နန်စီပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ကို တုံ့ပြန်တဲ့ တရုတ်နိုင်ငံအရှေ့ပိုင်းက စစ်ရေးလေ့ကျင့်မှုလို့ ပြောဆိုထားတဲ့ ဗီဒီယိုအဟောင်းမှားယွင်း ပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 08 ဇူလိုင် 2022 အချိန် 07h51
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • Clara IP, AFP ဟောင်ကောင်
အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်မတိုင်မီ ရက်အနည်းငယ်အလို တရုတ်နိုင်ငံ၊ အရှေ့ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုလို့ ပြောဆိုထားတဲ့ ဗီဒီယိုတစ်ခု Facebook ပို့စ်တော်တော်များများမှာ ပျံ့နှံ့ခဲ့ပြီး အကြိမ်ရေ ရာနဲ့ချီ ကြည့်ရှုခဲ့ကြပါတယ်။ နန်စီပလိုစီရဲ့ခရီးစဉ်အပြီးမှာ တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေကို ထိုင်ဝမ်ကျွန်းတဝိုက် ပြုလုပ်ခဲ့တာတွေ ရှိပေမယ့် Facebook ပို့စ်မှာပါဝင်တဲ့ ဗီဒီယိုကတော့ အကြောင်းအရာလွဲမှား မျှဝေထားတာ ဖြစ်ပါတယ်။ တကယ်တမ်း အဲဒီဗီဒီယိုဟာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလက ပြုလုပ်တဲ့ ထိုင်ဝမ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုဗီဒီယိုသာ ဖြစ်ပါတယ်။

၂၇ စက္ကန့်ကြာမြင့်တဲ့ ဗီဒီယိုကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်က Facebook ဒီလင့်ခ်မှာ မျှဝေခဲ့တာ ဖြစ်ပြီး တရုတ်နိုင်ငံ အရှေ့ပိုင်း Pingtan မှာ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဗီဒီယိုမှာ ရေပြင်ပေါ်က ညဘက်ကောင်းကင်ဆီကို လက်နက်ခဲယမ်းတွေ ဆက်တိုက်ပစ်ခတ်နေတာကို တွေ့မြင်ရပါတယ်။

ဗီဒီယိုနဲ့အတူ တွဲတင်ထားတဲ့ ပို့စ်မှာ အခုလို တစ်ပိုင်းတစ်စ ရေးထားပါတယ်။

“ထိုင်ဝမ်ရေလက်ကြားအနီးဆုံး Pingtan ကျွန်း ဒေသမှာတရုတ်ဘက်က ကျည်အစစ်များပစ်ကာ လေ့ကျင့်ရေးများ ပြုလုပ်” (မူရင်းအတိုင်း)

“အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ ၏ထိုင်ဝမ် ခရီးစဉ်ကြောင့် အမေရိကန်နှင့် တရုတ်တို့ကြား
သံတမန်ရေးရာ ပြင်းထန်သော တိုက်ပွဲတစ်ခုအဖြစ် အသွင်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်…..” (မူရင်းအတိုင်း)

“တရုတ်ဘက်ကတော့ ထိုင်ဝမ်နှင့် ၁၂၅ ကီလိုမီတာ သာကွာဝေးသောရေပြင်မှာ မနေ့က ညပိုင်းတွင်ပစ်ခတ်လေ့ကျင့်မှုများ ပြုလုပ်လျှက် ရှိပြီး အရှေ့တရုတ်ပင်လယ်ပြင်မှာလည်း ရေတပ်အင်အား အဆင်သင့်အနေအထားမှာ ရှိနေကြောင်း သိရပါသည်.......” (မူရင်းအတိုင်း)

ပလိုစီဟာ အမေရိကန်မှာသမ္မတနဲ့ ဒုသမ္မတနေရာလစ်လပ်သွားရင် သမ္မတနေရာဆက်ခံခွင့်ရှိသူ ဖြစ်ပါတယ်။ အဲဒီဗီဒီယိုဟာ ပလိုစီ ထိုင်ဝမ်ရဲ့မြို့တော် တိုင်ပေမြို့ကို မရောက်ရှိခင် နှစ်ရက်အလိုမှာ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

အသက် ၈၂ နှစ် ရှိပြီဖြစ်တဲ့ ပလိုစီဟာ ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ထိုင်ဝမ်ကျွန်းကို နှစ်ပေါင်း ၂၅ နှစ်တာကာလအတွင်း သွားရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံက ရွေးကောက်ခံ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ တရုတ်နိုင်ငံဘက်ကတော့ သူရဲ့ခရီးစဉ်ကို “အကြီးစား ရန်စမှု” တစ်ခုအဖြစ် အခိုင်အမာ ပြောဆိုခဲ့ကြောင်း ဒီ AFP သတင်းမှာ ဖော်ပြခဲ့ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ် ပျံ့နှံ့ခဲ့တဲ့ ဇူလိုင် ၃၀ ရက်မှာတော့ တရုတ်နိုင်ငံဟာ Fujian ပြည်နယ် Pingtan ကျွန်းမှာ ကျည်အစစ်တွေအသုံးပြုပြီး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်

