သဘာဝဖြည့်စွက်ဆေးဝါးကိုသုံးစွဲဖို့အကြံပြုတဲ့ မြန်မာနိုင်ငံက နှလုံးအထူးကုဆိုပြီး ရုရှားသတင်းစာဆရာတစ်ဦးရဲ့ဓာတ်ပုံ မှားယွင်းပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

အသက် ၁၀၉ နှစ်ရှိတဲ့ မြန်မာ့နှလုံးဆရာဝန်တစ်ဦးက “သွေးတိုးရောဂါပျောက်ကင်းစေနိုင်တယ်”ဆိုတဲ့ ဖြည့်စွက်ဆေးဝါးတစ်မျိုးကို ပုံမှန်သောက်သုံးဖို့အကြံပြုခဲ့တယ်ဆိုတဲ့ ပြောဆိုမှုနဲ့အတူ ဓာတ်ပုံတစ်ပုံကို Facebook ပေါ်မှာ အကြိမ်ရေရာနဲ့ချီ ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံထဲက အမျိုးသားဟာ ပြင်သစ်နိုင်ငံဖွား ရုရှား-အမေရိကန်လူမျိုး သတင်းစာဆရာတစ်ဦးသာဖြစ်ပြီး အခြားမသက်ဆိုင်တဲ့ အင်တာဗျုးတစ်ခုက ရယူထားတဲ့ဓာတ်ပုံသာဖြစ်ပါတယ်။ ထင်ရှားတဲ့ နှလုံးအထူးကုဆရာဝန်တစ်ဦးက ဒီပိုစ့်မှာပါတဲ့ ဖြည့်စွက်ဆေးဝါးမှာ သိသာတဲ့အကျိုးကျေးဇူးတွေမရှိဘူးလို့ AFP ကိုပြောခဲ့ပါတယ်။ ဒါ့အပြင် ဒီပိုစ့်ထဲမှာဖော်ပြထားတဲ့ နှလုံးအထူးကုဆရာဝန်ဟာ အပြင်မှာအမှန်တကယ်ရှိတယ်ဆိုတဲ့ အထောက်အထားတွေကိုလည်း AFP ကနေ မတွေ့ရှိခဲ့ပါဘူး။

ဒီအဆိုနဲ့ ဘလောဂ့်ပို့စ်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့က Facebook ဒီလင့်ခ်မှာ မျှဝေခဲ့ပါတယ်။ 

ဒီ Facebook ပိုစ့်ရဲ့ စာသားမှာတော့ “သွေးတိုးရောဂါ ပျောက်ပြီး ဘယ်တော့မှ ပြန်မလာနိုင်ပါ” (မူရင်းအတိုင်း) ဆိုပြီးရေးသားထားပါတယ်။ 

“အသက်အရွယ်ဆိုတာ ကိုယ့်ဘဝအတွက် အတားအဆီးတစ်ခု မဟုတ်ဘူး။ အသက်ရှည်ခြင်းနဲ့ ကျန်းမာရေး ကောင်းမွန်ခြင်းရဲ့ လျှို့ဝှက်ချက်ကို အသက် ၁၀၉နှစ်ရှိ နှလုံးပညာရှင်က မျှဝေခဲ့ပါတယ်။” (မူရင်းအတိုင်း) ဆိုတဲ့ခေါင်းစဥ်နဲ့အတူ ဦးကျော်သူမောင်လို့ခေါ်တဲ့ နှလုံးအထူးကုဆရာဝန်တစ်ဦးရဲ့ အင်တာဗျူးဆောင်ပါးကို ဖော်ပြထားတာတွေ့ရပါတယ်။

ဒီပိုစ့်ထဲက နှလုံးအထူးကုဆရာဝန်ကြီးက သွေးကြောသန့်စင်မှုဟာ ကျန်းမာရေးအတွက်အရေးပါကြောင်းနဲ့ Cardiovax လို့ခေါ်တဲ့ ဆေးဝါးဟာ သူ့ရဲ့ကောင်းမွန်တဲ့ကျန်းမာရေးရဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပို့စ်မှာ အသက်အကြီးပိုင်းအမျိုးသားတစ်ဦး ရဲ့ဓာတ်ပုံတစ်ပုံကို “အသက် ၁၀၉နှစ်မှာ ဦးကျော်သူမောင်ကို သမ္မတက ချီးကျူးစကား ဆိုခဲ့ပါတယ်။ ဒေါက်တာကျော်သူမောင် လုပ်ငန်းခွင်ထံမှ ဓာတ်ပုံတစ်ပုံ” ဆိုတဲ့စာသားနဲ့အတူ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့က ရယူထားတဲ့နာလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

တူညီတဲ့ပြောဆိုမှုနဲ့ ဒီအဆိုကို Facebook ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေအပြင် ဘလောဂ့်ပို့စ် ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါတယ်။

ဒါအပြင် ဒီဓာတ်ပုံကို အခြားဖြည့်စွက်ဆေးဝါးတွေကို အင်္ဂလိပ်ဘာသာအင်ဒိုနီးရှားဘာသာစကားတွေနဲ့ ကြော်ငြာထားတဲ့ ဘလော့ဂ်ပိုစ့်တွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။

