Major General Roger Cloutier Jr. speaks during a press briefing at the Pentagon in Washington, DC, on May 10, 2018. ( AFP / JIM WATSON)

အမေရိကန်စစ်တပ် ထိပ်တန်းအရာရှိကို ရုရှားတပ်တွေက ယူကရိန်းမှာ ဖမ်းမိတယ်ဆိုတဲ့ အချက်အလက်အမှား

မူပိုင် AFP ၂၀၁၇-၂၀၂၃ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

ယူကရိန်းရဲ့ဆိပ်ကမ်းမြို့ Mariupol ကို ရုရှားတပ်တွေက အပြင်းအထန် တိုက်ခိုက်ခဲ့တဲ့နောက် အမေရိကန် ဗိုလ်ချုပ်ကြီး Roger L. Cloutier ကို ရုရှားတပ်တွေက အဲဒီမြို့မှာ ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တွေကို Facebook ပို့စ်တော်တော်များများမှာ မျှဝေထားကြပါတယ်။ အဲဒီအဆိုဟာ မှားပါတယ်။ နေတိုးအဖွဲ့ လို့ အတိုကောက်ခေါ်ဝေါ်တဲ့ မြောက်အတ္တလန်တစ်သဘောတူစာချုပ်အဖွဲ့ (NATO) က အဲဒီကောလာဟလဟာ “လုံးဝမှားယွင်းတယ်”လို့ ပြောဆိုထားသလို နေတိုးအဖွဲ့ရဲ့ မဟာမိတ်စစ်ဌာနချုပ် (Allied Land Command) ကို ဦးဆောင်တဲ့ ဗိုလ်ချုပ်ကြီး Cloutier ဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လကစလို့ ယူကရိန်နိုင်ငံကို သွားရောက်ခြင်း မရှိဘူးလို့ ဆိုပါတယ်။ အခုလိုအဆိုတွေ အွန်လိုင်းပေါ် ပျံ့နှံ့ချိန်မှာ ဗိုလ်ချုပ်ကြီး Cloutier ဟာ တူရကီနိုင်ငံမှာ ရှိနေပါတယ်။

အဲဒီပို့စ်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၀ ရက်က Facebook ပေါ်က ဒီလင့်ခ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ ပို့စ်မှာ အောက်ပါအတိုင်း တစ်ပိုင်းတစ်စ ရေးသားထားပါတယ်။

“တိုက်ပွဲတွေပြင်းထန်ပြီး သွေးဆာနေတဲ့ မာရီယူပိုလ်က Azov တပ်တွေကို နောက်ကွယ်က အကူပေး၊ စီစဉ်ညွှန်ုကြားနေတဲ့ Gen. Cloutier ကို ရုရှားဖက်က ဖမ်းဆီးမိလိုက်ပါပြီ။ BaMaung (10.4.22) ” (မူရင်းအတိုင်း)

ဗိုလ်ချုပ်ကြီး Cloutier ဟာ နေတိုးအဖွဲ့ရဲ့ မဟာမိတ်စစ်ဌာနချုပ်ကို ဦးဆောင်နေသူ ဖြစ်ပြီး ယခင်က အာဖရိကတိုက်ရေးရာအမေရိကန်ပြည်ထောင်စုတပ်မတော်၊ ဥရောပတောင်ပိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ကို ညွှန်ကြားအမိန့်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

Mariupol မြို့မှာ စခန်းချထားတဲ့ Azov တပ်ရင်းဟာ ယူကရိန်းနဲ့ရုရှားနိုင်ငံတွေအကြား ဝါဒဖြန့်စစ်ပွဲရဲ့ အဓိကအဖွဲ့အစည်းဖြစ်လာပြီး အနောက်နိုင်ငံတွေကို ကျောထောက်နောက်ခံပြုထားတဲ့ အိမ်နီးချင်း ယူကရိန်းနိုင်ငံပေါ် “နာဇီဝါဒတိုက်ဖျက်ရေး” ဆိုပြီး ရုရှားက ပုံဖော်လာတဲ့အဓိကအကြောင်းအရင်းလည်း ဖြစ်ပါတယ်၊။

Azov တပ်ရင်းဟာ ၂၀၁၄ ခုနှစ်တုန်းက လက်ယာစွန်းတက်ကြွလှုပ်ရှားသူတွေ တည်ထောင်ခဲ့တာဖြစ်ပြီး အစပိုင်းမှာ “Wolfsangel” (ဝံပုလွေထောင်တဲ့ချိတ်) လိုမျိုး နာဇီဂျာမနီနဲ့ဆက်စပ် တံဆိပ်သင်္ကေတတွေကို အသုံးပြုခဲ့ပါတယ်။ နောက်ပိုင်းမှာ ယူကရိန်းစစ်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းခဲ့ပြီး “နာဇီလိုလားတဲ့ဝါဒလည်းမရှိတော့ဘူး” လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၂ ခုနှစ်၊ မေလ ၅ ရက်က ရိုက်ယူထားတဲ့ Screenshot