Image
ဩဂုတ်လ ၅ ရက်က ရယူခဲ့တဲ့ နားလည်မှုလွဲစေတဲ့ ပို့စ်ရဲ့ Screenshot

အလားတူပြောဆိုမှုတွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာလည်း မျှဝေထားကြပါတယ်။

ထိုင်ဝမ်ကနေ အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီထွက်ခွာပြီး ဩဂုတ်လ ၄ ရက်နေ့မှာတော့ တရုတ်နိုင်ငံက အကြီးဆုံးစစ်လေ့ကျင့်မှုတစ်ခုကို ထိုင်ဝမ်ကျွန်းပတ်ပတ်လည် အဓိကနေရာ ၆ ခုမှာ စတင်ပြုလုပ်ခဲ့တယ်လို့ ဒီ AFP သတင်းမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ Facebook ပို့စ်တွေမှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုကတော့ ၂၀၂၀ ခုနှစ် ကတည်းက Matsu ကျွန်းမှာ ပြုလုပ်ခဲ့တဲ့ ထိုင်ဝမ်တပ်မတော်ရဲ့ စစ်ရေးလေ့ကျင့်မှု ဗီဒီယိုသာ ဖြစ်ပြီး လက်ရှိ တရုတ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုကို ပြသတဲ့ ဗီဒီယိုမဟုတ်ပါဘူး။

Matsu ကျွန်းစုတွေဟာ ထိုင်ဝမ်နိုင်ငံ အနောက်မြောက် ၁၂၄ မိုင် (ကီလိုမီတာ ၂၀၀) အကွာမှာ တည်ရှိပြီး တရုတ်နိုင်ငံကနေ ခြောက်မိုင် (၁၀ ကီလိုမီတာ) အကွာမှာ ရှိပါတယ်။ အဲဒီကျွန်းတွေဟာ တရုတ်နိုင်ငံပြည်မ ကမ်းခြေတွေနဲ့ အနီးဆုံးမှာ တည်ရှိပြီး ထိုင်ဝမ်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲ ကျွန်းစုတွေလည်း ဖြစ်ပါတယ်။

ထိုင်ဝမ်ရဲ့စစ်ရေးလေ့ကျင့်မှု

Baidu ပေါ်မှာ အဓိကစကားလုံးတွေနဲ့ ဗီဒီယိုမှာပါဝင်တဲ့မြင်ကွင်းတွေကို အသုံးပြုပြီး ရာဇဝင်ရှာကြည့်တဲ့အခါမှာတော့ တရုတ်နိုင်ငံ အစိုးရဌာနတစ်ခုဖြစ်တဲ့ Haike News ရဲ့ သတင်းတစ်ပုဒ်မှာာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်က ဖော်ပြထားတာ တွေ့ရပါတယ်။

ဗီဒီယိုနဲ့အတူ “ထိုင်ဝမ်စစ်တပ်က ကျည်အစစ်တွေ အသုံးပြုပြီး စစ်ရေးလေ့ကျင့်နေတဲ့ ဓာတ်ပုံဗီဒီယိုတွေကို Matsu ဒေသခံတွေက ရိုက်ကူးခဲ့ကြပါတယ်” လို့ ရေးသားထားပါတယ်။ “ဒေသခံတွေဟာ ဒီမြင်ကွင်းကို ကြည့်ရှုဖို့ ရောက်ရှိခဲ့ကြပြီး ဓာတ်ပုံတွေလည်း ရိုက်ကူးခဲ့ကြပါတယ်” လို့လည်း အဲဒီသတင်းမှာ ရေးထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်မှာ ဖော်ပြထားတဲ့ ဗီဒီယို(ဘယ်) နဲ့ Haike News သတင်းဌာနက တင်ခဲ့တဲ့ ဗီဒီယို (ညာ) တို့ကို ဖော်ပြထားပါတယ်။

