ဒီဓာတ်ပုံတွေဟာ ၂၀၂၁ ခုနှစ်က တရုတ်နိုင်ငံရေကြီးမှုက ဓာတ်ပုံတွေသာဖြစ်ပြီး ၂၀၂၂ ခုနှစ်က ဓာတ်ပုံမဟုတ်

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 08 ဇူလိုင် 2022 အချိန် 06h47
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • AFP ထိုင်း
၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင်းမှာဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံရေကြီးမှုက ဓာတ်ပုံတွေဆိုပြီး ရေတွေလွှမ်းမိုးနေတဲ့ မြို့ပြကြီးရဲ့ လမ်းမတွေရဲ့ ဓာတ်ပုံတွေကို Facebook ပေါ်မှာ အကြိမ်ရေ ရာနဲ့ချီမျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ နားလည်မှုလွဲစေပါတယ်။ ဒီဓာတ်ပုံတွေဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လကတည်းက တရုတ်နိုင်ငံအလယ်ပိုင်း Zhengzhouမြို့မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုတွေအကြောင်းကို ဖော်ပြထားတဲ့ သတင်းဆောင်းပါးတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။
 

ဒီဓာတ်ပုံတွေကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှာ “ယနေ့ ချီးနား #ဇူလိုင်လ ၂၁” (မူရင်းအတိုင်း) ဆိုတဲ့စာသားနဲ့ အတူ ဒီလင့်ခ်မှာ မျှဝေထားပြီး ပြန်လည်မျှဝေမှုအကြိမ်ရေ ၁၅၀ ကျော်ရှိနေပါတယ်။

Image
၂၀၂၂ ခုနှစ်၊ သြဂုတ် ၅ ရက်နေ့က ရယူထားတဲ့နာလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

၂၀၂၂ ခုနှစ်၊ ဇူလိုင်လထဲမှာ တရုတ်နိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ အိမ်နီးချင်း ဂန်စုပြည်နယ်နဲ့ စီချွမ်ပြည်နယ်အတွင်း အချို့နေရာတွေမှာ ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီး လူ ၁၂ ဦးသေဆုံးတဲ့အပြင် ၁၂ ဦး ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Global Times က ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံတွေကို Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပြန်လည်မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီဓာတ်ပုံတွေဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လကတည်းက ဟီနန်ပြည်နယ်အလယ်ပိုင်းက Zhengzhouမြို့မှာဖြစ်ပွားခဲ့တဲ့ ရေကြီးမှုသတင်းနဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံနှံနေခဲ့တာဖြစ်ပါတယ်။

ပထမဓာတ်ပုံ 

အဓိကကျတဲ့စကားလုံးတွေနဲ့ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ပထမဓာတ်ပုံကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်မှာ UN Climate Change ရဲ့ Twitter အကောင့်က ဒီလင့်ခ်မှာ မျှဝေထားတာတွေ့ရပါတယ်။

“ကမ္ဘာတဝှမ်းတွင် ပြင်းထန်သော ရာသီဥတုဆိုင်ရာ သက်ရောက်မှုများ ဆက်လက်ဖြစ်ပေါ်နေပါသည်။ တရုတ်နိုင်ငံ Zhengzhou တွင် မိုးလေဝသ မှတ်တမ်းများ စတင်ချိန်မှစ၍ နေ့စဉ် မိုးရွာသွန်းမှု အမြင့်ဆုံးဖြစ်ခဲ့ပြီး တစ်ရက်အတွင်း ၈ လနှင့် ညီမျှသည့် မိုးရွာသွန်းမှုဖြစ်ပွားခဲ့သည်။ #COP26”ဆိုပြီး ဒီ Tweet မှာ ရေးသားထားပါတယ်။

ဒါ့အပြင် ဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှာ တရုတ်နိုင်ငံပိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ Global Times က သတင်းထောက်တစ်ဦးကလည်း ဒီလင့်ခ်မှာ ဖော်ပြခဲ့ပါတယ်။

Baidu Maps ထဲမှာတွေ့ရတဲ့ Zhengzhou မြို့ရဲ့ Street View ဓာတ်ပုံတွေက ဒီဓာတ်ပုံနဲ့ ကိုက်ညီမှုရှိနေတာ တွေ့ရပါတယ်။