နားလည်မှုလွဲစေတဲ့ပို့စ်ကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားပါတယ်။

တူညီတဲ့ပြောဆိုမှုတွေကို အင်္ဂလိပ်နဲ့ ပြင်သစ်ဘာသာစကားတွေနဲ့လည်း မျှဝေထားကြပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelensky က ရုရှားတပ်ဖွဲ့တွေရဲ့ Mariupol မြို့ကို သွေးထွက်သံယိုတိုက်ခိုက်မှုမှာ အရပ်သားသောင်းချီ သေဆုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။ Mariupol ဟာ ရုရှားကသိမ်းပိုက်ထားတဲ့ Crimea ဒေသနဲ့ ရုရှားကိုအားပေးထောက်ခံတဲ့ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ဒေသတွေကြားမှာ တည်ရှိတဲ့ ဗျူဟာမြောက် ဆိပ်ကမ်းမြို့ဖြစ်ပါတယ်။

နေတိုး ငြင်းဆို

ဒါပေမဲ့ Facebook ပို့စ်ပါ ပြောဆိုမှုတွေဟာ မှားယွင်းပါတယ်။

“ဒီလိုရေးသားမှုတွေဟာ လုံးဝ မှားပါတယ်” လို့ နေတိုးအဖွဲ့ရဲ့ မဟာမိတ် Supreme Headquarters Allied Powers Europe (SHAPE) Allied Command Operations ဌာနချုပ်၊ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး Cloutier ဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ ယူကရိန်းကို နောက်ဆုံးသွားရောက်ခဲ့တာ ဖြစ်ပြီး နေတိုးနဲ့ ယူကရိန်းတပ်ဖွဲ့တွေအကြား မိတ်ဖက်ဆက်ဆံရေးတိုးမြှင့်ဖို့ရည်ရွယ်တဲ့ ဆွေးနွေးမှုတွေကို မြို့တော် Kyiv မှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

အင်တာနက်လူမှုကွန်ရက်ပေါ်က ပို့စ်တွေအရ ဗိုလ်ချုပ်ကြီး Cloutier ဟာ သူအဖမ်းခံရတဲ့အကြောင်း ကောလာဟလအမှားတွေ အွန်လိုင်းပေါ် စတင်ပျံ့နှံ့ချိန်မှာ တူရကီနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး Cloutier ဟာ နိုင်ငံရေးနဲ့စစ်ရေးမဟာမိတ်တွေရဲ့ Allied Land Command အခြေစိုက်တဲ့ တူရကီနိုင်ငံ Izmir မြို့က နေတိုးတပ်ဖွဲ့ အခမ်းအနားတစ်ခုမှာ မိန့်ခွန်းပြောနေတဲ့ ဓာတ်ပုံကို ဧပြီလ ၅ ရက်က LinkedIn မှာ တင်ခဲ့ပါတယ်။

အဲဒီဓာတ်ပုံကို နေတိုးတပ်ဖွဲ့ရဲ့ Alliance Land Command ကလည်း ဧပြီလ ၅ ရက်က ဒီလင့်ခ်မှာ တင်ထားပါတယ်။

ဧပြီ ၆ ရက်နေ့မှာတော့ သူဖမ်းဆီးခံရတယ်ဆိုတဲ့ ကောလာဟလနဲ့ပတ်သက်ပြီး မေးထားတဲ့ မှတ်ချက် (Comment) တစ်ခုကို “ဒါတွေဟာ လုံးဝ မှားယွင်းပါတယ်” ဆိုပြီး Cloutier က ရေးသားတုံ့ပြန်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၁ ရက်က ရိုက်ယူထားတဲ့ LinkedIn ပေါ်က ဗိုလ်ချုပ်ကြီး Cloutier ရဲ့ တုံ့ပြန်မှု screenshot

ဒီပြောဆိုမှုနဲ့ပတ်သက်ပြီး အမေရိကန်အခြေစိုက် သတင်းအချက်အလက်စိစစ်တဲ့အဖွဲ့အစည်း PolitiFact ကလည်း အချက်အလက်စိစစ်ထားပါတယ်။

ယူကရိန်းပဋိပက္ခအကြောင်း သတင်းအချက်အလက်မှားတွေနဲ့ ပတ်သက်ပြီး AFP ရဲ့စိစစ်ဖော်ပြမှုတွေကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

Ukraine conflict