သဘာဝဖြည့်စွက်ဆေးဝါးကိုသုံးစွဲဖို့အကြံပြုတဲ့ မြန်မာနိုင်ငံက နှလုံးအထူးကုဆိုပြီး ဂျပန်လူမျိုး နိုဘယ်ဆုရှင် Yoshinori Ohsumi ရဲ့ဓာတ်ပုံ မှားယွင်းပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

အသက် ၁၀၉ နှစ်ရှိတဲ့ မြန်မာ့နှလုံးဆရာဝန်တစ်ဦးက “သွေးတိုးရောဂါပျောက်ကင်းစေနိုင်တယ်”ဆိုတဲ့ ဖြည့်စွက်ဆေးဝါးတစ်မျိုးကို ပုံမှန်သောက်သုံးဖို့အကြံပြုခဲ့တယ်ဆိုတဲ့ ပြောဆိုမှုနဲ့အတူ ဓာတ်ပုံတစ်ပုံကို Facebook ပေါ်မှာ အကြိမ်ရေရာနဲ့ချီ ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံထဲက အမျိုးသားဟာ အသက် ၇၇ နှစ်ရှိ ဂျပန်လူမျိုး နိုဘယ်ဆုရှင် Yoshinori Ohsumi ရဲ့ဓာတ်ပုံသာဖြစ်ပြီး ၂၀၁၆ ခုနှစ် နိုဗယ်လ်ဆုရှင်အဖြစ်ရွေးချယ်ခံခဲ့ရပြီးနောက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက ဓာတ်ပုံသာဖြစ်ပါတယ်။ ဒါ့အပြင် ထင်ရှားတဲ့ နှလုံးအထူးကုဆရာဝန်တစ်ဦးက ဒီပို့စ်မှာပါတဲ့ ဖြည့်စွက်ဆေးဝါးမှာ သိသာတဲ့အကျိုးကျေးဇူးတွေမရှိဘူးလို့ AFP ကိုပြောခဲ့ပါတယ်။ ဒီပို့စ်ထဲမှာဖော်ပြထားတဲ့ မြန်မာနိုင်ငံသားနှလုံးအထူးကုဆရာဝန်ဟာ အပြင်မှာအမှန်တကယ်ရှိတယ်ဆိုတဲ့ အထောက်အထားတွေကိုလည်း AFP ကနေ မတွေ့ရှိခဲ့ပါဘူး။

ဒီအဆိုနဲ့ ဘလောဂ့်ပို့စ်ကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့က Facebook ဒီလင့်ခ်မှာ မျှဝေခဲ့ပါတယ်။

 ဒီ Facebook ပို့စ်ရဲ့ စာသားမှာတော့ “သွေးတိုးရောဂါ ပျောက်ပြီး ဘယ်တော့မှ ပြန်မလာနိုင်ပါ” ဆိုပြီးရေးသားထားပါတယ်။ 

ဒါ့အပြင် အသက်အကြီးပိုင်းအမျိုးသားတစ်ဦး ရဲ့ဓာတ်ပုံတစ်ပုံကို “နှလုံးအထူးကုဆရာဝန်သည် အသက်ရှည်ခြင်းနှင့် ကျန်းမာခြင်း၏လျှို့ဝှက်ချက်ကို မျှဝေပါသည်” (မူရင်းအတိုင်း) စာသားနဲ့အတူတွေ့ရပါတယ်။ 

၂၀၂၂ ခုနှစ်၊ သြဂုတ် ၅ ရက်နေ့က ရယူထားတဲ့နာလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

“အသက်အရွယ်ဆိုတာ ကိုယ့်ဘဝအတွက် အတားအဆီးတစ်ခု မဟုတ်ဘူး။ အသက်ရှည်ခြင်းနဲ့ ကျန်းမာရေး ကောင်းမွန်ခြင်းရဲ့ လျှို့ဝှက်ချက်ကို အသက် ၁၀၉နှစ်ရှိ နှလုံးပညာရှင်က မျှဝေခဲ့ပါတယ်။” (မူရင်းအတိုင်း) ဆိုတဲ့ခေါင်းစဥ်နဲ့အတူ ဦးကျော်သူမောင်လို့ခေါ်တဲ့ နှလုံးအထူးကုဆရာဝန်တစ်ဦးရဲ့ အင်တာဗျူးဆောင်းပါးကို ဖော်ပြထားတာတွေ့ရပါတယ်။ 

