အမျိုးသမီးများ ဓမ္မတာလာစဉ် သခွားသီး၊ အုန်းရည်၊ ရေခဲရေတို့ သောက်သုံးခြင်းက သားအိမ်ကင်ဆာနဲ့ မြုံခြင်းကို ဖြစ်စေနိုင်တယ်ဆိုတဲ့ အကြောင်းအရာအမှား

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

အမျိုးသမီးတွေအနေနဲ့ ဓမ္မတာလာစဉ်ကာလအတွင်းမှာ ရေခဲရေ၊ ဆိုဒါသောက်တာ၊ အုန်းသီး၊ သခွားသီးစားသုံးတာ၊ ခေါင်းလျှော်တာတွေဟာ သားအိမ်ကင်ဆာနဲ့ မြုံခြင်းတွေ ဖြစ်စေနိုင်တယ်လို့ ပြောဆိုထားတဲ့ ပို့စ်တွေကို Facebook ပေါ်မှာ အကြိမ်ရေထောင်နဲ့ချီ မျှဝေနေကြပါတယ်။ အခုလိုပြောဆိုမှုတွေဟာ အနည်းဆုံး ၂၀၁၃ ခုနှစ်လောက်ကတည်းက နိုင်ငံတော်တော်များများမှာ ဘာသာစကားအမျိုးမျိုးနဲ့ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။ AFP က ချည်းကပ်မေးမြန်းခဲ့တဲ့ သားဖွားမီးယပ်ကျွမ်းကျင်ပညာရှင်တွေကတော့ အဲဒီအဆိုတွေဟာ မမှန်ကန်ဘူးလို့ ပြောဆိုထားပါတယ်။ 

အဲဒီပို့စ်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၈ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ “အမျိုးသမီးများ သတိထား ဆင်ခြင်နိုင်ရန်အတွက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ခဲ့တာဖြစ်ပြီး အန္တရာယ်ရှိစေနိုင်တယ်ဆိုတဲ့ အချက်တွေကို မျှဝေထားတာပါ။ အဲဒီပို့စ်မှာ အမျိုးသမီးတွေ ဓမ္မတာလာနေစဉ် ရေခဲရေ၊ ဆိုဒါတွေ သောက်သုံးတာ၊ အုန်းသီး၊ သခွားသီးကို စားသုံးတာ၊ ခေါင်းလျှော်တာတွေ မလုပ်ဖို့ သတိပေးရေးသားထားတာ တွေ့ရပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်က ရိုက်ယူခဲ့တဲ့ Screenshot

 

မြန်မာလိုရေးထားတဲ့ အဲဒီပို့စ်ဟာ ၂၀၂၁ ခုနှစ်ကတည်းက ပျံ့နှံ့နေတာဖြစ်ပြီး တူညီတဲ့ပြောဆိုမှုတွေကို Facebook ပေါ်က ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်တွေမှာ တင်ခဲ့တာ တွေ့နိုင်ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်ပြင်သစ်ပေါ်တူဂီအင်ဒိုနီးရှား နဲ့ စပိန်ဘာသာတွေနဲ့လည်း ပျံ့နှံ့ခဲ့ပြီး အကြိမ်ရေသန်းနဲ့ချီမျှဝေခဲ့ကြပါတယ်။

AFP က မေးမြန်းခဲ့တဲ့ သားဖွားမီးယပ်ကျွမ်းကျင်ပညာရှင်တွေကတော့ ဓမ္မတာလာစဉ်ကာလမှာ အဲဒီအကြံပြုချက်တွေထဲကအချက်တွေကို ပြုလုပ်တာဟာ သားအိမ်ကင်ဆာနဲ့ မြုံခြင်းကို ဖြစ်ပေါ်စေတဲ့ဆိုတဲ့ အဆိုတွေကို ငြင်းဆိုထားကြပါတယ်။

သိပ္ပံနည်းကျအထောက်အထားမရှိ

နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ ပထမစာပိုဒ်မှာ ဓမ္မတာလာချိန်မှာ ရေခဲရေ၊ ဆိုဒါနဲ့ အုန်းသီးတွေ စားသုံးခြင်းဟာ သားအိမ်ကင်ဆာကို ဖြစ်စေနိုင်တယ်လို့ ရေးထားပါတယ်။

