Cuban Rigoberta Santovenia, 102, threads a needle at her house in Havana, on May 17, 2018. In Cuba, with a high density of doctors per inhabitant and a free health system, a "Club of 120 years" encourages Cubans to reach that venerable age. ( AFP / YAMIL LAGE)

အပ်တစ်ချောင်းနဲ့ လေဖြတ်တဲ့လူနာကို ကုသနိုင်တယ်ဆိုတဲ့ပြောဆိုမှုဟာ “အန္တရာယ်ဖြစ်စေတယ်” လို့ ဆရာဝန်တွေသတိပေး

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

လေဖြတ်တဲ့လူနာရဲ့ လက်ချောင်းနဲ့ခြေချောင်းတွေကို အပ်နဲ့ဖောက်ရင် လူနာရဲ့အသက်ကို ကယ်တင်နိုင်တယ်လို့ ဆိုထားတဲ့ပိုစ့်တစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေ သောင်းနဲ့ချီပြန်လည်မျှဝေနေကြပါတယ်။ ဒီနည်းလမ်းကို တရုတ်၊ အိန္ဒိယနဲ့၊ ဂျပန်နိုင်ငံတွေမှာ လေဖြတ်လူနာတွေကို ကုသရာမှာ အောင်မြင်စွာအသုံးပြုနေကြတယ်လို့ ဒီပိုစ့်မှာ ပြောထားပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းဟာ လူနာအတွက် “အန္တရာယ်ရှိနိုင်တယ်” လို့ အနောက်တိုင်းနဲ့ ဆေးပညာရှင်တွေက AFP ကိုပြောခဲ့ပါတယ်။

ဒီပိုစ့်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က Facebook ဒီလင့်ခ်မှာ တင်ထားပြီး အကြိမ်ရေ ၂၄,၀၀၀ ကျော် ပြန်လည်မျှဝေနေကြပါတယ်။

ပို့စ်ပါစာသားတချို့ကိုတော့ အောက်မှာတွေ့နိုင်ပါတယ်။

“လေဖြတ်သွားတဲ့လူနာက ဘယ်နေရာမှာပဲရှိနေပါစေ လုံးဝနေရာမရွှေ့ပေးလိုက်ပါနဲ့ အကယ်၍ နေရာရွှေ့လိုက်မယ်ဆိုရင် ဦးနှောက်ထဲ သွေးယိုစိမ့်မှုဖြစ်ပြီး ဦးနှောက်သွေးကြောပြတ်နိုင်လို့ပါပဲ မိမိတို့အိမ်မှာ ဆေးထိုးအပ် သို့မဟုတ် ဆီးချိုဖေါက်တဲ့အပ်ရှိမယ်ဆိုရင်လည်း သွေးထွက်အောင်ဖေါက်လို့ရမည့် အပ်ဆိုရင် ပိုမိုစိတ်ချ ကောင်းမွန်ပါလိမ့်မယ် ဒါ့အပြင်လက်ချုပ်အပ်ဆိုရင်လည်း သုံးလို့အဆင်ပြေပါတယ် သို့သော် လုံးပတ်သေး ပြီးမာကြောသော အပ်တစ်ချောင်းဖြစ်နေဖို့တော့ အထူးလိုအပ်ပါတယ် လက်တွေ့ကုသတော့မယ်ဆိုရင် အပ်ကိုပိုးသတ်တဲ့အနေနဲ့ စက္ကန့်အနည်းငယ်ကြာ မီးကင်ပါ  ထို့နောက် လူနာရဲ့လက်ချောင်းထိပ်များနှင့် ခြေချောင်းထိပ်များကို သန့်ရှင်းသောကြိုးတစ်ချောင်းဖြင့်ချည်ကာ အရက်ပျံစွပ်ပြီးအပ်နဲ့ထိုးဖောက်ပါ ဒီလိုကုသရာမှာ အတွေ့အကြုံရှိဖို့မလိုပဲ လက်ချောင်းထိပ်ကနေ သွေးထွက်အောင် ဖောက်တတ်မယ်ဆိုရင် ရပါပြီ လက်ချောင်း ဆယ်ချောင်းလုံးနှင့် ခြေဆယ်ချောင်းလုံးကနေ သွေးတွေထွက်လာပြီဆိုရင် မိနစ်အနည်းငယ်ကြာသည်အထိ စောင့်ကြည့်လိုက်ပါ လူနာပုံမှန်အခြေအနေ ပြန်ဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ်” (မူရင်းအတိုင်း)

