Tap water fills a glass on February 26, 2014 in the French southern city of Marseille. AFP PHOTO/ANNE-CHRISTINE POUJOULAT ( AFP / ANNE-CHRISTINE POUJOULAT)

အိပ်ရာမဝင်ခင် ရေတစ်ခွက်သောက်တာ၊ အက်စ်ပရင်ဆေးပြားသောက်တာက နှလုံးရပ်တာကို ကာကွယ်နိုင်တယ်ဆိုတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်တွေ ပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၃ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

ညဘက် အိပ်ရာမဝင်ခင် ရေတစ်ခွက်သောက်တာ၊ တစ်နေ့ အက်စ်ပရင်ဆေးပြားတစ်ပြား သောက်တာက ရုတ်တရက်နှလုံးရပ်တာကို ကာကွယ်နိုင်တယ်လို့ ပြောဆိုထားတဲ့ ပို့စ်တွေကို Facebook ပေါ်မှာ အကြိမ်ရေထောင်နဲ့ချီ မျှဝေထားကြပါတယ်။ ဒါပေမဲ့ ဒီအဆိုတွေဟာ နားလည်မှုလွဲစေနိုင်ပါတယ်။ နှလုံးရောဂါကျွမ်းကျင် ကျန်းမာရေးပညာရှင်တွေကတော့ ရေသောက်တာဟာ ယေဘုယျအားဖြင့် ကောင်းတယ်ဆိုပေမယ့် နှလုံးရပ်တာကို ကာကွယ်နိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျလေ့လာတွေ့ရှိတဲ့အထောက်အထား မရှိဘူးလို့ ပြောပါတယ်။

အဲဒီပို့စ်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်က Facebook ပေါ်က ဒီလင့်ခ်မှာ တင်ခဲ့တာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၅၅၀ ကျော် ရှိခဲ့ပါတယ်။

“ညအိပ်ခါနီးမှာ ရေသောက်ရင်
အိပ်ရေးပျက်မယ်။ ညသန်းခေါင်ကျော်
အချိန်ကြီးမှာ ဆီးထသွားရမယ်။ 
ဒါကြောင့် အိပ်ခါနီးရင် ရေမသောက်ကြနဲ့
လူတိုင်း ဒီလိုပဲ ထင်ပြီး ဒီလိုပဲ ပြောဆိုလေ့
ရှိကြပါတယ်။ 
မမှန်ဘူးခင်ဗျား
နှလုံးနာတဲ့ ဝေဒနာ (Heart Attack) နှင့်
ရေဆိုတာ ဒွန်တွဲနေပါတယ်”(မူရင်းအတိုင်း)

နောက်ပြီး အဲဒီပို့စ်မှာ နံနက် အိပ်ရာကနိုးနိုးချင်း၊ နံနက်စာမစားခင်နဲ့ ရေမချိုးခင် ရေသောက်ဖို့ တိုက်တွန်းထားတာ တွေ့ရပါတယ်။ “အိပ်ရာမ၀င်ခင် ရေ (၁)ခွက် သောက်ပါ။ လေဖြတ်ရောဂါနှင့် နှလုံးနာရောဂါမှ ကင်းဝေးပါလိမ့်မယ်” ဆိုပြီးလည်း ရေးသားထားပါတယ်။

ရှည်ရှည်လျားလျားရေးထားတဲ့ပို့စ်မှာ မနက်ခင်းအချိန် လေဖြတ်တာကို ကာကွယ်ဖို့ အက်စ်ပရင်ဆေးပြားကို ညဘက်သောက်ရမယ်လို့ ဆိုထားပါတယ်။

“နှလုံးရောဂါသည်တွေကို
လေဖြတ်မှာ စိုးရိမ်တဲ့အတွက်
(baby asipirin) ဆေးပြားကို
တစ်နေ့(၁)ပြား
သောက်ခိုင်းပါတယ်။
ညအိပ်ရာ မ၀င်ခင်သောက်ပါ။
ဘာကြောင့်လဲ
နေ့ဘက်မှ ပိုပြီး
ဆေးစွမ်းပြစေချင်တဲ့
အတွက်ပါ။
(baby aspirin) တစ်ပြားဟာ (၂၄)နာရီ အာနိသင် ရှိပါတယ်။
လေဖြတ်နိုင်တဲ့
အခွင့်အလမ်း အများဆုံးက
မနက် စောစောပိုင်းအချိန်တွေပါ”(မူရင်းအတိုင်း)

နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်က ရိုက်ယူခဲ့တဲ့ screenshot

  

တူညီတဲ့ပြောဆိုမှုတွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ တင်ထားပါတယ်။

တကယ်တမ်း အဲဒီပို့စ်တွေဟာ အနည်းဆုံး ၂၀၁၉ ခုနှစ်လောက်ကတည်းက အင်္ဂလိပ်ဘာသာစကားနဲ့ ပျံ့နှံ့ခဲ့တာ ဖြစ်ပြီး တစ်ခါတစ်လေ အပြင်မှာတကယ်ရှိတဲ့ ဆရာဝန်တွေရဲ့နာမည်တွေကို အသုံးချပြီး ရေးထားကြတာလည်း ရှိပါတယ်။ အဲဒီတုန်းက AFP ရဲ့ အချက်အလက်စိစစ်မှုကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။

အဲဒီအဆိုတွေဟာ နားလည်မှုလွဲစေပါတယ်။

မအိပ်ခင်ရေသောက်ခြင်း၊ အက်စပရင်ဆေးပြားသောက်သုံးခြင်းဟာ နှလုံးရပ်တဲ့ရောဂါကို ကာကွယ်နိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျလေ့လာထားတဲ့ အထောက်အထားမရှိဘူးလို့ ပြောဆိုကြပါတယ်။

မအိပ်ခင်ရေသောက်ခြင်း

အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ရဲ့ နှလုံးရောဂါနှင့်လေဖြတ်ရောဂါကာကွယ်ရေးဌာနခွဲရဲ့ တာဝန်ရှိသူတွေက မအိပ်မီ ရေသောက်တာ၊ အက်စ်ပရင်ဆေးပြားသောက်သုံးတာက နှလုံးရောဂါနဲ့လေဖြတ်တာကို ကာကွယ်ပေးတယ်ဆိုတဲ့ ပြောဆိုမှုနှစ်ခုလုံးကို ငြင်းဆိုထားပါတယ်။

“အဲဒီအဆိုတွေကို ခိုင်မာစေမယ့် သိပ္ပနည်းကျလေ့လာတွေ့ရှိချက် မရှိပါဘူး” လို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်က အီးမေးလ်ကနေတဆင့် AFP ကို ပြောပါတယ်။

ကမ္ဘာ့နှလုံးအဖွဲ့ချုပ် (World Heart Federation) ရဲ့ သိပ္ပံရေးရာအကြီးတန်းအကြံပေး ပါမောက္ခ Pablo Perel ကလည်း ညဘက်ရေသောက်ခြင်းက နှလုံးရပ်တာကို ကာကွယ်နိုင်တယ်ဆိုတဲ့အထောက်အထား မရှိဘူးလို့ ဇွန်လ ၂၂ ရက်မှာ အီးမေးလ်ကနေတဆင့် AFP ကို ပြောပါတယ်။

“အခြေခံအားဖြင့် ရေသောက်တာက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဒါပေမဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချဖို့ အိပ်ရာမဝင်ခင် ရေသောက်ရမယ်ဆိုတဲ့ လေ့လာချက်၊ လမ်းညွှန်ချက်တွေတော့ ကျွန်တော်တို့ မတွေ့ပါဘူး” လို့ သူက ဆိုပါတယ်။

၂၀၂၂ ခုနှစ်က ကယ်လီဖိုးနီးယားမှာ ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့တဲ့ ဒီသုတေသနမှာ တစ်နေ့ကို ရေငါးခွက်နဲ့အထက် သောက်ဆုံးတာဟာ ရေနှစ်ခွက်နဲ့အောက် သောက်သုံးတဲ့လူတွေထက် ပြင်းထန်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေနည်းတယ်လို့ တွေ့ရှိထားပါတယ်။ ဒါပေမဲ့ ရေကိုဘယ်အချိန်မှာ အတိအကျသောက်ရမယ်ဆိုပြီး ဖော်ပြထားတာ မရှိပါဘူး။

နေ့စဉ် အက်စ်ပရင်သောက်သင့်သလား

ကမ္ဘာ့နှလုံးအဖွဲ့ချုပ် (World Heart Federation) က ပါမောက္ခ Pablo Perel က အက်စ်ပရင်ဟာ လူတိုင်းအတွက် မသင့်တော်ဘူးလို့ ဆိုပါတယ်။