“ရာသီချိန်ကာလအတွင်း ရေခဲရေ ၊ဆိုဒါ မသောက် သုံးသင့်သလို အုန်းသီးလဲ မစားသင့်ပါ။ သုတေသီများ၏လေ့လာချက်များအရ ရာသီကာလအတွင်းရေခဲရေသောက် သုံးးခြင်းသည် သားအိမ်တွင်းကျန်ရှိနေသောရာသီသွေးကိုခဲစေတက်ပီး ၅နှစ် မှ ၁၀ နှစ် အတွင်းအကြိမ်ရေများလာသည့်အခါ သားအိမ်ကင်ဆာအကျိတ်ဖြစ်ပေါ်စေနိုင်ပါတယ်” (မူရင်းအတိုင်း)

ကမ္ဘာတစ်ဝန်းက ကျန်းမာရေးပညာရှင်တွေရဲ့ အွန်လိုင်းဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Doctoralia က အဖွဲ့ဝင်တစ်ယောက်လည်းဖြစ် မီးယပ်ရောဂါကျွမ်းကျင်သူလည်းဖြစ်တဲ့ ဒေါက်တာ Anaïs Reyes Navarro ကတော့ “ဒါတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်မှုမရှိပါဘူး” လို့ ပြောပါတယ်။

“အဲဒါတွေကို စားသုံးခြင်း မစားသုံးခြင်းက အမျိုးသမီးတွေရဲ့ ဟော်မုန်းစက်ဝန်းအပေါ် ပြောင်းလဲသက်ရောက်ခြင်း မရှိသလို အမျိုးသမီးတွေရဲ့ မျိုးပွားမှုစနစ်နဲ့ပတ်သက်တဲ့ ရောဂါတစ်မျိုးမျိုးကို ဖြစ်ပေါ်လာအောင် တွန်းအားပေးတာမျိုးလည်း မရှိပါဘူး” လို့ သူက ဆိုပါတယ်။

မျိုးပွားခြင်းဆိုင်ရာရောဂါဗေဒပညာရှင် ဒေါက်တာ Kiyoshi Macotela Nakagaki ကလည်း “အုန်းသီးစားတာ၊ ရေခဲရေသောက်တာတွေက သားအိမ်ကင်ဆာ၊ မြုံတာတွေနဲ့ ဆက်နွှယ်မှု မရှိပါဘူး” လို့ ဆိုပါတယ်။

“အဲဒီလိုရေးသားမှုတွေက သိပ္ပံနည်းကျ အခြေအမြစ်မရှိဘူး” လို့လည်း သူက ဆိုပါတယ်။

ခေါင်းလျှော်ခြင်း

အမျိုးသမီးတွေဓမ္မတာလာနေချိန် ခေါင်းလျှော်တာဟာ ဦးရေပြားပေါ်က ချွေးပေါက်တွေကို ကျယ်စေပြီး လေနဲ့ တိုက်ရိုက်ထိတွေ့နိုင်စေတဲ့အတွက် “ခေါင်းလျှော်ခြင်း မပြုသင့်ဘူး” လို့လည်း ပို့စ်မှာရေးထားပါတယ်။

ဒေါက်တာ Anaïs Reyes Navarro ကတော့ ဓမ္မတာလာနေချိန် ခေါင်းကိုက်တာဟာ ဟိုမုန်းပမာဏကွဲပြားမှုနဲ့ ဆက်စပ်တဲ့ ဓမ္မတာအကြိုလက္ခဏာ (pre-menstrual syndrome)နဲ့ ဆက်နွှယ်တာဖြစ်တယ်လို့ ဆိုပါတယ်။ ခေါင်းကိုက်တာအပြင် အခြား ရင်သားတင်းရင်းနာကျင်တာ၊ ခံစားချက်အပြောင်းအလဲများတာ၊ ကြွက်တက်တာတွေလည်း ဖြစ်တတ်တယ်လို့ သူက ဆိုပါတယ်။

ဒေါက်တာ Kiyoshi Macotela Nakagaki ကတော့ ခေါင်းမလျှော်သင့်ဘူးဆိုတာနဲ့ပတ်သက်လို့ “မှတ်ချက်မပေးချင်ပါဘူး။ ဒါက ရယ်စရာတစ်ခုနဲ့ တူပါတယ်” လို့ သူက ဆိုပါတယ်။

