ထိုင်ဝမ်က တံတားကျိုးကျတဲ့ပုံကို ပုသိမ်အမှတ် ၂ တံတားကျိုးကျတာဆိုပြီး အချက်အလက်မှားပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့က ပုသိမ်အမှတ် ( ၂ ) တံတားကျိုးကျတယ်လို့ ပြောထားတဲ့ဓာတ်ပုံတစ်ပုံကို Facebook မှာ အကြိမ်ကြိမ် ပြန်လည်မျှဝေနေကြပါတယ်။ ဒီပို့စ်တွေဟာ ၁၉၈၈ လူထုအုံကြွမှုနှစ်ပတ်လည်နေ့မှာ အွန်လိုင်းပေါ် ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ ပုသိမ်မြို့ခံလူမှုကူညီရေးအဖွဲ့တစ်ခုကတော့ တံတားကျိုးကျခြင်းမရှိဘူးလို့ AFP ကို အတည်ပြုပါတယ်။ တံတားကျိုးကျတဲ့မူရင်းဓာတ်ပုံကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတုန်းက ထိုင်ဝမ်အရှေ့မြောက်ပိုင်းမှာ တံတားတစ်စင်းကျိုးကျတုန်းက AFP ဓာတ်ပုံဆရာတစ်ဦး ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။

ဓာတ်ပုံကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့က ဒီလင့်ခ်မှာ မျှဝေထားပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လက တည်ဆောက်ပြီးစီးခဲ့တဲ့ အမှတ် ( ၂ ) ပုသိမ်တံတား ပြိုကျပြီး သေဆုံးဒဏ်ရာရသူများနိုင်တယ်လို့ ပုံနဲ့အတူ ပူးတွဲတင်ထားတဲ့စာမှာ ပါရှိပါတယ်။

ပို့စ်ပါစာသားတွေက အခုလိုဖြစ်ပါတယ်။

“Breaking News !!!
ပုသိမ်အမှတ်(၂)တံတား ကျိုးကြ။(နေ့လည် ၁၂:၁၇ မိနစ်)
လူထိခိုက်သေဆုံးမှုများနိုင်။
အရေးပေါ်ကယ်ဆယ်ရေးများ အမြန် လိုအပ်နေ။” (မူရင်းအတိုင်း)



၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot

၁၉၈၈ လူထုအုံကြွမှု ၃၄ နှစ်မြောက်နေ့မှာ ဒီပို့စ်တွေ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တပ်မတော်အာဏာသိမ်းပြီး အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြုတ်ချခံရချိန်ကစလို့ ပြည်တွင်းစစ်ဝဲကတော့ဆီ ဦးတည်နေခဲ့တာဖြစ်ပါတယ်။

တူညီတဲ့ဓာတ်ပုံတွေကို အလားတူပြောဆိုမှုတွေနဲ့ Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားပါတယ်။

လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်တဲ့ ဘက်စုံလူမှုကူညီရေးအဖွဲ့-ပုသိမ်ကတော့ တံတားပြိုကျခြင်းမရှိဘူးလို့ ဩဂုတ်လ ၉ ရက်နေ့မှာ AFP ကို ဖြေကြားခဲ့ပါတယ်။

“တံတားမကျိုးပါဘူး။ လူတွေပုံမှန်အတိုင်းပဲ ဖြတ်သန်းသွားနေကြပါတယ်” လို့ အဖွဲ့တာဝန်ရှိသူတစ်ဦးက ဖြေပါတယ်။

ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါမှာလည်း မူရင်းဓာတ်ပုံကို AFP သတင်းဌာနမှာတင်ထားတာ တွေ့ရပါတယ်။

ထိုင်ဝမ်ရဲ့ Suao မြို့နယ်မှာရှိတဲ့ Nanfangao ငါးလုပ်ငန်းဆိပ်ကမ်းမှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က တံတားတစ်စင်းပြိုကျချိန် AFP ဓာတ်ပုံဆရာ Sam Yeh က ဒီဓာတ်ပုံကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံအညွှန်းစာက အခုလိုဖြစ်ပါတယ်။ “၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က Suao မြို့နယ်ရှိ Nanfangao ငါးလုပ်ငန်းဆိပ်ကမ်းတွင် တံတားတစ်စင်းပြိုကျချိန် တံတားအောက်ပိမိနေသည့် တံငါလှေတစ်စင်းကို တွေ့ရစဉ်။ ထိုင်ဝမ်အရှ့မြောက်ပိုင်းတွင် အောက်တိုဘာလ ၁ ရက်နေ့က တံတားပြိုကျခဲ့ခြင်းဖြစ်ပြီး တံတားအောက်ဘက်ရှိ တံငါလှေများကို ထိခိုက်ပျက်စီးမှုနှင့် ရေတင်သင်္ဘောတစ်စီး တိမ်းမှောက်မှုတို့ကြောင့် အနည်းဆုံး လူ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ Sam YEH/AFP”

အောက်မှာ နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ကဓာတ်ပုံ (ဘယ်) နဲ့ AFP ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။



MYANMAR MILITARY COUP