“အက်စ်ပရင်ကို လူတိုင်း နေ့စဉ် သောက်သုံးတာမျိုး ကျွန်တော်တို့ အားမပေးပါဘူး။ အက်စ်ပရင်ဟာ ရှိနှင့်ပြီးသား နှလုံးသွေးကြောကျဉ်းရောဂါ (ဒုတိယအဆင့် ကာကွယ်ခြင်း) အတွက် အကျိုးသက်ရောက်မှု ရှိပေမယ့် ရောဂါ (ပထမအဆင့် ကာကွယ်ခြင်း) အတွက်တော့ အကျိုးနဲ့ အပြစ်ဟာ နီးနီးကပ်ကပ် မျှခြေဖြစ်နေတဲ့အတွက် သူရဲ့အခန်းကဏ္ဍဟာ အငြင်းပွားစရာ ဖြစ်ပါတယ်။ ဒါဟာ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေကို လျှော့ချနိုင်ပေမယ့် တစ်ဘက်မှာ အကြီးစားသွေးယိုစီးမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အက်စ်ပရင်ကို သောက်ဖို့ လူတိုင်းကို အားမပေးတာ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ကနေဒါနိုင်ငံက အကြီးဆုံးနှလုံးကျန်းမာရေးစင်တာ ဖြစ်တဲ့ University of Ottawa Heart Institute ရဲ့ နှလုံးရောဂါကာကွယ်ရေးနှင့်ပြန်လည်ထူထောင်ရေးဌာနခွဲက အကြီးအကဲဟောင်း ဒေါက်တာ Andrew Pipes ကလည်း အက်စ်ပရင်ကို တစ်ရက်ကြိုပြီး ညစဉ်သောက်သုံးသင့်တယ်ဆိုတာနဲ့ပတ်သက်လို့ တိကျတဲ့အထောက်အထား မရှိဘူးလို့ ၂၀၁၉ ခုနှစ်မှာ AFP ကို ပြောပါတယ်။ အဲဒီဆေးဟာ အာနိသင်ပျောက်ပျက်ဖို့ ခုနှစ်ရက်ကနေ ဆယ်ရက်အထိ ကြာနိုင်တယ်လို့ သူက ဆိုပါတယ်။

“ဒီလို သီအိုရီတွေက စိတ်ဝင်စားစရာဆိုပေမယ့် နေ့စဉ်အက်စ်ပရင်သောက်တဲ့သူတွေဆီမှာ အဲဒီလိုအသုံးချကုသမှုမျိုး မရှိပါဘူး”

နှလုံးရောဂါဖြစ်ဖူးတဲ့သူတွေနဲ့ လက်ရှိနှလုံးရောဂါဖြစ်နေတဲ့လူနာတွေကို နေ့စဉ် အက်စ်ပရင်သောက်ဖို့ ဆရာဝန်တွေက ညွှန်ကြားတာ ရှိပေမယ့် အခြားရောဂါမရှိသူတွေအနေနဲ့ အက်စ်ပရင်သောက်တာမျိုး မလုပ်ဖို့ ပါမောက္ခ Pipes က သတိပေးပါတယ်။

“နှလုံးရောဂါမရှိတဲ့လူတွေအတွက်တော့ အက်စ်ပရင်ကို သောက်တာဟာ အကျိုးထက် အပြစ်က ပိုများပါတယ်” လို့ သူက ပြောပါတယ်။ “ဘာဖြစ်လို့လဲဆိုတော့ အက်စ်ပရင်ဟာ နှလုံးဖောက်နိုင်တဲ့အခြေအနေကို လျှော့ချနိုင်တာထက် ကိုယ်တွင်းသွေးယိုတဲ့ပြဿနာက ပိုဆိုးနိုင်ခြေရှိတဲ့အတွက် ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလက Alberta တက္ကသိုလ် ဆေးပညာဌာနက ပြုလုပ်ခဲ့တဲ့ ဒီသုတေသနမှာလည်း နှလုံးရောဂါမရှိတဲ့လူနာတွေအနေနဲ့ အက်စ်ပရင်ကို နေ့စဉ်မသောက်သင့်ဘူးလို့ သတိပေး ဖော်ပြထားပါတယ်။