သခွားသီးမစားသင့်ဘူးလား

ဓမ္မတာလာစဉ်မှာ “သခွားသီးမစားသင့်ပါ”လို့လည်း နားလည်မှုလွဲစေတဲ့ပို့စ်က ဆိုထားပါတယ်။ “သခွားသီးအတွင်းက အရည်ဓာတ်ဟာဆိုရင် သားအိမ်နံရံမှာရှိတဲ့ ရာသီသွေးစွန့်ပစ်ရာ အပေါက်ငယ်လေးများကို ပိတ်ဆို့စေတဲ့အတွက် ကြောင့် မြုံ ခြင်းကို ဖြစ်စေတက်ပါတယ်”(မူရင်းအတိုင်း) လို့ ရေးထားပါတယ်။

ဒေါက်တာ Reyes Navarro ကတော့ သခွားသီးရဲ့အရည်ဓာတ်ဟာ သားအိမ်နံရံကို ထိခိုက်စေတယ်ဆိုတာနဲ့ ပတ်သက်ပြီး “ဒီနေရာမှာလည်း (သခွားသီးစားသုံးခြင်းနဲ့ သားအိမ်ရောဂါ) ဆက်စပ်မှု မရှိဘူး” လို့ ပြောဆိုပါတယ်။

မျိုးဥကြွေတွေတာတွေ၊ လိင်မှုကိစ္စနဲ့ဆက်စပ်တဲ့ ပြောင်းလဲမှုတွေ စတဲ့ အကြောင်းအရင်းတော်တော်များများဟာ မြုံခြင်းကို ဦးတည်ဖြစ်ပေါ်စေနိုင်ပေမယ့် ဓမ္မတာလာနေချိန် သခွားသီးကို စားသုံးခြင်းကတော့ မြုံတာနဲ့ ဆက်စပ်မှုမရှိဘူးလို့ ဒေါက်တာ Macotela Nakagaki က ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု ကလေးကျန်းမာရေးနဲ့ လူသားဖွံ့ဖြိုးရေးအင်စတီကျု (NICHD) ရဲ့အဆိုအရ မြုံခြင်းဟာ ဓမ္မတာစက်ဝန်းပြဿနာ၊ မျိုးပွားမှုစနစ်ရဲ့ ရုပ်ပိုင်းဆိုင်ရာမူမမှန်မှုတွေ၊ ကိုယ်ခံအားစနစ်နဲ့ လိင်ပိုင်းဆိုင်ရာကူးစက်ရောဂါတွေနဲ့ ဆက်စပ်နိုင်တယ်လို့ ဆိုပါတယ်။

အမျိုးသားကျန်းမာရေးနဲ့ ဆေးဝါးသုတေသနအင်စတီကျုရဲ့ ၂၀၁၂ ခုနှစ်က သုတေသနတစ်စောင်အရ ဆေးလိပ်သောက်ခြင်းအစရှိတဲ့ အပြုအမှုလက္ခဏာတွေဟာလည်း မျိုးပွားကျန်းမာရေးချို့ယွင်းချက်တွေကို မြင့်မားစေနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဓမ္မတာလာချိန် ဝမ်းဗိုက်သွေးယိုခြင်း

အမျိုးသမီးတွေ ဓမ္မတာလာချိန်မှာ ဝမ်းဗိုက်ကို မာကျောတဲ့အရာတွေနဲ့ ထိခိုက်မိခြင်းဟာ “ဝမ်းဗိုက်တွင်းသွေးယိုစိမ့်မှုဖြစ်စေတတ်ပြီး သားအိမ်ကင်ဆာဖြစ်နိုင်ခြေ ပိုများစေတယ်”လို့လည်း အဲဒီပို့စ်မှာ ရေးထားပါတယ်။ ဒါဟာလည်း “မရေရာတဲ့” ပြောဆိုမှုဖြစ်ပါတယ်။

သားအိမ်ဟာ ဝမ်းဗိုက်ပိုင်းမှာ ရှိတာမဟုတ်ဘဲ ဝမ်းဗိုက်ရဲ့အောက် တင်ပါးဆုံတွင်းထဲ ရှိတာ ဖြစ်တယ်လို့ ဒေါက်တာ Macotela Nakagaki က ရှင်းပြပါတယ်။ “ဒါကြောင့် မာကျောတဲ့အရာတစ်ခုခုနဲ့ ထိခိုက်မိတဲ့ အမျိုးသမီးတစ်ယောက်အတွက် အရိုးကိုထိခိုက်ဖို့ဆိုတာဟာ တော်တော်လေး ပြင်းထန်မှ ဖြစ်လိမ့်မယ်”လို့ သူက ဆိုပါတယ်။