ဒီနည်းလမ်းကို ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ကိုးရီးယားနိုင်ငံနဲ့ ဂျပန်နိုင်ငံတွေမှာလည်း တိုင်းရင်းဆေးဝါးနည်းလမ်း တစ်ခုအနေနဲ့ အသုံးပြုကြတယ်လို့ ဒီပို့စ်မှာ ပြောထားပါတယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့က ရယူထားတဲ့နာလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

တူညီတဲ့ပြောဆိုမှုတွေကို Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပြန်လည်မျှဝေထားပါတယ်။

ဒီအဆိုဟာ အင်္ဂလိပ်ဘာသာစကားနဲ့ ၂၀၁၉ ခုနှစ်မှာ အွန်လိုင်းပေါ်မှာပျံ့နှံ့ခဲ့ပြီး AFP က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

ဒါပေမဲ့ အနောက်တိုင်းဆေးပညာရှင်တွေနဲ့ တရုတ်တိုင်းရင်းဆေးပညာရှင်တွေက ဒီနည်းလမ်းကို အသုံးမပြုဖို့ သတိပေးခဲ့ပြီး တစ်စုံတစ်ယောက်က လေဖြတ်နေတယ်လို့ သံသယရှိရင် ကျွမ်းကျင်သူတွေနဲ့ ကုသမှု အမြန်ရယူဖို့ လိုအပ်ကြောင်း AFP ကို ပြောပါတယ်။

'ကျွမ်းကျင်သူတွေရဲ့ ကုသမှုကို ရယူပါ'

John Hopkins တက္ကသိုလ် အာရုံကြောဗေဒ တွဲဖက်ပါမောက္ခဖြစ်သူ Elisabeth Breese Marsh က လေဖြတ်နေတယ်လို့ သံသယရှိတဲ့ လူနာကို ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ ပြသနိုင်ဖို့ ဆေးရုံကို ချက်ချင်းပို့ဆောင်ဖို့ လိုတယ်လို့ AFP ကိုပြောပါတယ်။

“Ischemic လေဖြတ်ခြင်းဟာ သွေးကြောထဲမှာသွေးခဲပိတ်ဆို့မှုကြောင့်ဖြစ်တဲ့ လေဖြတ်ခြင်းဖြစ်ပါတယ်။ ဒီလိုလေဖြတ်တဲ့လူနာကို ဆေးရုံကိုအချိန်မှီပို့နိုင်မယ်ဆိုရင် သွေးကြောပြန်ပွင့်ဖို့နဲ့ ဦးနှောက်လုပ်ဆောင်ချက်ပြန်လည် ရရှိဖို့အတွက် လုပ်လို့ရတဲ့ ကုသမှုတွေနဲ့ ဆေးဝါးတွေရှိပါတယ်။ ဒါပေမဲ့ ဒီကုသမှုတွေဟာ လေဖြတ်ပြီး နာရီပိုင်းအတွင်းလုပ်ဆောင်မှ အန္တရာယ်ကင်းထိရောက်မှုရှိပါတယ်။ ဒါကြောင့်အချိန်က အရမ်းကို အရေးကြီးပါတယ်။”

ကမ္ဘာ့နှလုံးအဖွဲ့ချုပ်သိပ္ပံကော်မတီရဲ့ ဥက္ကဌဖြစ်သူ ပါမောက္ခ Dorairaj Prabhakaran ကတော့ ဒီနားလည်မှုလွဲစေတဲ့ ပို့စ်ဟာ လူနာကို “အန္တရာယ်ဖြစ်စေနိုင်တယ်” လို့ပြောပါတယ်။