Zhengzhou အပါအဝင် ဟီနန်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ရေကြီးရေလျှံမှုကြောင့် လူ ၃၉၈ ဦးသေဆုံးခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် စီပွားရေးဆုံးရှုံးမှုရှိခဲ့တယ်လို့ AFP က ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ ပို့စ်က ပထမဓာတ်ပုံ (ဘယ်) နဲ့ UN Climate Change ရဲ့ Tweet က ဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်တွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ ပို့စ်က ပထမဓာတ်ပုံ (ဘယ်) နဲ့ UN Climate Change ရဲ့ Tweet က ဓာတ်ပုံ (ညာ)

ဒုတိယဓာတ်ပုံ 

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒုတိယဓာတ်ပုံကို Getty Images ဓာတ်ပုံရောင်းချတဲ့ ဝဘ်ဆိုဒ်က ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့က ဒီလင့်ခ်မှာ ဖော်ပြထားတာတွေ့ရပါတယ်။

ဒီဓာတ်ပုံနဲ့အတူ စာသားကို “တရုတ်နိုင်ငံ၊ Henan ပြည်နယ် Zhengzhou တွင် ဇူလိုင်လ ၂၀ ရက်၊ ၂၀၂၁ရက်နေ့တွင် ယာဉ်များ သောင်တင်နေပုံ။ ဇူလိုင် ၁၆ ရက်ကတည်းက Henan မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ ပြည်နယ်ရဲ့ နေရာအတော်များများမှာ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။” ဆိုပြီး ရေးသားထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ ပို့စ်ရဲ့ ဒုတိယဓာတ်ပုံ (ဘယ်) ကို Getty Images က ဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ထားတာကို တွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ ပို့စ်ရဲ့ ဒုတိယဓာတ်ပုံ (ဘယ်) နဲ့ Getty Images က ဓာတ်ပုံ (ညာ)

တတိယဓာတ်ပုံ

တတိယဓာတ်ပုံကို တရုတ်နိုင်ငံပိုင် Xinhua သတင်းဌာနက ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှာ ဟီနန်ပြည်နယ်က ရေကြီးမှုတွေအကြောင်းရေးသားထားတဲ့ ဒီဆောင်းပါးမှာ ဖော်ပြခဲ့ပါတယ်။

ဒီဓာတ်ပုံရဲ့စာသားမှာတော့ “တရုတ်နိုင်ငံအလယ်ပိုင်း Henan ပြည်နယ်မြို့တော် Zhengzhou တွင် အန္တရာယ်ဆိုင်းဘုတ်များကို ရေနစ်မြုပ်နေသည့်လမ်းပေါ်တွင် တပ်ဆင်ထား။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်။” ဆိုပြီး ရေးသားထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ ပို့စ်ရဲ့ တတိယမြောက်ဓာတ်ပုံ (ဘယ်) ကို Xinhua ဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ပြထားတာကို တွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ ပို့စ်ရဲ့ တတိယမြောက်ဓာတ်ပုံ (ဘယ်) နဲ့ Xinhua ဓာတ်ပုံ (ညာ)

စတုတ္ထဓာတ်ပုံ

Google မှာဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ စတုတ္ထဓာတ်ပုံကို ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှာ Hong Kong သတင်းဌာန HK01 က ဒီလင့်ခ် မှာဖော်ပြထားတာတွေ့ရပါတယ်။

တရုတ်ဘာသာစကားနဲ့ ရေးသားထားတဲ့ ဒီဆောင်းပါးရဲ့ခေါင်းစဥ်မှာတော့ “ဓာတ်ပုံများ- Henan ၏ ထောင်စုနှစ်တစ်ခုအတွင်း အကြီးမားဆုံး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကုန်းမြေနှင့် လေကြောင်းအသွားအလာများ ပြတ်တောက်သွားကာ Zhengzhou မြို့တော်ရေလွှမ်းမိုး” ဆိုပြီး ဖော်ပြထားပါတယ်။

“ရေအောက်မှာနစ်မြှပ်နေတဲ့ လမ်းမများနဲ့ ကားများ” ဆိုပြီး ဓာတ်ပုံနဲ့အတူစာသားဖော်ပြထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ ပို့စ်ရဲ့ စတုတ္ထဓာတ်ပုံ (ဘယ်) ကို HK01 ရဲ့ ဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ထားတာ တွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ ပို့စ်ရဲ့ စတုတ္ထဓာတ်ပုံ (ဘယ်) နဲ့ HK01 ရဲ့ ဓာတ်ပုံ (ညာ)

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်