လပြည့်နေ့ရွှေတိဂုံဘုရားမှာဗုံးပေါက်တယ်ဆိုပြီးပြောထားတဲ့ အချက်အလက်မှားနဲ့ဓာတ်ပုံတွေပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်၊ ဝါဆိုလပြည့်နေ့က ရွှေတိဂုံဘုရားပေါ်မှာ ဗုံးပေါက်တာလို့ ဆိုထားတဲ့ဓာတ်ပုံလေးပုံနဲ့ဗီဒီယိုဖိုင်တစ်ခုကို ဘလော့ဂ်ပို့စ်တွေမှာ အကြိမ်ကြိမ် ပြန်လည်မျှဝေနေကြပါတယ်။ ဇူလိုင်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ပေါ်က ရှော့ပင်းမောလ်တစ်ခုအနီးမှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပေမယ့် ရွှေတိဂုံဘုရားပေါ်မှာတော့ ဘာပေါက်ကွဲမှုမှမရှိခဲ့ဘူးလို့ ရွှေတိဂုံဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးက AFP ကို အတည်ပြုပါတယ်။ ဘလော့ဂ်ပို့စ်တွေမှာ ဖော်ပြထားတဲ့ပုံတွေဟာလည်း လက်ဘနွန်နဲ့ဆိုမာလီတို့က ပေါက်ကွဲမှုဖြစ်စဉ်နဲ့ဆက်စပ် ဓာတ်ပုံတွေဖြစ်ပြီး မြန်မာနိုင်ငံနဲ့ သက်ဆိုင်မှုမရှိပါဘူး။ ဘလော့ဂ်မှာ ဖော်ပြထားတဲ့ ဗီဒီယိုဟာလည်း သီးခြားဖြစ်ရပ်တစ်ခုသာဖြစ်ပါတယ်။

“လပြည့်နေ့ရွှေတိဂုံဘုရားဗုံးပေါက်လို့အကုန်မသာပေါ်” (မူရင်းအတိုင်း) ဆိုပြီး ဓာတ်ပုံတွေနဲ့ ဗီဒီယိုတစ်ခုကို ဘလော့ဂ်တစ်ခုရဲ့ ဒီလင့်ခ်မှာ ဇူလိုင်လ ၁၄ ရက်က တင်ထားပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ဘလော့ဂ်ရဲ့ screenshot

ဓာတ်ပုံလေးပုံကိုပေါင်းပြီးတစ်ပုံလုပ်ထားတဲ့ပုံရိပ်ပေါ်မှာရေးသားထားတဲ့စာသားတွေကလည်း အခုလိုဖြစ်ပါတယ်။ “လပြည့်နေ့ သေကုန်ပြီ/ ရွှေတိဂုံဘုရားဗုံးပေါက်/ ပြည်သူ ၆၈ ဦးနဲ့ ကား ၈ စီး ပြာကျ” (မူရင်းအတိုင်း)

ရန်ကုန်မြို့က ရှော့ပင်းမောလ်တစ်ခုအနီးမှာ ဇူလိုင်လ ၁၂ ရက်နေ့၊ ဝါဆိုလပြည့်နေ့က ဗုံးပေါက်ကွဲမှုတစ်ခုကြောင့် လူနှစ်ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့အတူ အလားတူဓာတ်ပုံတွေနဲ့ဗီဒီယိုကို ဘလော့ဂ်ဆိုဒ်တွေရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တင်ထားပါတယ်။

အဲဒါအပြင် ဘလော့ဂ်ဆိုဒ်တွေက လင့်ခ်တွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပြန်လည်မျှဝေထားပါတယ်။

ဒါပေမဲ့ ဇူလိုင်လ ၁၂ ရက်နေ့က ရွှေတိဂုံဘုရားပေါ်မှာ ဘာပေါက်ကွဲမှုမှ မရှိခဲ့ဘူးလို့ ရွှေတိဂုံဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးက AFP ကို ပြောပါတယ်။

“လူတွေ ည ၈ နာရီအထိတောင် လာကြတယ်။ လပြည့်နေ့က ဘုရားကိုလာတဲ့သူ စုစုပေါင်း ၂၅၇,၀၀၀ ကျော် ရှိခဲ့ပါတယ်” လို့ အဆိုပါဂေါပကအဖွဲ့ဝင်က ဆိုပါတယ်။

Google မှာ အဓိကကျတဲ့စကားလုံးတွေနဲ့ရှာဖွေတာအပြင် ဓာတ်ပုံရာဇဝင်ရှာတဲ့နည်းလမ်းတွေသုံးပြီး ရှာဖွေကြည့်တဲ့အခါ ဘလော့ဂ်တွေမှာ တင်ထားတဲ့ဓာတ်ပုံနဲ့ဗီဒီယိုတွေဟာ မှားယွင်းတဲ့အချက်အလက်တွေနဲ့ ယှဉ်တွဲဖော်ပြထားတာဖြစ်ကြောင်း တွေ့ရပါတယ်။

ရွှေတိဂုံဘုရားပုံ

ပထမပုံမှာမြင်ရတဲ့ ရွှေတိဂုံဘုရားပုံရိပ်ဟာ မြန်မာပြန်ကြားရေးဝန်ကြီးဌာနလက်အောက်က သတင်းဌာနခွဲတစ်ခုဖြစ်တဲ့ Myanmar Digital News သတင်းဌာနရဲ့ ဒီလင့်ခ်မှာ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၉ ရက်နေ့က တင်ထားတာ တွေ့ရပါတယ်။

