၂၀၂၀ ခုနှစ်က ဆူဒန်နိုင်ငံမှာ ဆီဖြည့်ဖို့ တန်းစီနေတဲ့ ကားတွေဖြစ်ပြီး မြန်မာနိုင်ငံက မဟုတ်ပါ

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

၂၀၂၂ ခုနှစ်၊ ဧပြီလက စက်သုံးဆီပြတ်လပ်မှာ စိုးရိမ်တဲ့သတင်းတွေ ထွက်ပေါ်ခဲ့တဲ့နောက် ရန်ကုန်က ဆီဆိုင်တစ်ဆိုင်မှာ ဆီဖြည့်ဖို့တန်းစီနေတဲ့ ကားတန်းရှည်လို့ ပြောဆိုထားတဲ့ ဓာတ်ပုံတစ်ပုံကို Facebook ပေါ်မှာ အကြိမ်ရေရာနဲ့ချီ မျှဝေခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံဟာ အကြောင်းအရာလွဲမှား ဖော်ပြထားတာ ဖြစ်ပါတယ်။ တကယ်တမ်း ဒီဓာတ်ပုံဟာ ဆူဒန်နိုင်ငံက စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေမှာ ၂၀၂၀ ခုနှစ်ကတည်းက ဖော်ပြခဲ့တဲ့ ဓာတ်ပုံဟောင်း ဖြစ်ပါတယ်။

ဓာတ်ပုံကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်က Facebook ပေါ်က ဒီလင့်ခ်မှာ တင်ခဲ့တာ ဖြစ်ပြီး အကြိမ်ရေ ၄၅၀ ကျော် ပြန်လည်မျှဝေထားကြပါတယ်။

၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်က ရိုက်ယူခဲ့တဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot

ဓာတ်ပုံနဲ့အတူ “ရန်ကုန်မြို့ရဲ့ ဓာတ်ဆီဆိုင်တစ်ဆိုင်ရှေ့ နွေနေပူပူမှာ ဆီဖြည့်ဖို့ တမျှော်တခေါ် တန်းစီနေကြရတဲ့ ကားတန်းကြီး ... Photo Aung Myo Htay” (မူရင်းအတိုင်း) ဆိုတဲ့ စာသားကို ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို စစ်တပ်ကဖယ်ရှားပြီး အာဏာရယူခဲ့တဲ့နောက် နိုင်ငံတွင်း မငြိမ်မသက်အခြေအနေတွေနဲ့ ကြုံတွေ့နေရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းလတွေမှာ လောင်စာဆီလျော့နည်းပြတ်လပ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပိုက်လိုင်းတွေကို ကာကွယ်ဖို့ စစ်တပ်က လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်ခဲ့တာတွေ ရှိခဲ့တယ်လို့ ၂၀၂၁ ခုနှစ်၊ မေလက AFP သတင်းမှာ ဖော်ပြပါတယ်။

နိုင်ငံတဝှမ်း စက်သုံးဆီလျော့နည်းမှုကြောင့် ရန်ကုန်က ဓာတ်ဆီဆိုင်တွေမှာ အကန့်အသတ်နဲ့ ဆီရောင်းချခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ ဒီဓာတ်ပုံဟာ အွန်လိုင်းပေါ် ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်မှု မရှိဘူးလို့ မြန်မာစစ်တပ်က နိုင်ငံပိုင်သတင်းစာကနေ ကြေညာချက်ထုတ်ပြန် ငြင်းဆိုထားပါတယ်။ လက်ရှိမှာ စက်သုံးဆီ “အရင်တုန်းက ရှိနေတဲ့ ပမာဏထက်ပိုပြီး ရှိနေပါတယ်” လို့ တပ်မတော်ပြောရေးဆိုခွင့် ရှိသူက ပြောဆိုထားပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့အတူ အဲဒီဓာတ်ပုံကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ခဲ့ပါတယ်။

ဒါပေမဲ့ Facebook ပို့စ်ပါ အဆိုဟာ မှားယွင်းပါတယ်။

Bing ပေါ်မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ အဲဒီဓာတ်ပုံဟာ ၂၀၂၀ ခုနှစ်၊ ဧပြီလက ဆူဒန်နိုင်ငံက ဓာတ်ဆီဆိုင်တစ်ဆိုင်ရှေ့မှာ ဆီဖြည့်ဖို့တန်းစီတဲ့ ကားတွေကို ဒရုန်းနဲ့ရိုက်ကူးထားတဲ့ ဗီဒီယိုကနေ ယူထားတာ ဖြစ်ပါတယ်။

ဒီဗီဒီယိုကို ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြား RT သတင်းဌာန လက်အောက်ခံ Ruptly သတင်းဌာနရဲ့ ဒီလင့်ခ်မှာ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၃ ရက်က ဖော်ပြခဲ့ပါတယ်။

ဗီဒီယိုရဲ့ရည်ညွန်းစာကတော့ အခုလို ဖြစ်ပါတယ်။

“ဆူဒန်၊ စက်သုံးဆီပြတ်လပ်မှုကြောင့် Khartoum မြို့က ဓာတ်ဆီဆိုင်ရှေ့တွင် တန်းစီနေသည့် ယာဉ်တန်းရှည်ကြီးကို ဒရုန်းဖြင့် ရိုက်ကူးထားသည့် ဗီဒီယို”

ဗီဒီယိုရဲ့ ရည်ညွန်းစာအရ အဲဒီဗီဒီယိုကို ဆူဒန်နိုင်ငံမြို့တော် Khartoum မြို့မှာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်က ရိုက်ကူးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Ruptly ဝဘ်ဆိုဒ်ပေါ်က ဗီဒီယိုရဲ့ screenshot ကို အောက်မှာ ဖော်ပြထားပါတယ်။

Ruptly GmbH ဝဘ်ဆိုဒ်ပေါ်က ဗီဒီယိုရဲ့ screenshot

၂၀၁၉ မှာ ဆူဒန်က သက်တမ်းရှည်အာဏာရှင် Omar al-Bashir ဖြုတ်ချခံရတဲ့နောက် ကြီးမားတဲ့ စီးပွားရေးအကြပ်အတည်း ကြုံတွေ့ခဲ့ရပြီး ဆီဆိုင်တွေရှေ့မှာ တန်းစီနေတဲ့ ကားတန်းရှည်တွေ ဖြစ်ပေါ်ခဲ့တဲ့သတင်းကို AFP က ၂၀၂၀ ခုနှစ်၊ မတ်လမှာ ဖော်ပြခဲ့ပါတယ်။

ဗီဒီယိုကို ၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၄ ရက်က RT သတင်းဌာန Facebook ရဲ့ ဒီလင့်ခ်မှာလည်း ဖော်ပြထားပါတယ်။

“ဆူဒန်က ဓာတ်ဆီဆိုင်မှာ ယာဉ်တန်းအရှည်ကြီး ဖြစ်ပေါ်” ဆိုပြီး ရေးထားပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ပါ ဓာတ်ပုံကို RT ဗီဒီယိုရဲ့ ၂၄ စက္ကန့်မှာ တွေ့နိုင်ပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ RT သတင်းဌာန Facebook ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ RT သတင်းဌာန Facebook ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

ဓာတ်ပုံထဲကဓာတ်ဆီဆိုင်နဲ့ ကိုက်ညီတဲ့ ဒီ Nile Petroleum ဓာတ်ဆီဆိုင်ကို Google Map ပေါ်က Khartoum မြို့မှာ တွေ့ရပါတယ်။

MYANMAR MILITARY COUP