“ဒီလို သွေးထုတ်လွတ်ခြင်းက လေဖြတ်တဲ့လူနာအတွက်အကျိုးရှိစေတယ်ဆိုတဲ့ အထောက်အထားတစ်ခုမှမရှိပါဘူး” လို့ သူက AFP ကိုပြောပါတယ်။ “ဒီအဆိုဟာ လေဖြတ်တဲ့လူနာအတွက် လိုအပ်တဲ့အရေးပေါ်ဆေးကုသမှုရရှိဖို့ နှောင့်နှေးစေနိုင်ပြီး အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ လေဖြတ်လူနာတစ်ယောက်ဟာ အရေးပေါ်ကုသမှုကို ချက်ချင်းရရှိဖို့ လိုအပ်ပါတယ်။”

'နားလည်မှုလွဲစေ'

ဒီနည်းလမ်းကို အာရှနိုင်ငံတွေမှာ နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြတယ်ဆိုပြီး ဒီပို့စ်မှာ ဆိုထားပါတယ်။

ဒါပေမဲ့ Chinese University of Hong Kong တက္ကသိုလ်က လက်ထောက်ပါမောက္ခဟောင်းတစ်ဦးဖြစ်ပြီး တရားဝင်တိုင်းရင်းဆေးသမားတော်တစ်ဦးဖြစ်တဲ့ ဒေါက်တာ Wendy Wong က ဒီပို့စ်မှာပါတဲ့ အချက်အလက်တွေက တရုတ်တိုင်းရင်းဆေးပညာမှာ အသုံးပြုတဲ့ အပ်စိုက်ကုထုံးကို လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ဆိုထားတာဖြစ်တယ်လို့ AFP ကိုပြောပါတယ်။

“တရုတ်အမျိုးသားကျန်းမာရေးစနစ်အရ တရုတ်ဆေးရုံတွေမှာ လေဖြတ်ခြင်းကို  အပ်စိုက်ကုသနည်းအပြင် အနောက်တိုင်ဆေးဝါးတွေနဲ့ တွဲဖက်ပြီး ကုသကြပါတယ်။” လို့ ဒေါက်တာ Wong ကပြောပါတယ်။ ဒီကုသမှုမှာ လေဖြတ်မှုဖြစ်စေတဲ့ အခြေအနေပေါ်မူတည်ပြီး “ခြေလက်တွေကနေ ပင်မခန္ဓာကိုယ်အထိ” မတူညီတဲ့ အစိတ်အပိုင်းတွေပါဝင်ပါတယ်။

“တရုတ်တိုင်းရင်းဆေးကုသမှု စည်းမျဥ်းတွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီတဲ့အတွက် အနောက်တိုင်း ဆရာဝန်တွေနဲ့ အမြန်ဆုံးကုသမှု ခံယူဖို့ အကြံပြုပါတယ်။”

လေဖြတ်နေတဲ့ လူနာတစ်ယောက်ကို “ပထမဆုံးကုသမှုပေးတဲ့သူဟာ ဆေးဝါးဆိုင်ရာကျွမ်းကျင်သူဖြစ်ဖို့လိုတယ်” လို့လည်း သူမက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

“လူနာရဲ့ အသက်အန္တရာယ်လုံခြုံရေးအတွက် ဒီ Facebook ပို့စ်ဟာ နားလည်မှုလွဲစေတယ်လို့ ကျွန်မပြောချင်ပါတယ်။”

လေဖြတ်ရောဂါဟာ ကမ္ဘာတဝှမ်း အသက် ၆၀ နဲ့အထက်သေဆုံးမှုရဲ့ ဒုတိယမြောက်တရားခံဖြစ်ပြီး အသက် ၁၅ နှစ်နဲ့ ၅၉နှစ်ကြား သေဆုံးမှုရဲ့ ပဉ္စမမြောက် တရားခံဖြစ်တယ်လို့ ကမ္ဘာ့လေဖြတ်ရောဂါတိုက်ဖြတ်ရေးအဖွဲ့ချုပ်က ဆိုပါတယ်။ လူခြောက်ယောက်မှာ တစ်ယောက်ဟာ သူတို့ရဲ့ဘဝတစ်သက်တာ တစ်ချိန်ချိန်မှာ လေဖြတ်ခြင်းကို ခံစားရနိုင်ပါတယ်။