အသက် ၁၀၉ နှစ်ရှိတဲ့ နှလုံးအထူးကု

ဒါပေမဲ့ ဒီဓာတ်ပုံထဲကအမျိုးသားဟာ မြန်မာနိုင်ငံက အသက် ၁၀၉ နှစ်ရှိတဲ့ နှလုံးအထူးကုတစ်ဦးမဟုတ်ပါဘူး။ Google မှာဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံထဲကအမျိုးသားဟာ ပြင်သစ်နိုင်ငံဖွား ရုရှား-အမေရိကန်လူမျိုးသတင်းစာဆရာ Vladimir Pozner ရဲ့ဓာတ်ပုံဖြစ်နေတာတွေ့ရပါတယ်။

ဒီဓာတ်ပုံကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှာ ရုရှားလက်အောက်ခံ တာတာစတန်ဒေသအစိုးရဝဘ်ဆိုဒ်ရဲ့ ဒီဆောင်းပါးမှာ ဖော်ပြထားတာတွေ့ရပါတယ်။

ဒီအင်တာဗျူးကို Pozner ရဲ့ ကိုယ်ပိုင်ဝဘ်ဆိုဒ်မှာ ဖော်ပြထားပြီး တာတာစတန်သတင်းဌာနတစ်ခုဖြစ်တဲ့ Tatar Inform ကလည်း ဒီအင်တာဗျူးဗီဒီယိုကို ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပိုစ့်ကဓာတ်ပုံ (ဘယ်) ကို တာတာစတန်အစိုးရဝဘ်ဆိုဒ်ကဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ပြထားတာကို တွေ့နိုင်ပါတယ်။

နားလည်မှုလွဲစေတဲ့ပိုစ့်ကဓာတ်ပုံ (ဘယ်) နဲ့ တာတာစတန်အစိုးရဝဘ်ဆိုဒ်ကဓာတ်ပုံ (ညာ)

AFP အနေနဲ့ အသက် ၁၀၉ နှစ်ရှိတဲ့ မြန်မာလူမျိုးနှလုံးအထူးကု ဒေါက်တာကျော်သူမောင်ဟာ အပြင်မှာ တကယ်ရှိတယ်ဆိုတဲ့ ခိုင်လုံတဲ့အထောက်အထားတွေကို မတွေ့ရပါဘူး။

'အကျိုးကျေးဇူးမရှိ'

Cardiovax ကိုထုတ်လုပ်တဲ့ အိန္ဒိယနိုင်ငံအခြေစိုက် Vokin Biotech ကုမ္ပဏီရဲ့ ဝဘ်ဆိုဒ်ပေါ်မှာတော့ သုတေသနလေ့လာမှုတွေအရ ဒီဆေးဟာ “သွေးကြောများ၏ အတွင်းပိုင်း (endothelial) အနားသားများ ကျန်းမာရေးကို ကောင်းမွန်စေပြီး ရောင်ရမ်းမှုကို လျှော့ချပေးသည်။” ဆိုပြီး ဖော်ပြထားပေမယ့် ဒီလေ့လာမှုတွေနဲ့ပတ်သက်တဲ့ အချက်အလက်အသေးစိတ်ကို ဖော်ပြထားတာမရှိပါဘူး။

ကမ္ဘာ့နှလုံးအဖွဲ့ချုပ် သိပ္ပံကော်မတီရဲ့ ဥက္ကဌဖြစ်တဲ့ ဒေါက်တာ Dorairaj Prabhakaran က “Cardiovax ဆေးဟာ ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေတယ်ဆိုတဲ့ အထောက်အထားတွေမရှိဘူး” လို့ AFP ကိုပြောပါတယ်။

ဒီဆေးဝါးထဲမှာ ပါဝင်တဲ့ Lycopene ဟာ “အစွမ်းထက်တဲ့ antioxidant” ဖြစ်ပြီး ကျန်းမာရေးအထောက်အကူဖြစ်စေတယ်လို့ ဒီဆေးဝါးထုတ်လုပ်သူက ဆိုထားပါတယ်။ ကျန်းမာရေးနဲ့သင့်မြတ်တဲ့ အစားအသောက်တွေကတဆင့်ရရှိတဲ့ antioxidant ဓာတ်တွေဟာ နှလုံးရောဂါလို နာတာရှည်ရောဂါတွေကို တိုက်ခိုက်ရာမှာအကျိုးရှိပေမယ့် “ဆေးဝါးဆိုင်ရာလေ့လာမှုစမ်းသပ်မှုတွေအရ ဒီဓာတ်တွေကို ဖြည့်စွက်ဆေးဝါးတွေတဆင့် ရယူတာက ထိရောက်မှုမရှိဘူး” လို့ ဒေါက်တာ Prabhakaran က ပြောပါတယ်။

“လတ်ဆတ်တဲ့အစားအစာတွေအများအပြားပါဝင်တဲ့ ကျန်းမာပြီးမျှတတဲ့ စားသောက်ပုံကသာ လိုအပ်တဲ့အဟာရဓာတ်ကို ရရှိစေနိုင်ပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးနိုင်မှာဖြစ်တယ်” လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနရဲ့ ခွင့်ပြုချက်ရဆေးဝါးစာရင်းမှာ Cardiovax ဆေး မပါဝင်တာတွေ့ရပါတယ်။