ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပုံကို ပြုပြင်ထားတဲ့ဓာတ်ပုံ အွန်လိုင်းပေါ်မှာပျံ့နှံ့
မန်ချက်စတာယူနိုင်တက်အသင်းရဲ့ ကျော်ကြားတဲ့ ဘောလုံးသမားတစ်ဦးဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုက အဖြူရောင်အခေါင်းတစ်ခုကို သယ်ဆောင်ထားတဲ့ ဓာတ်ပုံတစ်ပုံကို Facebook မှာ အကြိမ်ရေရာနဲ့ချီမျှဝေနေကြပါတယ်။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၈ ရက်က သူ့ရဲ့မွေးကင်းစသားငယ်လေး ဆုံးပါးသွားတဲ့အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာခဲ့ပြီး ဒီဓာတ်ပုံအွန်လိုင်းမှာပျံ့နှံ့လာတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံဟာ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံတစ်ပုံဖြစ်ပြီး မူလဓာတ်ပုံဟာ ၂၀၂၁ ခုနှစ်က ကာဒ့်လူမျိုးရွှေ့ပြောင်းနေထိုင်သူအမျိုးသမီးတစ်ဦးရဲ့ ဝမ်းဗိုက်ထဲမှာပျက်စီးသွားတဲ့ သန္ဓေသားကလေးငယ်ရဲ့ စျာပနက ဓာတ်ပုံဖြစ်ပါတယ်။
ဒီဓာတ်ပုံကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့က Facebook ဒီလင့်ခ်မှာ မျှဝေထားပါတယ်။
ဒီပို့စ်နဲ့အတူစာသားကို အခုလိုပဲတွေ့ရပါတယ်။
“ရင်ထဲမှာနာကျင်မှုတွေနဲ့ပြည့်နေလဲပွဲစဥ်တိုင်းအတွက်အကောင်းဆုံးရုန်းကန်နေရသောပေးဆပ်သူကစားသမားကြီး” (မူရင်းအတိုင်း)

ရော်နယ်ဒိုက သူ့ရဲ့မွေးကင်းစသားငယ် ဆုံးပါးသွားတဲ့သတင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာဖော်ပြခဲ့ပြီးနောက် ဒီဓာတ်ပုံဟာ Facebook ပေါ်မှာပျံ့နှံ့လာတာဖြစ်ပါတယ်။
တူညီတဲ့ပြောဆိုမှုနဲ့ဒီဓာတ်ပုံကို Facebook ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပြန်လည်မျှဝေထားကြပါတယ်။
ဒီဓာတ်ပုံက Facebook အသုံးပြုသူတွေကို နားလည်မှုလွဲစေတာကို ဒီပို့စ်အောက်ကမှတ်ချက်တွေကို ကြည့်ရင်သိနိုင်ပါတယ်။
“RIP ပါကလေးလေး သင်နဲ့သင့်မိသားစုကို ဘုရားသခင်ကောင်းချီးပေးပါစေ”လို့ Facebook အသုံးပြုသူတစ်ယောက်က မှတ်ချက်ပေးထားပြီး “Idol အတွက်စိတ်မကောင်းဖြစ်ရတယ် ရှေ့ဆက်အောင်မြင်ပါစေ”ဆိုတဲ့ မှတ်ချက်တွေလည်းတွေ့ရပါတယ်။
ဒါပေမဲ့ ဒီဓာတ်ပုံဟာပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။
Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ မူလဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ Reuters သတင်းဌာနက “ကာဒ့်လူမျိုးရွေ့ပြောင်းနေထိုင်သူအမျိုးသမီး၏ သန္ဓေသားကလေးငယ်ကို ပိုလန်နိုင်ငံ တတာလ်သုသာန်မှာ မြှပ်နှံသင်္ဂြိုလ်ခဲ့” ဆိုတဲ့ခေါင်းစဥ်နဲ့ ဆောင်းပါးမှာ ဖော်ပြထားတာတွေ့ရပါတယ်။
ဓာတ်ပုံမှတ်တမ်းထဲက ဒုတိယမြောက်ဖြစ်တဲ့ ဒီဓာတ်ပုံရဲ့ရည်ညွန်းစာကို အောက်မှာတွေ့နိုင်ပါတယ်။
“ဘီလာရုနဲ့ပိုလန်နယ်စပ်က ရွှေ့ပြောင်းအကျပ်အတည်းဖြစ်စဥ်အတွင်း မိခင်ရဲ့ဝမ်းတွင်း၌သေဆုံးသွားခဲ့တဲ့ သန္ဓေသားကလေးငယ် Halikari Dhaker ရဲ့အခေါင်းကို ပိုလန်နိုင်ငံ Sokolka မြို့အနီး Bohoniki ရွာရှိ သုသာန်တစ်ခုအတွင်းသို့ ပိုလန်မွတ်စလင်အဖွဲ့ဝင်တစ်ဦးမှ သယ်ဆောင်လာစဥ်။”
အောက်မှာနားလည်မှုလွဲစေတဲ့ဓာတ်ပုံ (ဘယ်) ကို Reuters ဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ပြထားတာ တွေ့နိုင်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့မှာ ရော်နယ်ဒိုဟာ သူနဲ့သူ့ရဲ့မွေးကင်းစသမီးငယ်ရဲ့ဓာတ်ပုံကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။