Health experts have warned that a diet containing many overripe bananas may not be healthy ( AFP / MARCOS PIN)

အမှည့်လွန်ငှက်ပျောသီးမှာ ကင်ဆာကိုတိုက်ထုတ်နိုင်တဲ့ ဓာတ်ပစ္စည်းပါတယ်ဆိုတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်တွေ ပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

အမှည့်လွန်ပြီး အမည်းရောင်အစက်တွေပေါ်နေတဲ့ ငှက်ပျောသီးတွေမှာ ကင်ဆာကို တိုက်ထုတ်နိုင်ပြီး ကိုယ်ခံစွမ်းအားကို မြင့်တက်စေတဲ့ Tumour Necrosis Factor (TNF) ဆိုတဲ့ ဓာတ်ပစ္စည်းတစ်မျိုးပါဝင်တယ်လို့ ပြောဆိုထားတဲ့ပို့စ်တွေကို Facebook နဲ့ ဘလော့ဂ်ပို့စ် တော်တော်များများမှာ မျှဝေခဲ့ကြပါတယ်။ အဲဒီပို့စ်တွေမှာ ဂျပန်သုတေသီတွေပြုလုပ်ခဲ့တဲ့ စာတမ်းတစ်စောင်ကို ကိုးကားထားတာ တွေ့ရပေမယ့် အဲဒီလိုပြောဆိုမှုတွေဟာ နားလည်မှုလွဲစေနိုင်တာကို တွေ့ရပါတယ်။ တကယ်တမ်း အဲဒီစာတမ်းမှာတော့ ငှက်ပျောသီးမှာ ကိုယ်ခံအားကို မြင့်တက်စေတဲ့ ဓာတ်ပါဝင်တယ်လို့ ဖော်ပြခြင်းမရှိသလို အမှည့်လွန်နေတဲ့ငှက်ပျောသီးတွေကို စားသုံးဖို့ တိုက်တွန်းတာမျိုးလည်း မရှိပါဘူး။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ TNF ဟာ နို့တိုက်သတ္တဝါတွေမှာသာ တွေ့ရပြီး အပင်တွေကနေ ရရှိတာမဟုတ်ဘူးလို့ AFP ကို ပြောဆိုကြပါတယ်။

အဲဒီနားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်က Follower တစ်သိန်းကျော်ရှိတဲ့ Facebook စာမျက်နှာတစ်ခုရဲ့ ဒီလင့်ခ်မှာ မျှဝေခဲ့တာ ဖြစ်ပါတယ်။ ပို့စ်ကို အကြိမ်ရေ ၃၀ ကျော် ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်။

အဲဒီပို့စ်မှာ အခုလို ရေးထားပါတယ်။

“ဂျပန်သိပ္ပံပညာရှင်တွေလေ့လာမှုအရ ငှက်ပျောသီးအခွံမှာ ဒီလို အမဲရောင်အစက်လေးတွေရှိနေရင် အဲဒီငှက်ပျောခွံကနေ TNF (Tumor Necrosis Factor ) တွေကို ထုတ်လုပ်တယ်လို့ဆိုတယ်”

“အဲဒီ TNF တွေက မူမမှန်တဲ့ဆဲလ်တွေကို တိုက်ထုတ်နိုင်တယ်။ အမည်းစက်တွေပိုများလာလေလေ သူ့မှာ ကိုယ်ခံစွမ်းအားတက်စေဖို့ အခွင့်အလမ်းများလေလေဖြစ်တယ်။ ဒါကြောင့်ပိုပြီး မှည့်နေတဲ့ ငှက်ပျောသီးတွေဟာ ကင်ဆာတိုက်ထုတ်နိုင်တဲ့စွမ်းရည်ရှိတယ်လို့ ပြောကြတယ်”

“အမည်းစက်ပါတဲ့အဝါရောင်အခွံနဲ့ငှက်ပျောသီးဟာ အစိမ်းရောင်အခွံနဲ့ငှက်ပျောသီးထက် သွေးဖြူဥဆဲလ်တွေကို ပိုမိုအစွမ်းထက်စေတဲ့အခွင့်အရေး ၈ ဆရှိပါတယ် ။ ဒါကြောင့် သင့်ကိုယ်ခံအားတက်စေဖို့ တစ်နေ့ကို ငှက်ပျောသီး တစ်လုံး သို့ နှစ်လုံးခန့်စားသုံးပေးပါ။”(မူရင်းသတ်ပုံ)

အမေရိကန်ပြည်ထောင်စု၊ နိုင်ငံတော်ကင်ဆာအဖွဲ့အစည်း (National Cancer Institute) ရဲ့အဆိုအရ TNF ဆိုတာ နို့တိုက်သတ္တဝါတွေရဲ့သွေးဖြူဥဆဲလ်တွေကနေ ထုတ်လုပ်တဲ့ ဓာတ်ပစ္စည်းဖြစ်တယ်လို့ ဆိုပါတယ်။ ကူးစက်မှုတစ်ခုခုက ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို လှုံ့ဆော်ပေးတဲ့အချိန်မှာ အဲဒီဓာတ်ပစ္စည်းက ရောင်ရမ်းခြင်းကိုဖြစ်စေတယ်လို့ ဆိုပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်က ရိုက်ယူခဲ့တဲ့ Screenshot

အလားတူပြောဆိုထားတဲ့ပို့စ်တွေဟာ ၂၀၁၃ ခုနှစ်လောက်ကတည်းက ပျံ့နှံ့ခဲ့တာ တွေ့ရပြီး ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေမှာလည်း မျှဝေထားကြတာ တွေ့ရပါတယ်။

