၂၀၁၇ ခုနှစ် မန္တလေးသင်္ကြန်က ဓာတ်ပုံဟောင်းတွေဖြစ်ပြီး ၂၀၂၂ ခုနှစ်က ပုံတွေ မဟုတ်ပါ

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

၂၀၂၂ ခုနှစ် မန္တလေးသင်္ကြန်ပွဲတော်မြင်ကွင်းလို့ ဆိုထားပြီး လူတွေနဲ့ပြည့်ကျပ်နေတဲ့လမ်းမကြီးရဲ့ အပေါ်စီးက ရိုက်ကူးထားတဲ့ဓာတ်ပုံနှစ်ပုံကို Facebook မှာ ပြန်လည်မျှဝေနေကြပါတယ်။ မြန်မာနိုင်ငံတဝှမ်း စစ်တပ်နဲ့အာဏာသိမ်းဆန့်ကျင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေခဲ့ပြီး နှစ်စဥ်ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိတဲ့ မြန်မာ့သင်္ကြန်ပွဲတော်ကို သပိတ်မှောက်ဆန့်ကျင်မှုတွေရှိခဲ့တဲ့နောက် ဒီဓာတ်ပုံတွေဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတာဖြစ်ပါတယ်။ အမှန်တကယ်တော့ ဒီဓာတ်ပုံတွေဟာ ၂၀၂၂ ခုနှစ်က မဟုတ်ဘဲ ၂၀၁၇ ခုနှစ်မှာ ကျင်းပခဲ့တဲ့ မန္တလေးသင်္ကြန်ပွဲတော်က ဓာတ်ပုံတွေဖြစ်ပါတယ်။

လူတွေနဲ့ပြည့်ကျပ်နေတဲ့ မန္တလေးနန်းတော်ရှေ့ကလမ်းမတွေရဲ့ဓာတ်ပုံတွေကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့က Facebook ဒီလင့်ခ်မှာ မျှဝေထားပါတယ်။

“မှတ်ထား
ယနေ့ သင်္ကြန်အကျနေ့ ကွ
မန္တလေး ဟေ့
14-April-2022” (မူရင်းအတိုင်း) ဆိုတဲ့ စာသားကိုလည်း ဓာတ်ပုံနဲ့အတူဖော်ပြထားပြီး ပြန်လည်မျှဝေမှုအကြိမ်ရေ ၈၅ ကြိမ်ထိရှိနေပါတယ်။

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၉ ရက်က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

မြန်မာ့ရိုးရာအစဥ်အလာတစ်ခုဖြစ်တဲ့ သင်္ကြန်ပွဲတော်ဟာဆိုရင် ဗုဒ္ဓဘာသာနှစ်သစ်ကူးကို ကြိုဆိုတဲ့ပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဥ် လမ်းမတွေပေါ်မှာ လူအများအပြားအုပ်စုဖွဲ့ပါဝင်ရေကစားကြတဲ့ စည်ကားလှတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။

ဒါပေမဲ့ စစ်တပ်ဆန့်ကျင်သူတွေရဲ့ သပိတ်မှောက်ဆန့်ကျင်မှုတွေကြောင့် ၂၀၂၂ ခုနှစ်သင်္ကြန်ပွဲတော်ဟာ အရင်လိုစည်ကားမှုမရှိခဲ့ဘူးလို့ AFP က ဒီသတင်းမှာ ဖော်ပြထားပါတယ်။

မန္တလေးမြို့ရဲ့သင်္ကြန်ပွဲတော်မှာ အဆိုတော်တွေနဲ့ ဖျော်ဖြေမှုတွေကို နိုင်ငံပိုင်သတင်းတွေမှာ ဖော်ပြခဲ့ပေမယ့် ရန်ကုန်မြို့တွင်းမှာတော့ ပွဲတော်ရက်အတွင်း တိတ်ဆိတ်နေခဲ့တယ်လို့ AFP သတင်းထောက်တွေက ပြောပါတယ်။

၂၀၂၂ ခုနှစ် သင်္ကြန်ပွဲတော်ကဆိုပြီး ဒီဓာတ်ပုံတွေကို Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေကလည်း မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ အဓိကကျတဲ့စကားလုံးတွေနဲ့ Google မှာအချက်အလက်ရှာဖွေကြည့်တဲ့အခါ ဒီဓာတ်ပုံတွေကို ၂၀၁၇ ခုနှစ်မှာ ရိုက်ယူခဲ့တာကို တွေ့ရပါတယ်။

ပွဲတော်ဟောင်း

ဒီဓာတ်ပုံတွေကို ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ Facebook စာမျက်နှာရဲ့ ဒီလင့်ခ်မှာ မျှဝေခဲ့ပါတယ်။

ဒီဓာတ်ပုံတွေနဲ့အတူ “ပါဝင်ဆင်နွှဲရွှေမန္တလေးရဲ့လမ်းလျှောက်သင်္ကြန်ပွဲ” (မူရင်းအတိုင်း) ဆိုတဲ့စာသားကိုလည်း တွေ့ရပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) နဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) နဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ထားတဲ့ Screenshot

ဒါ့အပြင် ၂၀၁၇ ခုနှစ်မှာ ဧရာဝတီသတင်းကဖော်ပြခဲ့တဲ့ ဓာတ်ပုံအက်ဆေးတစ်ခုမှာ အဲဒီနှစ်က မန္တလေးမှာကျင်းပခဲ့တဲ့သင်္ကြန်ပွဲတော်က ဓာတ်ပုံတစ်ပုံလည်းပါဝင်ပါတယ်။

ဒီဓာတ်ပုံနဲ့အတူစာသားကို အောက်မှာတွေ့နိုင်ပါတယ်။

“၂၀၁၇ ခုနှစ် ဧပြီ ၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ်သည့် မန္တလေးမြို့တော်ဝန် မဟာသင်္ကြန် ၁၃၇၉ ဖွင့်ပွဲ မြင်ကွင်း”

ဒီဓာတ်ပုံထဲကနေရာကို Google Maps ရဲ့ ဒီလင့်ခ်မှာ တွေ့နိုင်ပါတယ်။

ကွဲပြားတဲ့အခမ်းအနား

၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့မှာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ၂၀၂၂ ခုနှစ်သင်္ကြန်ပွဲတော် ကျင်းပနေတဲ့ ဗီဒီယိုတစ်ခုကို ဒီလင့်ခ်မှာ မျှဝေခဲ့ပါတယ်။

အဲဒီဗီဒီယိုထဲက ၂၀၂၂ ခုနှစ်ပွဲတော်ဟာ ၂၀၁၇ ခုနှစ်ကလိုမဟုတ်ဘဲ လူအနည်းငယ်သာပါဝင်ခဲ့တာတွေ့ရပြီး အခမ်းအနားအပြင်အဆင်တွေဟာလည်း နားလည်မှုလွဲစေတဲ့ပို့စ်ကပုံတွေနဲ့ ကွဲပြားနေတာတွေ့ရပါတယ်။

အောက်မှာ၂၀၁၇ ခုနှစ်ကဓာတ်ပုံ (ဘယ်) ကို ၂၀၂၂ခုနှစ်ပွဲတော်ကဗီဒီယို (ညာ) နဲ့နှိုင်းယှဥ်ထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။

၂၀၁၇ ခုနှစ်ကဓာတ်ပုံ (ဘယ်) ကို ၂၀၂၂ခုနှစ်ပွဲတော်ကဗီဒီယို (ညာ) နဲ့နှိုင်းယှဥ်ထားတဲ့ Screenshot
MYANMAR MILITARY COUP