ဗီဒီယိုမှာမြင်ရတဲ့ဘုန်းတော်ကြီးက သက်တော် ၁၆၃ နှစ်မဟုတ်ပါ

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

သက်တော် ၁၆၃ နှစ်ရှိနေပြီလို့ဆိုထားတဲ့ သက်တော်ကြီးဘုန်းကြီးတစ်ပါးရဲ့ ဗီဒီယိုကို Facebook ပေါ်မှာ အကြိမ်ရေ တစ်သိန်းကျော်ကြည့်ရှုခဲ့ကြပါတယ်။ ဒါပေမမဲ့ ဒီအဆိုဟာ မှားယွင်းနေပါတယ်။ ဘုန်းတော်ကြီးဟာ ၂၀၂၂ ခုနှစ်၊ မတ်လတုန်းက ပျံလွန်တော်မူတာဖြစ်ပြီး အဲဒီအချိန်က သက်တော် ၁၀၉ နှစ်ရှိပြီလို့ ဘုန်းတော်ကြီးရဲ့မြေးဖြစ်သူက ပြောပါတယ်။ ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်းအရ ကမ္ဘာ့အသက်ကြီးဆုံးပုဂ္ဂိုလ်ဟာ ပြင်သစ်အမျိုးသမီးတစ်ဦးဖြစ်ပြီး ၁၉၉၇ ခုနှစ်၊ အသက် ၁၂၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ 

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်တုန်းက အွန်လိုင်းမှာပျံ့နှံ့နေတဲ့ဗီဒီယိုထဲမှာ အသက်ကြီးရင့်နေပြီဖြစ်တဲ့ သင်္ကန်းဝတ်ဘုန်းတော်ကြီးတစ်ပါးက ကလေးငယ်တစ်ဦးကို ဆုတောင်းပေးနေတာတွေ့ရပါတယ်။

အဲဒီဗီဒီယိုကို ကြည့်ရှုတဲ့အကြိမ်ရေ ၁၀၈,၀၀၀ ကျော် ရှိခဲ့ပါတယ်။ 

နားလည်မှုလွဲစေတဲ့ဗီဒီယိကို ၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်နေ့က ရယူထားတဲ့ screenshot

ဗီဒီယိုပေါ်မှာ ရေးထားတဲ့စာသားတွေက အခုလိုဖြစ်ပါတယ်။ “သက်တော်163နှစ်ရှိပြီဖြစ်တဲ့ဆရာတော်ဘုရားကြီး” (မူရင်းအတိုင်း)

တူညီတဲ့ပြောဆိုမှုနဲ့ အလားတူဗီဒီယိုကို ဒီလင့်ခ်မှာလည်း တင်ထားပါသေးတယ်။ 

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။

အဓိကစကားလုံးသုံးပြီး TikTok မှာ ရှာကြည့်တဲ့အခါ မူရင်းဗီဒီယိုကို Tik Tok ရဲ့ ဒီလင့်ခ်မှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က တင်ထားတာ တွေ့ရပါတယ်။ 

ထိုင်းဘာသာနဲ့ ရေးထားတဲ့မူလဗီဒီယိုရဲ့ရည်ညွှန်းစာရဲ့ဘာသာပြန်က အခုလိုဖြစ်ပါတယ်။ “ဘုန်းဘုန်းရဲ့ မြစ်မလေး အနားကပ်သွားတော့ ဘုန်းဘုန်းက သဘောကျပြီး သူ့ကို ဆုတွေပေးတယ်” 

@auy.saranya

เมื่อเหลนน้อยมาเรียกหา หลวงตาสัมผัสได้ถึงความรักและห่วงใย เรียกมาเคาะหัวให้พรเหลนเลย สาธุๆๆ

♬ บทเพลงสวดบารมี 30 ทัศ - ocean media

ဒီဗီဒီယိုကို auy.saranya ဆိုတဲ့ TikTok အကောင့်မှာ တင်ထားတာဖြစ်ပြီး ဘုန်းတော်ကြီးရဲ့ တခြားဗီဒီယိုတွေကိုလည်း တင်ထားတာတွေ့ရပါတယ်။

Saranya Khiewwilai ဆိုတဲ့ထိုင်းအမျိုးသမီးဟာ အဲဒီ TikTok အကောင့်ကို သုံးစွဲနေတာဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာ တွေ့ရတာဟာ သူ့ရဲ့အဘိုးလေးတော်စပ်သူ ဘုန်းတော်ကြီး Luang Ta Am Ka ဖြစ်ပြီး သူ့သမီးလေး (ဘုန်းတော်ကြီးနဲ့ဆို မြစ်တော်စပ်သူ) ကို ဆုတောင်းပေးနေတာလို့ သူက AFP ကို အတည်ပြုပါတယ်။  

ဘုန်းတော်ကြီး Luang Ta ဟာ ထိုင်းနိုင်ငံ၊ Nakhon Ratchasima ပြည်နယ်က ကျေးရွာတစ်ရွာမှာ နေထိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က ပျံလွန်တော်မူသွားတယ်လို့ Saranya က ဆိုပါတယ်။ 

“အိမ်ထောင်စုစာရင်းအရတော့ သူ့အသက်က ၉၂ နှစ်ပါပဲ။ အိမ်ထောင်စုစာရင်းမှာ စာရင်းသွင်းတော့ သူ့အမေက အသက်ကိုလျှော့ပြီးထည့်ထားလို့ပါ။ သူ့တကယ့်အသက်က ၁၀၉ နှစ်ဖြစ်ပါတယ်” လို့ Saranya က ရှင်းပြပါတယ်။ 

ဘုန်းတော်ကြီး ပျံတော်မူတဲ့အကြောင်းကို ထိုင်းပြည်တွင်းမီဒီယာ Thirath ရဲ့ ဒီလင့်ခ်မှာ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တုန်းက တင်ထားတာ တွေ့ရပါတယ်။ 

 အသက်အကြီးဆုံးပုဂ္ဂိုလ်

စစ္စတာအန်ဒရေးလို့ လူသိများတဲ့ ပြင်သစ်နိုင်ငံက သီလရှင် Lucile Randon ဟာ လက်ရှိအချိန်မှာ သက်ရှိထင်ရှား ကမ္ဘာ့အသက်ကြီးဆုံးပုဂ္ဂိုလ်ဖြစ်ပြီး အသက် ၁၁၈ နှစ်ရှိပါပြီ။ ဂျပန်နိုင်ငံက ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသမီး Kane Tanaka ကတော့ ၂၀၂၂ ခုနှစ်၊ ဧပြီလတုန်းက အသက် ၁၁၉ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့အတွက် စစ္စတာအန်ဒရေးက သက်ရှိထင်ရှားအသက်ကြီးဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့တာပါ။

ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းအရ အသက်အကြီးဆုံးပုဂ္ဂိုလ်ဟာ ပြင်သစ်အမျိုးသမီး Jeanne Louise Calment ဖြစ်ပြီး သူကွယ်လွန်တဲ့ ၁၉၉၇ ခုနှစ်မှာ အသက် ၁၂၂ နှစ်ရှိခဲ့တယ်လို့ သိရပါတယ်။