ဆင်တူတဲ့ပြောဆိုမှုတွေကို ဘလော့ဂ်စာမျက်နှာတွေရဲ့ ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း တစ်ပိုင်းတစ်စ ဖော်ပြထားကြတာ တွေ့ရပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ နားလည်မှုလွဲစေနိုင်ပါတယ်။

ဂျပန်သုတေသန

အဓိကကျတဲ့ စကားလုံးတွေသုံးပြီး ရှာဖွေကြည့်တဲ့အခါ ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်က အစားအသောက်သိပ္ပံနှင့် နည်းပညာသုတေသန (Food Science and Technology Research) ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဒီသုတေသနကို တွေ့ရပြီး ငှက်ပျောသီးဟာ “နာတာရှည်ရောဂါတွေနဲ့ ကင်ဆာကိုကာကွယ်နိုင်”ခြေရှိတယ်ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။

အဲဒီသုတေသီအချင်းချင်း အပြန်အလှန်သုံးသပ်ထားတဲ့ လေ့လာမှု (peer-reviewed study) မှာ၊ ဂျပန်သုတေသီတွေဟာ ကြွက်တွေကို ငှက်ပျောသီးဖျော်ရည်ထိုးသွင်းပြီး ကိုယ်ခံအားစနစ်တိုးတက်မှုရှိမရှိ လေ့လာခဲ့ကြပါတယ်။ အဲဒီလေ့လာမှုမှာ TNF ထုတ်လုပ်မှုကိုလည်း လေ့လာခဲ့ကြပါတယ်။ ငှက်ပျောသီးတစ်မျိုးဟာ ရင့်မှည့်လာတာနဲ့အမျှ တုံ့ပြန်မှုမြင့်တာ တွေ့ရှိခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီလေ့လာချက်က လူတွေအနေနဲ့ အမှည့်လွန်ငှက်ပျောသီးတွေ စားသုံးဖို့ တိုက်တွန်းတာမျိုး မရှိသလို တုပ်ကွေးနဲ့ ကင်ဆာအစရှိတဲ့ ရောဂါတွေကို ကာကွယ်နိုင်တယ်လို့ ပြောဆိုထားတာမျိုးလည်း မပါဝင်ပါဘူး။

နောက်ပြီး ငှက်ပျောသီးမှာ TNF ဓာတ်ပစ္စည်းပါဝင်တယ်လို့လည်း ပြောဆိုထားခြင်း မရှိပါဘူး။

ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်က ဇီဝဗေဒ ကထိကတစ်ဦးကလည်း TNF ဓာတ်ပစ္စည်းဟာ အပင်တွေမှာ မတွေ့ရဘူးလို့ AFP ကို ပြောပါတယ်။

“TNF ဆိုတာ နို့တိုက်သတ္တဝါတွေရဲ့ ကိုယ်ခံအားစနစ်ရဲ့အစိတ်အပိုင်းတစ်ခုပါ။ အဲဒါက ငှက်ပျောသီးမှာ မရှိသလို၊ အခြားအပင်တွေမှာလည်း မရှိပါဘူး” လို့ ဒေါက်တာ Jessada Denduangboripant က ဆိုပါတယ်။

“ဒါက မှန်ကန်မှုမရှိတဲ့ အချက်အလက်အမှား အဟောင်း တစ်ခုပါပဲ” လို့ သူက ၂၀၂၂ ခုနှစ်၊ မေလမှာ ပြောဆိုပါတယ်။

သကြားဓာတ်ပါဝင်မှုမြင့်မား

ကျန်းမာရေးကျွမ်းကျင်သူတွေကတော့ အမှည့်လွန်ငှက်ပျောသီးတွေအများကြီးပါဝင်တဲ့ နေ့စဉ်စားသုံးမှုဟာ ကျန်းမာရေးနဲ့မညီညွတ်ဘူးလို့ ဆိုပါတယ်။

“အမှည့်လွန်ငှက်ပျောသီးတွေမှာ ကစီဓာတ်နဲ့ မြင့်မားတဲ့သကြားပစ္စည်းတွေ ပါဝင်ပါတယ်။ ဒါတွေဟာ အဝလွန်ခြင်းကို ဖြစ်စေပါတယ်” လို့ ထိုင်းနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှာ ရှိတဲ့ အစာအာဟာရဌာနက အာဟာရပညာရှင် Bang-earn Thongmon က ပြောပါတယ်။

ငှက်ပျောသီးစားရုံနဲ့ အဲဒီရောဂါတွေကို ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထား မတွေ့ရဘူးလို့လည်း Bang-earn က ဆိုပါတယ်။

ဒါပေမဲ့ သူက တစ်နေ့ကို ငှက်ပျောသီးနှစ်လုံးထက် ပိုမစားဖို့နဲ့ အစိမ်းရောင်အနည်းငယ်ရှိသေးတဲ့ အဝါရောင်ငှက်ပျောသီးတွေကို စားဖို့ တိုက်တွန်းပါတယ်။

ချူလာလောင်ကွန်းတက္ကသိုလ်က ဇီဝဗေဒကထိက Jessada ကလည်း “ငှက်ပျောသီးတွေဟာ အာဟာရကြွယ်ဝတဲ့အသီးတွေပါ၊ ဒါပေမဲ့ အမှည့်လွန်တာတွေကတော့ သကြားဓာတ်အမြောက်အများ ပါဝင်တယ်” လို့ ပြောဆိုပါတယ်။

ငှက်ပျောသီးစားသုံးမှုနဲ့ပတ်သက်ပြီးပြောဆိုထားတဲ့ နားလည်မှုလွဲစေတဲ့ အခြားအကြောင်းအရာတွေကို AFP က အချက်အလက်စိစစ်ခဲ့ပြီး ဒီလင့်ခ်ဒီလင့်ခ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။