ဖြင့် ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်။ 

 ဒါပေမဲ့ ဒီအဆိုဟာ နားလည်မှု လွဲစေပါတယ်။ 

 အထက်လွှတ်တော်အမတ်ရဲ့ ဆန္ဒပြမှု

 ဓာတ်ပုံမှာမြင်ရတာဟာ မက္ကစီကိုအထက်လွှတ်တော်အမတ်ဟောင်း Antonio García Conejo ဖြစ်ပြီး ၂၀၁၃ ခုနှစ်တုန်းက စွမ်းအင်ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ အဝတ်အစားတွေ ချွတ်ခဲ့တာဖြစ်ပါတယ်။ 

 အဲဒီအချိန်တုန်းက လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ Garcia ဟာ အဝတ်အစားတွေချွတ်ပြီးဆန္ဒပြတဲ့အချိန်တုန်းက အခု နားလည်မှုလွဲစေတဲ့ပို့စ်တွေမှာပါသလိုစာသားတွေကို ပြောဆိုခဲ့ခြင်းမရှိပါဘူး။

 ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ တူညီတဲ့ဓာတ်ပုံကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်က ဘီဘီစီသတင်းတစ်ပုဒ်မှာ တွေ့ရပါတယ်။ 

 သတင်းခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။

  “မက္ကစီကိုကွန်ဂရက်လွှတ်တော်တွင် အငြင်းပွားဖွယ် ရေနံနှင့်သဘာ၀ဓာတ်ငွေ့ဥပဒေကြမ်းအတည်ပြု”

 ဓာတ်ပုံအညွှန်းစာကတော့ အခုလိုပါ။ “လွှတ်တော်အမတ် Antonio Garcia သည် မက္ကစီကို၏ ရေနံကြွယ်၀မှု ချွတ်ခြုံကျတော့မည်ကို ရှုပ်ချသည့်အနေဖြင့် အဝတ်အစားများကို ချွတ်ပစ်ခဲ့သည်”

 Garcia ရဲ့ ပြောဆိုမှုကို ပြန်လည်ကိုးကားဖော်ပြထားတာက အခုလိုဖြစ်ပါတယ်။ “ဒါဟာ ခင်ဗျားတို့ တိုင်းပြည်ကို ချွတ်ခြုံကျအောင် လုပ်နေတာဆိုပြီး ကျွန်တော်က လက်တွေ့ပြတာ။ ဘယ်မှာလဲအကျိုးအမြတ်။ ကျွန်တော်အခုလုပ်တာ ရှက်စရာမဟုတ်ဘူး၊ ခင်ဗျားတို့လုပ်နေတာကမှ တကယ့်ရှက်စရာဗျ”

 အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်တွေကဓာတ်ပုံ (ဘယ်) နဲ့ ဘီဘီစီသတင်းက ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

ပြသခြင်း။ ဖွက်ပါ။

အတွင်းစာသားသတိပေးချက်

Image
နားလည်မှုလွဲစေတဲ့ပို့စ်တွေကဓာတ်ပုံ (ဘယ်) နဲ့ ဘီဘီစီသတင်းက ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

ကွန်ဂရက်မိန့်ခွန်း

 YouTube မှာ အဓိကစကားလုံးသုံးပြီးရှာဖွေတဲ့အခါ  the Chamber of Deputies of Mexico ဆိုတဲ့ အတည်ပြုအမှန်ခြစ်ရထားတဲ့ YouTube ချန်နယ်တစ်ခုရဲ့ ဒီလင့်ခ်မှာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်က တင်ထားတာ တွေ့ရပါတယ်။ 

 ဗီဒီယိုထဲမှာ Garcia က စွမ်းအင်ပြုပြင်ပြောင်းလဲရေးဆိုင်ရာဥပဒေမူကြမ်းကို ဆန့်ကျင်ကြောင်း ပြောထားတာတွေ့ရပါတယ်။ ဗီဒီယိုရဲ့ ၁၁ မိနစ်နဲ့ ၃၅ စက္ကန့်မှာတော့ Garcia က သူ့ရဲ့အဝတ်အစားတွေကို စပြီး ချွတ်နေတာ တွေ့ရပါတယ်။ 

 စွမ်းအင်ဥပဒေမူကြမ်းဟာ နိုင်ငံကိုချွတ်ခြုံကျအောင်လုပ်နေတာနဲ့ညီမျှကြောင်း Garcia ပြောခဲ့တဲ့စကားကို BBC နဲ့ ABC သတင်းဌာနနှစ်ခုလုံးမှာ ဖော်ပြထားပါတယ်။

 Garcia ပြောတဲ့အထဲမှာ နားလည်မှုလွဲစေတဲ့ပို့စ်တွေမှာဖော်ပြထားသလိုစကားလုံးတွေ မပါဝင်ဘူးလို့ စပိန်စကားပြော AFP ဂျာနယ်လစ်တစ်ဦးက အတည်ပြုပါတယ်။ 

 သူပြောခဲ့တဲ့မိန့်ခွန်း တချို့တ၀က်က အခုလိုဖြစ်ပါတယ်။ 

 “မက္ကစီကို ဖွဲ့စည်းပုံအခြေခံဥပဒေကြီးတော့ အရှက်မရှိပေါ်တင်ကြီး ချိုးဖောက်ခံနေရပြီ။ ပြောချင်တာက လွှတ်တော်ထဲကလူတွေဟာ Teléfonos de México ကို ပုဂ္ဂလိကကို လွှဲပြောင်းပေးပြီး နိုင်ငံတော်ကို ချွတ်ခြုံကျအောင် လုပ်နေကြတယ်ဆိုတာပဲ။ ဒီနိုင်ငံကြီးကို သူတို့ ဆွဲချနေကြတာ။ Teléfonos de México ကို ပုဂ္ဂလိကပိုင် လုပ်ရတယ်လို့ဗျာ။ အကျိုးအမြတ်က ဘယ်မှာတုန်း။” 

 “Ferrocarriles de México တုန်းကလည်း သူတို့ ဒီလိုလုပ်ခဲ့တာပဲ။ အခု ကျွန်တော်တို့မှာ ဒါပဲကျန်တော့တာ။ ဒါလေးကိုတော့ အဆုံးရှုံးမခံပါရစေနဲ့ဗျာ။ ကျွန်တော် မရှက်ဘူးနော်။ ရှက်ရမှာ အခုလိုလုပ်နေတဲ့ခင်ဗျားတို့ပဲ သိလား”

ပုံများပေါ်ရှိ အကြောင်းအရာသတိပေးချက်ကို ထည့်ပြီး ဆောင်းပါးကို ပြန်လည်အတည်ပြုခဲ့သည်။
July 4, 2024 ပုံများပေါ်ရှိ အကြောင်းအရာသတိပေးချက်ကို ထည့်ပြီး ဆောင်းပါးကို ပြန်လည်အတည်ပြုခဲ့သည်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်