Image

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၆ ရက် ညနေပိုင်းမှာ အဲဒီပစ်ခတ်လေ့ကျင့်မှုတွေ စတင်ခဲ့ပြီး ဒေသတွင်း မာရသွန်ပြိုင်ပွဲ စတင်ကျင်းပတဲ့ အထိမ်းအမှတ်အဖြစ် ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ Matsu News သတင်းဌာနက ရေးသားထားပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုကို မာရသွန်ပြိုင်ပွဲစတင်ချိန်နဲ့ အချိန်ကိုက်ပြီး ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း အရာရှိ Zhang Yuan-xun က ပြောဆိုထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ “ဒီလေ့ကျင့်မှုတွေဟာ နိုင်ငံသားတွေက Matsu လို နိုင်ငံရဲ့ရှေ့တန်းကနေ ကာကွယ်နိုင်စွမ်းရှိတယ်ဆိုတာ ပြသတာဖြစ်တယ်” လို့ သူက ဆိုပါတယ်။

Matsu News ရဲ့ သတင်းမှာ မြင်တွေ့ရတဲ့ အထိမ်းအမှတ်ကမ္ဗည်းကို ကြည့်ရင် ပစ်ခတ်လေ့ကျင့်မှုကို Zhenge Daidan အထိမ်းအမှတ်ပန်းခြံထဲ ကျင်းပခဲ့တယ်ဆိုတာ သိနိုင်ပါတယ်။

ဗီဒီယိုမှာ တွေ့ရတဲ့ အထိမ်းအမှတ်ကမ္ဗည်း (ဘယ်) နဲ့ Google Maps ပေါ်က Zhenge Daidan ပန်းခြံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ Screenshot ကို အောက်မှာ တွေ့နိုင်ပါတယ်။

Image
ဗီဒီယိုမှာ တွေ့ရတဲ့ အထိမ်းအမှတ်ကမ္ဗည်း (ဘယ်) နဲ့ Google Maps ပေါ်က Zhenge Daidan ပန်းခြံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ Screenshot

ထိုင်ဝမ် Fact check အချက်အလက်စိစစ်မှု ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ MyGoPen လည်း Facebook ပေါ်က ဗီဒီယိုဟာ Matsu ကျွန်းပေါ်မှာ ဖြစ်တယ်ဆိုတာ တည်နေရာရှာဖွေတွေ့ရှိခဲ့ပါတယ်။

MyGoPen ရဲ့ အချက်အလက်စိစစ်သူတွေဟာ ဒီ YouTube ဗီဒီယိုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ Matsu ကျွန်း အထိမ်းအမှတ်ပန်းခြံကနေ ၁ ဒသမ ၅ ကီလိုမီတာ (၀ ဒသမ ၉ မိုင်)အကွာက နားလည်မှုလွဲစေတဲ့ ဗီဒီယိုထဲကမြင်ကွင်းနဲ့ ထပ်တူကျတဲ့ နေရာကို တွေ့ရှိခဲ့ပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ ဗီဒီယိုထဲက မြင်ကွင်း (ဘယ်) နဲ့ YouTube ဗီဒီယိုထဲက ကိုက်ညီတဲ့အရာတွေကို နှိုင်းယှဉ်ပြထားပါတယ်။

Image
နားလည်မှုလွဲစေတဲ့ ဗီဒီယို နဲ့ Matsu ကျွန်းပေါ်က ဆိုင်ကယ်စီးခရီးဗီဒီယိုကို နှိုင်းယှဉ်ပြထားတဲ့ Screenshot

အဲဒီဗီဒီယိုနှစ်ခုကို ယှဉ်ကြည့်ရင် အစိမ်းရောင်နဲ့ လိမ္မော်ရောင် အမှတ်အသားပြထားတဲ့ ကားလမ်းဘေးကအတားအဆီးတွေ၊ အနီရောင်အမှတ်အသားပြထားတဲ့ အတားအဆီးလွတ်နေတဲ့နေရာ၊ အပြာရောင်အမှတ်အသားပြထားတဲ့ လမ်းမီးတွေအပြင်၊ အပြာနဲ့အဝါရောင်အမှတ်အသားပြထားတဲ့ မီးတိုင်တွေနဲ့ နောက်က တောင်ကုန်းလေးကို တွေ့နိုင်ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်တွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို AFP က ဆက်သွယ်ခဲ့ရာမှာတော့ ထိုင်ဝမ်စစ်တပ်ရဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ Taiwan's Military News Agency က ထိုင်ဝမ်သတင်းအချက်အလက်စိစစ်ရေးဌာနတစ်ခုဖြစ်တဲ့ MyGoPen ရဲ့ အချက်အလက်စိစစ်ချက်ကို ပြန်လည်မျှဝေခဲ့ပါတယ်။ အဲဒီဗီဒီယိုတွေဟာ ၂၀၂၀ ခုနှစ်က ထိုင်ဝမ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခုကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

UPDATE: This article was updated on 4/8/22 to add a credit to MyGoPen.

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်