ဓာတ်ပုံအညွှန်းစာမှာ ဒီဓာတ်ပုံကို တပေါင်းလပြည့်နေ့တုန်းက ရိုက်ကူးထားတာလို့ ဖော်ပြထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ် (ဘယ်) နဲ့ Myanmar Digital News မှာတင်ထားတဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ် (ဘယ်) နဲ့ Myanmar Digital News မှာတင်ထားတဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

မသက်ဆိုင်တဲ့ဗုံးကွဲဓာတ်ပုံတွေ

ဒုတိယပုံကတော့ လက်ဘနွန်နိုင်ငံရဲ့မြို့တော်ဘီရွတ်မှာ ၂၀၁၃ ခုနှစ်အတွင်း ပေါက်ကွဲမှုဖြစ်တုန်းက AFP ကနေ ရိုက်ကူးထားတဲ့ဓာတ်ပုံဖြစ်ပါတယ်။

ဓာတ်ပုံအညွှန်းစာက အခုလိုဖြစ်ပါတယ်။ "ဘီရွတ်မြို့ဆင်ခြေဖုံး၊ ဘီရ်အယ်လ်အာဘတ်ရပ်ကွက်တွင် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့်နေရာ၌ အရပ်သားများစုဝေးနေကြစဉ်"

"ဘီရွတ်မြို့တောင်ပိုင်းဆင်ခြေဖုံးရှိ လက်ဘနွန် ရှီးယားဟစ်ဇဘိုလာအဖွဲ့၏ အမာခံခြေကုပ်ယူထားသည့်အရပ်တွင် ကားဗုံးတစ်လုံးပေါက်ကွဲ၍ လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရုပ်သံသတင်းများနှင့် စစ်ဘက်ဆိုင်ရာထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်"

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) နဲ့ AFP ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) နဲ့ AFP ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

တတိယပုံမှာတော့ ဆိုမာလီနိုင်ငံမြို့တော် မိုဂါဒီရှူးမှာ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်းအခြေအနေကို မြင်ရတာဖြစ်ပြီး AFP က အဲဒီဓာတ်ပုံကို ၂၀၁၇ နှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က ဒီလင့်ခ်မှာ တင်ထားတာတွေ့ရပါတယ်။

ဓာတ်ပုံအညွှန်းစာက အခုလိုဖြစ်ပါတယ်။ “မိုဂါဒီရှူးမြို့တော်တွင် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ကဖြစ်ပွားခဲ့သည့် နောက်ဆုံးပေါက်ကွဲမှုအတွင်း ဒဏ်ရာအပြင်းအထန်ရရှိလာသည့်လူနာများကို တင်ဆောင်လာသည့် ဆိုမာလီလူနာတင်ယာဉ်များက ဒဏ်ရာရလူနာများကို လာရောက်သယ်ဆောင်မည့် တူရကီစစ်လေယာဉ်များရှိရာလေဆိပ်သို့ဝင်ခွင့်ရရှိရန် စောင့်ဆိုင်းနေကြစဉ်"

အောက်မှာ နားလည်မှုလွဲစေတဲ့ဘလော့ဂ်ဓာတ်ပုံ (ဘယ်) နဲ့ AFP ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ဘလော့ဂ်ဓာတ်ပုံ (ဘယ်) နဲ့ AFP ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

စတုတ္ထဓာတ်ပုံ

စတုတ္ထဓာတ်ပုံနဲ့ ဆင်တူတဲ့ပုံကိုတော့ ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ DVB ရဲ့ ဒီလင့်ခ်မှာ မြန်မာနိုင်ငံမှာ တပ်မတော်အာဏာရယူပြီးနောက်ပိုင်း ၁၅ ရက်အကြာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တင်ထားတာတွေ့ရပါတယ်။

ဓာတ်ပုံအညွှန်းစာကတော့ အခုလိုဖြစ်ပါတယ်။ "မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲရှေ့မှာ တင့်ကားတွေ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အများအပြား လုံခြုံရေးယူထားပါတယ်။" (မူရင်းအတိုင်း)

အောက်မှာ နားလည်မှုလွဲစေတဲ့ ဘလော့ဂ်ဓာတ်ပုံ (ဘယ်) နဲ့ DVB သတင်းဌာနဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ ဘလော့ဂ်ဓာတ်ပုံ (ဘယ်) နဲ့ DVB သတင်းဌာနဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

မသက်ဆိုင်တဲ့ဗီဒီယို

နားလည်မှုလွဲစေတဲ့ဘလော့ဂ်ပို့စ်တွေမှာတင်ထားတဲ့ဗီဒီယိုမှာ အလားတူဓာတ်ပုံတွေကို ဗီဒီယိုမျက်နှာစာပုံရိပ် (thumbnail) အနေနဲ့ တင်ထားတာ တွေ့ရပါတယ်။

ဒါပေမဲ့ ဗီဒီယိုရဲ့ဘယ်နေရာမှာမှ ဗုံးပေါက်ကွဲတဲ့အကြောင်း ပြောထားတာမရှိပါဘူး။

အဲဒီအစား ဗီဒီယိုနောက်ခံစကားပြောသူက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့က ဘဏ်ငွေထုတ်ပြီးပြန်လာတဲ့ တက္ကသိုလ်ကျောင်းသူတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံးတဲ့အကြောင်း ပြောထားတာ တွေ့ရပါတယ်။

ဒီဖြစ်စဉ်ကို ပြည်တွင်းမီဒီယာတချို့မှာ သတင်းရေးသားထားပါတယ်။

MYANMAR MILITARY COUP