ဒီပို့စ်ထဲက နှလုံးအထူးကုဆရာဝန်ကြီးက သွေးကြောသန့်စင်မှုဟာ ကျန်းမာရေးအတွက်အရေးပါကြောင်းနဲ့ Cardiovax လို့ခေါ်တဲ့ ဆေးဝါးဟာ သူ့ရဲ့ကောင်းမွန်တဲ့ကျန်းမာရေးရဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒီဘလော့ဂ်ပို့စ်ထဲမှာလည်း “အသက် ၁၀၉နှစ်မှာ ဦးကျော်သူမောင်ကို သမ္မတက ချီးကျူးစကား ဆိုခဲ့ပါတယ်။ ဒေါက်တာကျော်သူမောင် လုပ်ငန်းခွင်ထံမှ ဓာတ်ပုံတစ်ပုံ” (မူရင်းအတိုင်း) ဆိုတဲ့စာသားနဲ့ ဓာတ်ပုံနောက်တစ်ပုံကို ဖော်ပြထားပါတယ်။  

တူညီတဲ့ပြောဆိုမှုနဲ့ ဒီအဆိုကို Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေအပြင် ဘလော့ဂ်ပို့စ်ကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါတယ်။

အသက် ၁၀၉ နှစ်ရှိတဲ့ နှလုံးအထူးကု

ဒါပေမဲ့ ဒီဓာတ်ပုံထဲကအမျိုးသားဟာ မြန်မာနိုင်ငံက အသက် ၁၀၉ နှစ်ရှိတဲ့ နှလုံးအထူးကုတစ်ဦးမဟုတ်ပါဘူး။ Google မှာဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံထဲကအမျိုးသားဟာ ဂျပန်လူမျိုး နိုဘယ်ဆုရှင် Yoshinori Ohsumi ဖြစ်နေတာတွေ့ရပါတယ်။ 

Facebook ပို့စ်ထဲကဓာတ်ပုံကို Google မှာဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံကို ကနေဒါသတင်းဌာနတစ်ခု ဖြစ်တဲ့ CBC News က “၂၀၁၆ ခုနှစ် ဆေးပညာဆိုင်ရာနိုဘယ်ဆုကို ဂျပန်သိပ္ပံပညာရှင်မှ ရရှိ” ဆိုတဲ့ခေါင်းစဥ်နဲ့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့က ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။ 

ဒီဓာတ်ပုံနဲ့အတူ စာသားကိုလည်း အခုလိုဘဲဖော်ပြထားပါတယ်။ 

“၂၀၁၂ ခုနှစ်တွင် တွေ့ရသည့် မော်လီကျူးဇီဝဗေဒပညာရှင် Yoshinori Ohsumi သည် ဆဲလ်လူလာအစိတ်အပိုင်းများကို ပျက်စီးစေရန်နှင့် ပြန်လည်အသုံးပြုသည့် ယန္တရားများကို ရှာဖွေတွေ့ရှိသည့်အတွက် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို တနင်္လာနေ့တွင် ရရှိခဲ့သည်။”  

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို CBC ဆောင်းပါးထဲကဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ပြထားတာကို တွေ့နိုင်ပါတယ်။ 

နားလည်မှုလွဲစေတဲ့ပိုစ့်ကဓာတ်ပုံ (ဘယ်) နဲ့ CBC ဆောင်းပါးထဲကဓာတ်ပုံ (ညာ)

ဒါအပြင့် ဘလော့ဂ်ထဲက ဓာတ်ပုံကို အဓိကကျတဲ့စကားလုံးတွေနဲ့အတူ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံကို အမေရိကန်အခြေစိုက် ဓာတ်ပုံရောင်းချတဲ့ဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ Getty Images ဒီလင့်ခ် မှာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့က ဖော်ပြထားတာတွေ့ရပါတယ်။ 

ဓာတ်ပုံနဲ့အတူစာသားကိုလည်း “Yoshinori Ohsumi သည် ဂျပန်နိုင်ငံ၊ ယိုကိုဟားမားတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များနှင့် တွေ့ဆုံပြောကြားခဲ့သည်။ ဇီဝကမ္မဗေဒ/ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို တိုကျိုနည်းပညာတက္ကသိုလ်မှ Yoshinori Ohsumi အား ကိုယ်ခန္ဓာမှ ပြိုကွဲသွားပုံနှင့် ဆဲလ်လူလာအစိတ်အပိုင်းများကို ပြန်လည်အသုံးပြုပုံ- autophagy အကြောင်း ရှာဖွေတွေ့ရှိမှုအတွက် ဇီဝကမ္မဗေဒဆိုင်ရာ နိုဘယ်ဆုအား ချီးမြှင့်ခဲ့သည်။” ဆိုပြီးဖော်ပြထားပါတယ်။ 

