မြန်မာစစ်သားတွေ သေဆုံးတဲ့နေရာမှာပေါက်တဲ့မှိုတွေဆိုပြီး ဓာတ်ပုံဟောင်းတွေပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၃ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

ကယားပြည်နယ်တစ်နေရာက မြန်မာစစ်သားတွေသေဆုံးတဲ့နေရာမှာ ပေါက်တဲ့မှိုတွေလို့ပြောထားတဲ့ ဓာတ်ပုံသုံးပုံကို Facebook ပေါ်မှာ အကြိမ်ပေါင်းများစွာ ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီပြောဆိုမှုဟာ နားလည်မှု လွဲစေနိုင်ပါတယ်။ ဒီဓာတ်ပုံတွေဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုမဖြစ်ခင် အနည်းဆုံး ၂၀၁၆ ခုနှစ်ကတည်းက အွန်လိုင်းပေါ်ပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။ ပုပ်နေတဲ့ ခြေချောင်း၊ လက်ချောင်းတွေနဲ့ဆင်တူတဲ့ ဒီမှိုမျိုးဟာ ဥရောပနဲ့ မြောက်အမေရိကဒေသတချို့က သစ်ခြောက်ပင်တွေမှာ ပေါက်ရောက်လေ့ရှိတာဖြစ်ပါတယ်။

ဓာတ်ပုံတွေကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့က Facebook ရဲ့ ဒီလင့်ခ်မှာ မျှဝေထားပါတယ်။

ဓာတ်ပုံသုံးပုံမှာ ပုပ်နေတဲ့ခြေချောင်း၊ လက်ချောင်းတွေနဲ့တူတဲ့ မှိုတွေကို သစ်လုံးတစ်လုံးကနေထွက်နေတာ၊ မြေကြီးထဲကနေထွက်နေတာ မြင်ရပါတယ်။

ဓာတ်ပုံနဲ့အတူတင်ထားတဲ့စာတွေက အခုလိုဖြစ်ပါတယ်။ “မသာလက်ချောင်းမှို။ ဒါမျိုး စခတွေသေခဲ့တဲ့နေရာမှာပေါက်တာတဲ့။ ကရင်နီပြည်တနေရာမှာ။ ( #စာကြွင်း။ ။ ကွန့်မင့်များအတွက်ကျေးဇူးတင်ပါသည်။ ဒေသခံမုဆိုးတဦးမှအကြောင်းကြားပြောပြခြင်းဖြစ်သည်။ ဒီထက်ပိုမပြောလိုပါ။)” (မူရင်းအတိုင်း)

ကယားပြည်နယ်မှာ မကြာသေးခင်လတွေအတွင်း တိုက်ပွဲတွေ ပြင်းထန်လျက်ရှိပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းဖြစ်စဉ်အတွင်း အရပ်သားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဖြုတ်ချခံရတဲ့အချိန်ကစလို့ ကယားပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပေါ်လျက်ရှိပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း ဆန္ဒပြသူတွေကို နှိမ်နင်းမှုကြောင့် လူပေါင်း ၂၀၀၀ သေဆုံးခဲ့ရပြီး ၁၅၀၀၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုက ဆိုပါတယ်။

နားလည်မှုလွဲစေတဲ့ Facebook post ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့က ရယူထားတဲ့ screenshot

ဒီဓာတ်ပုံတွေကို အလားတူပြောဆိုမှုတွေနဲ့ Facebook ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပြန်လည်မျှဝေနေကြပါတယ်။

“အဲ့တာအလောင်းတွေမြုံးထာတဲ့နေရာတွေမှာပေါက်တယ်လို့တော့ကြာဖူးတယ်” (မူရင်းအတိုင်း)

“သေတာတောင်ရွံစရာအဖြစ်ကျန်ခဲ့သေးတယ်နော်” (မူရင်းအတိုင်း)

