တရုတ်လေယာဉ်ပျက်ကျတဲ့ဗီဒီယိုလို့ ဆိုထားတဲ့ ကွန်ပျူတာသရုပ်ဖော်ဗီဒီယို မှားယွင်း ပျံ့နှံ့
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 24 မတ် 2022 အချိန် 04h17
- အပ်ဒိတ်ရက်စွဲ 24 မတ် 2022 အချိန် 04h19
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP USA, Manon JACOB,
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
၂၀၂၂ ခုနှစ်၊ မတ်လ ၂၁ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ “MU5735 တရုတ်လေယာဉ် ပျက်မကျမီ လေယာဉ်ပေါ်တွင် ပါလာသော ခရီးသည်တစ်ဦး ပို့ပေးခဲ့သော နောက်ဆုံး video”(မူရင်းသတ်ပုံအတိုင်း) ဆိုတဲ့ စာသားနဲ့ အဲဒီဗီဒီယိုကို တင်ခဲ့တာပါ။ တူညီတဲ့ပြောဆိုမှုနဲ့အတူ အဲဒီဗီဒီယိုကို ဘလော့ဂ်စာမျက်နှာတော်တော်များများကလည်း ဖော်ပြခဲ့ကြပါတယ်။
အဲဒီဗီဒီယိုကို Facebook ပေါ်က ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဘလော့ဂ်စာမျက်နှာတွေရဲ့ ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ တင်ခဲ့ပါတယ်။
လူပေါင်း ၁၃၂ ဦး တင်ဆောင်လာတဲ့ China Eastern Boeing 737-800 လေယာဉ်ဟာ တရုတ်နိုင်ငံ၊ Guangxi ဒေသမှာ လူတွေသေကြေစေတဲ့အထိ ပျက်ကျခဲ့တဲ့နောက် နိုင်ငံအသီးသီးကအင်တာနက်လူမှုကွန်ရက်တွေမှာ အဲဒီဗီဒီယိုဖိုင် ပျံ့နှံ့လာခဲ့တာပါ။
ပျံသန်းမှုသရုပ်ဖော်
ဗီဒီယိုမှာပါဝင်တဲ့ လေယာဉ်ရဲ့ အမှတ်တံဆိပ်ကို ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ လေယာဉ်ပျက်ကျသွားတဲ့ China Eastern လေကြောင်းလိုင်းရဲ့ အမှတ်တံဆိပ်မဟုတ်ဘဲ အီသီယိုးပီးယားလေကြောင်းလိုင်း (Ethiopian Airlines) ရဲ့ အမှတ်အသားဖြစ်နေတာ တွေ့ရပါတယ်။
အဓိကကျတဲ့စကားလုံးတွေကို အသုံးပြုပြီး YouTube ပေါ်မှာ ရှာကြည့်တဲ့အခါ ပျံသန်းမှုသရုပ်ဖော်ဗီဒီယိုကို ၂၀၁၉ ခုနှစ်က ဒီလင့်ခ်မှာ တင်ခဲ့တာ တွေ့ရပါတယ်။ တစ်မိနစ်ရှည်တဲ့ နားလည်မှုလွဲစေတဲ့ဗီဒီယိုထဲက မြင်ကွင်းတွေကို YouTube ဗီဒီယိုရဲ့ အချိန်အမှတ်အသား ၉ မိနစ်နဲ့ ၃၄ စက္ကန့်မှာ တွေ့ရပါတယ်။
“အီသီယိုးပီးယားလေယာဉ်ပျက်ကျမှု၊ အီသီယိုးပီးယားလေကြောင်းလိုင်း B737 MAX သည် ထွက်ခွာပြီး မကြာမီ ပျက်ကျခဲ့ပါသည်။ Addis Ababa လေဆိပ် [XP11]” ဆိုပြီး YouTube ဗီဒီယိုရဲ့ ဖော်ပြချက်မှာ ရေးသားထားပါတယ်။
“ယခုဗီဒီယိုဟာ အမှန်တကယ်ဖြစ်ပျက်သည့် ဗီဒီယိုမဟုတ်ပါ။ အီသီယိုးပီးယားလေကြောင်းလိုင်း ET302 ပျက်ကျမှုကို သရုပ်ဖော်ထားသည့်ဗီဒီယိုသာဖြစ်ပါသည်” လို့လည်း ဗီဒီယိုရဲ့ ဖော်ပြချက်မှာ ရေးထားပါတယ်။
XP11 ဟာ လေယာဉ်ပျံသန်းမှု သရုပ်ဖော်တဲ့ ဆော့ဝဲလ်တစ်ခု ဖြစ်ပါတယ်။ ဗီဒီယိုဖိုင်ကတော့ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၀ ရက်မှာ လူ ၁၅၇ ဦး သေဆုံးစေခဲ့တဲ့ Boeing 737-Max ပျက်ကျမှုကို ပြသဖို့ ရည်ရွယ်ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီလေယာဉ်ဟာ တရုတ်နိုင်ငံမှာ မကြာသေးခင်က ပျက်ကျခဲ့တဲ့ 737-800 လေယာဉ်နဲ့ မော်ဒယ် မတူပါဘူး။
မကြာသေးတဲ့ နှစ်တွေက တရုတ်နိုင်ငံဟာ အသစ်တည်ဆောက်ထားတဲ့ လေဆိပ်တွေ၊ လေကြောင်းလိုင်းသစ်တွေ၊ ခေတ်မီတဲ့လေယာဉ်တွေနဲ့အတူ လေကြောင်းပျံသန်းရေး လုံခြုံမှုဆိုင်ရာ မှတ်တမ်းကောင်းတွေ ရရှိခဲ့ပါတယ်။
လက်ရှိမှာ China Eastern လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးနေပြီး လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းတွေပါဝင်တဲ့ Black box တစ်ခုကို မတ်လ ၂၄ ရက်က ရှာတွေ့ခဲ့တယ်လို့ ဒီ AFP သတင်းမှာ ဖော်ပြခဲ့ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်