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို Getty Images ဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ပြထားတာကို တွေ့နိုင်ပါတယ်။

နားလည်မှုလွဲစေတဲ့ပိုစ့်ကဓာတ်ပုံ (ဘယ်) နဲ့ Getty Images ဓာတ်ပုံ (ညာ)

ဒီသတင်းစာရှင်းလင်းပွဲက Yoshinori Ohsumi ရဲ့ဓာတ်ပုံကို AFP ကလည်း ဒီလင့်ခ် မှာ ဖော်ပြခဲ့ပါတယ်။ 

AFP အနေနဲ့ အသက် ၁၀၉ နှစ်ရှိတဲ့ မြန်မာလူမျိုးနှလုံးအထူးကု ဒေါက်တာကျော်သူမောင်ဟာ အပြင်မှာ တကယ်ရှိတယ်ဆိုတဲ့ ခိုင်လုံတဲ့အထောက်အထားတွေကို မတွေ့ရပါဘူး။

အကျိုးကျေးဇူးမရှိ

Cardiovax ကိုထုတ်လုပ်တဲ့ အိန္ဒိယနိုင်ငံအခြေစိုက် Vokin Biotech ကုမ္ပဏီရဲ့ ဝဘ်ဆိုဒ်ပေါ်မှာတော့ သုတေသနလေ့လာမှုတွေအရ ဒီဆေးဟာ “သွေးကြောများ၏ အတွင်းပိုင်း (endothelial) အနားသားများ ကျန်းမာရေးကို ကောင်းမွန်စေပြီး ရောင်ရမ်းမှုကို လျှော့ချပေးသည်။” ဆိုပြီး ဖော်ပြထားပေမယ့် ဒီလေ့လာမှုတွေနဲ့ပတ်သက်တဲ့ အချက်အလက်အသေးစိတ်ကို ဖော်ပြထားတာမရှိပါဘူး။ 

ကမ္ဘာ့နှလုံးအဖွဲ့ချုပ် သိပ္ပံကော်မတီရဲ့ ဥက္ကဌဖြစ်တဲ့ Dorairaj Prabhakaran က “Cardiovax ဆေးဟာ ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေတယ်ဆိုတဲ့ အထောက်အထားတွေမရှိဘူး” လို့ AFP ကိုပြောပါတယ်။ 

ဒီဆေးဝါးထဲမှာ ပါဝင်တဲ့ Lycopene ဟာ “အစွမ်းထက်တဲ့ antioxidant” ဖြစ်ပြီး ကျန်းမာရေးအထောက်အကူဖြစ်စေတယ်လို့ ဒီဆေးဝါးထုတ်လုပ်သူက ဆိုထားပါတယ်။ ကျန်းမာရေးနဲ့သင့်မြတ်တဲ့ အစားအသောက်တွေကတဆင့်ရရှိတဲ့ antioxidant ဓာတ်တွေဟာ နှလုံးရောဂါလို နာတာရှည်ရောဂါတွေကို တိုက်ခိုက်ရာမှာအကျိုးရှိပေမယ့် “ဆေးဝါးဆိုင်ရာလေ့လာမှုစမ်းသပ်မှုတွေအရ ဒီဓာတ်တွေကို ဖြည့်စွက်ဆေးဝါးတွေတဆင့် ရယူတာက ထိရောက်မှုမရှိဘူး” လို့ ဒေါက်တာ Prabhakaran က ပြောပါတယ်။ 

“လတ်ဆတ်တဲ့အစားအစာတွေအများအပြားပါဝင်တဲ့ ကျန်းမာပြီးမျှတတဲ့ စားသောက်ပုံကသာ လိုအပ်တဲ့အဟာရဓာတ်ကို ရရှိစေနိုင်ပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးနိုင်မှာဖြစ်တယ်” လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ 

အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနရဲ့ ခွင့်ပြုချက်ရဆေးဝါးစာရင်းမှာ Cardiovax ဆေး မပါဝင်တာတွေ့ရပါတယ်။