ဒါပေမဲ့ ဒီအဆိုဟာ နားလည်မှုလွဲစေပါတယ်။ ဒီမှိုတွေဟာ Xylaria polymorpha လို့ခေါ်ပြီး ပုံမှန်အားဖြင့် လူသေလက်ချောင်းမှိုလို့ သိကြပါတယ်။ ဥရောပနဲ့ မြောက်အမေရိကတချို့နေရာတွေမှာ ပေါက်လေ့ရှိပြီး အလောင်းမြှုပ်တဲ့နေရာတွေမှာ ဒါမှမဟုတ် မြန်မာနိုင်ငံမှာ ပေါက်တဲ့မှိုမျိုးမဟုတ်ပါဘူး။

ဗြိတိန်သဘာ၀ထိန်းသိမ်းရေးအဖွဲ့ Woodland Trust ကတော့ ဒီမျိုးစိတ်တွေဟာ “အသေကောင်ပုံစံ၊ ယောင်ရမ်းနေတဲ့ပုံစံ၊ ကြွက်နို့တွေပေါက်နေတဲ့ပုံစံ လက်ချောင်းမျိုးနဲ့ဆင်တူပြီး ၃ စင်တီမီတာကနေ ၈ စင်တီမီတာအထိ ရှည်ထွက်တတ်တယ်” လို့ ဖော်ပြထားပါတယ်။ အဲဒါအပြင် ဒီမှိုတွေဟာ သစ်ငုပ်တိုတွေနဲ့ သစ်ခြောက်ပင်တွေ၊ beech tree လို အခေါက်မာသစ်ပင်ကြီးမျိုးတွေမှာ ပေါက်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။

“ဒီမှိုတွေဟာ ယူကေ၊ အိုင်ယာလန်၊ ဥရောပတခွင်နဲ့ မြောက်အမေရိက တချို့ဒေသတွေမှာ အတွေ့ရများတယ်” လို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

University of Wisconsin-Madison က ထုတ်ပြန်တဲ့ ဆောင်းပါးတစ်ပုဒ်မှာဆိုရင်လည်း အခုလို ပါရှိပါတယ်။ “သစ်ခြောက်ပင် ဒါမှမဟုတ် သေခါနီးသစ်ပင်တွေ၊ ချုံပုပ်တွေအပြင် မြေကြီးနဲ့ထိနေတဲ့ သစ်တုံးတွေ၊ သစ်လုံးတွေမှာ အတွေ့ရများတဲ့ မှိုတွေကို လူသေလက်ချောင်းမှိုလို့ နာမည်ပေးထားတာဖြစ်ပါတယ်”

Google မှာ အဓိကကျတဲ့စကားလုံးရှာဖွေတာအပြင် ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံသုံးပုံဟာ အွန်လိုင်းပေါ်မှာ အနည်းဆုံး ၂၀၁၆ ခုနှစ်ကတည်းက ပျံ့နှံ့နေတာ တွေ့ရပါတယ်။

မှိုဓာတ်ပုံတွေ

ပထမဆုံးဓာတ်ပုံကိုတော့ ၂၀၁၉ ခုနှစ်မှာ Bored Panda ဆိုတဲ့ဝဘ်ဆိုက်က ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။

ဒီဝဘ်ဆိုက်ပါဆောင်းပါးမှာတော့ ဒီမှိုမျိုးဟာ လူသေလက်ချောင်းမှိုလို့ခေါ်ပြီး အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားမှာ တွေ့ရှိမှတ်တမ်းတင်ခဲ့တာလို့ ဖော်ပြထားပါတယ်။

Bored Panda မှာ ဒီဓာတ်ပုံကို Mushroomcore ဆိုတဲ့ Facebook private group တစ်ခုကနေ ယူထားတာလို့ ဖော်ပြထားပါတယ်။ အဲဒီ group ထဲမှာ Regan Daniels ဆိုတဲ့ Facebook သုံးစွဲသူတစ်ဦး ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၉ ရက်နေ့မှာ တင်ထားတဲ့ မူရင်းပို့စ်နဲ့ဓာတ်ပုံကို AFP က တွေ့ရှိခဲ့ပါတယ်။