"အမျိုးသမီးတစ်ယောက်ဟာ ပြင်းထန်တဲ့မတော်တဆမှုတစ်ခုခုကြောင့် သွေးထွက်လွန်တာ၊ သားအိမ်ကို ဖယ်ထုတ်လိုက်ရတာမျိုး မဟုတ်ဘူးဆိုရင် သားအိမ်မှာအရမ်းပြင်းထန်တဲ့ဒဏ်ရာဖြစ်ရင်တောင် အမျိုးသမီးကို မြုံတာမျိုး ဖြစ်စေမှာ မဟုတ်ပါဘူး။” လို့လည်း သူက ဆိုပါတယ်။

 ပြင်းထန်လွန်းတဲ့ မတော်တဆမှုမျိုး မခံစားရဘူးဆိုရင်တော့ သားအိမ်နဲ့ သားအိမ်တွေကို ဖယ်ထုတ်ဖို့ လိုအပ်ပါလိမ့်မယ်။

ဒေါက်တာ Reyes Navarro ကလည်း သားအိမ်ဟာ “အူ၊ အဆီ၊ ကြွက်သား၊ အရေပြားတွေနဲ့ ဖုံးအုပ်ထားတာ ဖြစ်တဲ့အတွက်” “ချွန်ထက်တဲ့အရာနဲ့ ထိုးသွင်းမှု”ကသာ သားအိမ်ကို ထိခိုက်စေနိုင်မယ်လို့ ဆိုပါတယ်။

ရေအေးသောက်တာ ကင်ဆာဖြစ်နိုင်သလား

သုတေသနတွေ့ရှိချက်တွေအရ ဓမ္မတာလာနေချိန် ရေခဲရေသောက်သုံးတာဟာ “သားအိမ်တွင်း ကျန်ရှိနေတဲ့ ရာသီသွေးကို ခဲစေပြီး” ငါးနှစ်ကနေ ဆယ်နှစ်ထိကြာလာတဲ့အခါ “သားအိမ်ကင်ဆာ အကျိတ်ဖြစ်ပေါ်စေနိုင်”တယ်လို့လည်း ပျံ့နှံ့နေတဲ့ပို့စ်မှာ ရေးထားပါတယ်။

“ဒါတွေဟာ သိပ္ပံနည်းကျအခြေအမြစ် မရှိဘူး” လို့ ဒေါက်တာ Macotela Nakagaki က ဆိုပါတယ်။ “အမျိုးသမီးတွေအနေနဲ့ သားအိမ်နံရံထိခိုက်အောင်လုပ်နိုင်တာ ဒါမှမဟုတ် ထိခိုက်မှုကို တားဆီးနိုင်တာမျိုး မရှိဘူး” လို့ သူက ဆိုပါတယ်။

အဲဒီပို့စ်ဟာ သတင်းအချက်အလက်အမှားတွေကို ဖြန့်ဝေဖို့နဲ့ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း (Pap smear) စတဲ့ အမျိုသမီးတွေအတွက် မရှိမဖြစ်အလေ့အထတွေ မလုပ်ဖြစ်အောင် အားပေးအားမြှောက်ပြုနေတာသာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေက ‘ကျွန်မက ရေခဲရေ၊ ရေအေး လုံးဝမသောက်ဘူး။ ဒါကြောင့် ရောဂါဖြစ်နိုင်ခြေလုံးဝမရှိဘူး။ ဒါကြောင့် pap smear လို ကျန်းမာရေးစစ်ဆေးမှု လုပ်စရာမလိုဘူး’ ဆိုပြီး ပြောလာနိုင်တဲ့အတွက် ဖြစ်ပါတယ်” လို့ ဒေါက်တာ Macotela Nakagak က ဆိုပါတယ်။

ဒေါက်တာ Reyes Navarro ကလည်း ဒီအဆိုဟာ မှားတယ်လို့ ဆိုပါတယ်။

Endometrium ဆိုတဲ့ တစ်သျှူးတစ်မျိုးဟာ သားအိမ်အတွင်းမှာ လစဉ်ဖြစ်ပေါ်လာတဲ့ တစ်သျှူးတစ်မျိုးဖြစ်ပြီး ကိုယ်ဝန်မရှိတဲ့အခါ ဓမ္မတာလာတာနဲ့အတူ စွန့်ထုတ်လိုက်တာ ဖြစ်ပါတယ်။