ပို့စ်ပါ စာသားတွေက အခုလိုဖြစ်ပါတယ်။ “လူသေလက်ချောင်း (ဒီနေရာမှာတော့ ခြေချောင်း) မှိုကို တွေ့ခဲ့တယ်။ ဟောလိုးဝင်းအတွက် အလှဆင်မလားလို့ စိတ်ကူးနေမိတယ်” “ဖြည့်စွက်ပြင်ဆင်ခြင်း - သက်သေအထောက်အထားဖြစ်အောင် နောက်ထပ်ပုံတွေနဲ့ ရေစာပါ ထပ်ပေါင်းထည့်လိုက်ပါတယ်။ ပုံမှာမြင်ရတာ အမှန်တကယ်မဖြစ်နိုင်ဘူးလို့ ငြင်းနေကြလို့ပါ”

အောက်မှာ နားလည်မှုလွဲစေတဲ့ဓာတ်ပုံ (ဘယ်) နဲ့ Regan Daniels ရဲ့ ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ဓာတ်ပုံ (ဘယ်) နဲ့ Regan Daniels ရဲ့ ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

ဒုတိယဓာတ်ပုံကိုတော့ Charismatic Planet လို့ခေါ်တဲ့ဝဘ်ဆိုက်ရဲ့ ဒီလင့်ခ်မှာ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့က တင်ထားတာ တွေ့ရပါတယ်။

ဓာတ်ပုံရည်ညွှန်းစာက အခုလိုဖြစ်ပါတယ်။ “Xylaria polymorpha ဟာ ‘လူသေလက်ချောင်း’ လို့ လူသိများတဲ့ မှိုတစ်မျိုးဖြစ်ပါတယ်”

အောက်မှာ နားလည်မှုလွဲစေတဲ့ဓာတ်ပုံ (ဘယ်) နဲ့ Charismatic Planet ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ဓာတ်ပုံ (ဘယ်) နဲ့ Charismatic Planet ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

Charismatic Planet ဝဘ်ဆိုက်မှာတင်ထားတဲ့ဆောင်းပါးခေါင်းစဉ်ကတော့ “လူသေရဲ့လက်ချောင်း” ဖြစ်ပြီး ဒီမှိုမျိုးဟာ တောအုပ်တွေနဲ့ သစ်တောများတဲ့နေရာမှာပေါက်ရောက်လေ့ရှိပြီး ပုံမှန်အားဖြင့် သစ်ငုပ်တွေနဲ့ သစ်ဆွေးတွေမှာ ပေါက်လေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒီဓာတ်ပုံကို သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဖြစ်တဲ့ Alliance for the Chesapeake Bay ရဲ့ ဒီလင့်ခ်မှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလက တင်ထားပြီး Charismatic Planet ကနေ ယူထားတယ်လို့ ဖော်ပြထားပါတယ်။

တတိယဓာတ်ပုံကို George Thompson ဆိုသူက ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တုန်းက Twitter ရဲ့ ဒီလင့်ခ်မှာ တင်ထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ဓာတ်ပုံ (ဘယ်) နဲ့ Thompson ရဲ့ Twitter ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ဓာတ်ပုံ (ဘယ်) နဲ့ Thompson ရဲ့ Twitter ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

Thompson ဟာ UC Davis Medical Center က ပါမောက္ခတစ်ဦးဖြစ်ပြီး သူတင်ထားတဲ့ပို့စ်ဟာ မြန်မာနိုင်ငံက သေဆုံးစစ်သားတွေနဲ့ ပတ်သက်မှုမရှိပါဘူးလို့ AFP ကို ပြောပါတယ်။

“ဒီဓာတ်ပုံမှာမြင်ရတာ ‘Xylaria polymorpha’ လို့ခေါ်တဲ့ မှိုဖြစ်ပါတယ်။ သူ့ကို ‘လူသေလက်ချောင်းမှို’လို့လည်း ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူ့ပုံစံက လက်သည်းတွေပါတဲ့ လက်ချောင်းတွေနဲ့ တူလို့ပါ” လို့ သူက ဆိုပါတယ်။



Myanmar military coup