ဓမ္မတာမလာတဲ့အခါ သားအိမ်အတွင်းမှာ သွေးတွေကျန်ရစ်တယ်ဆိုတဲ့ ယုံကြည်မှုတစ်ခု ရှိတယ်လို့ သူက ဆိုပါတယ်။ ဒါပေမယ့် တကယ်တမ်း အဲဒီလိုဖြစ်တာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သွေးတိတ်ခြင်းဟာ endometrium တစ်သျှူးတွေ ဖြစ်ပေါ်မှုပြဿနာတစ်ခုခုကြောင့် ဖြစ်နိုင်လို့ ဖြစ်ပါတယ်။


မြုံခြင်းဆိုတာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းရှိတဲ့အမျိုးသားနဲ့ ကလေးမွေးဖွားနိုင်တဲ့အရွယ် အမျိုးသမီးနှစ်ဦးကြားမှာ အမျိုးသမီးက ကိုယ်ဝန်မဆောင်နိုင်ခြင်းကို ခေါ်ဆိုတယ်လို့ ဒေါက်တာ Reyes Navarro က ရှင်းပြပါတယ်။

အမေရိကန်ပြည်ထောင်စု အမျိုးသမီးကျန်းမာရေးဌာနက အမျိုးသမီးတွေရဲ့ အသက်အရွယ်၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်သုံးခြင်း၊ ကိုယ်အလေးချိန်များလွန်းခြင်း၊ လိင်ဆက်ဆံရာကနေတဆင့်ကူးစက်တတ်တဲ့ရောဂါတွေဟာ အမျိုးသမီးတွေမြုံဖို့အလားအလာကို မြင့်တက်စေနိုင်တယ်လို့ ဆိုပါတယ်။

AFP က မေးမြန်းခဲ့တဲ့ မီးယပ်ရောဂါအထူးကုဆေးပညာရှင်တွေကတော့ အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါစနစ်မှာ သားအိမ်ကင်ဆာ (endometrial cancer) နဲ့ သားအိမ်ခေါင်းကင်ဆာ (cervical cancer) စတဲ့ ကင်ဆာနှစ်မျိုး ဖြစ်လေ့ရှိပြီး အသက်အရွယ်အမျိုးမျိုးမှာ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

သားအိမ်ကင်ဆာ (endometrial cancer) ဖြစ်ပွားရတဲ့ ဇစ်မြစ်ကို မသိနိုင်ပေမယ့် အဝလွန်ခြင်း၊ ဆီးချိုနဲ့ ဟိုမုန်းတွေကိုသက်ရောက်စေတဲ့အရာတွေကြောင့် ဖြစ်နိုင်တယ်လို့ အမေရိကန်ကင်ဆာအဖွဲ့အစည်း (American Cancer Society) ရဲ့ အဆိုအရ သိရပါတယ်။

သားအိမ်ကင်ဆာဖြစ်ပွားတဲ့အမျိုးသမီးအများစုဟာ အသက် ၄၀ အထက် သွေးဆုံးပြီးသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ လက္ခဏာတွေကတော့ မိန်းမကိုယ်ကနေ ပုံမှန်မဟုတ်တဲ့ သွေးထွက်ခြင်းနဲ့ တင်ပါးဆုံတွင်း နာကျင်ခြင်းတို့ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာရဲ့အဆိုအရ အမေရိကန်ပြည်ထောင်စုက အမျိုးသမီးတွေမှာ အရေပြားကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုပ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ သားအိမ်ကင်ဆာတွေ ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။

Pan American Health Organization ကတော့ Human Papillomavirus (HPV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဟာ သားအိမ်ခေါင်းကင်ဆာကို အဓိကဖြစ်စေတဲ့အကြောင်းအရင်းဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီဗိုင်းရပ်စ်ရှိမရှိသိရှိနိုင်ဖို့ဆိုရင် အမျိုးသမီးတွေအနေနဲ့ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း (Pap smear) ကို ပုံမှန်ပြုလုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။

ဒါကြောင့် နားလည်မှုလွဲစေတဲ့ပို့စ်ထဲက ဓမ္မတာလာချိန်မပြုလုပ်ဖို့အကြုံပြုချက်တွေကြောင့် သားအိမ်ကင်ဆာနဲ့ မြုံခြင်းကို ဖြစ်စေတယ်ဆိုတဲ့ပြောဆိုမှုတွေဟာလည်း လွဲမှားနေတာပဲ ဖြစ်ပါတယ်။