၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ထိုင်ဝမ်ငလျင်လှုပ်ခတ်မှုလို့ ဆိုထားတဲ့ ဓာတ်ပုံဟောင်းမှားယွင်းပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 21 စက်တင်ဘာ 2022 အချိန် 11h47
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ထိုင်ဝမ်ငလျင်လှုပ်ခတ်မှုလို့ ပြောဆိုထားတဲ့ ပြိုလဲလုနီးပါးဖြစ်နေတဲ့ အဆောက်အအုံတစ်ခုရဲ့ဓာတ်ပုံတစ်ပုံကို လူမှုမီဒီယာပို့စ်အများအပြားမှာပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံကို မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်ခတ်မှုက ရယူထားတာမဟုတ်ဘဲ ၂၀၁၈ ခုနှစ်က ထိုင်ဝမ်မှာ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ရယူထားတဲ့ ဓာတ်ပုံဟောင်းတစ်ပုံသာဖြစ်ပါတယ်။

ဒီဓာတ်ပုံကို Facebook ဒီလင့်ခ်မှာ မျှဝေထားပြီး ပြန်လည်မျှဝေမှုအကြိမ်ရေ ၆၀ ကျော်ရှိပါတယ်။

ဒီဓာတ်ပုံနဲ့အတူ စာသားကိုအောက်ပါအတိုင်းရေးသားထားပါတယ်။

“ထိုင်ဝမ် စံတော်ချိန် နေ့လည် ၂နာရီ ၄၅မိနစ်မှာ ထိုင်ဝမ်ကျွန်းနိုင်ငံလေးရဲ့ အရှေ့တောင်ဖက် Taitung county အနီးမှာ ပြင်းအား အဆင့် ၆.၈ မဂ္ဂနီကျု့ရှိ ငလျင်ကြီး ထပ်မံလှုပ်ခဲ့ပြီး Hualian county Yuli ဒေသမှာ တိုက်တွေပြိုကျမှုရှိပေမယ့် လူအသေအပျောက် ရှိသော်လည်း စာရင်း အတိအကျမသိရသေးပါ။ လွန်ခဲ့တဲ့ ၂၄နာရီအတွင်းမှာလည်း ငလျင်အကြိမ် ၅၀ ကျော်နဲ့ငလျင်ကြီး ၂ကြိမ် လှုပ်ခဲ့ပြီး ဆူနာမီ သတိပေးချက်လည်း ထုတ်ပြန်ထားပါတယ်။” (မူရင်းအတိုင်း)

Image
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ထိုင်ဝမ်အရှေ့ပိုင်းကို အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့တဲ့နောက် ဒီဓာတ်ပုံ အွန်လိုင်းပေါ် ပျံ့နှံ့လာတာဖြစ်ပါတယ်။ ဒီငလျင်လှုပ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး လူ ၁၅၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ AFP က ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ဒါဟာ ထိုင်ဝမ်ကျွန်းအရှေ့ပိုင်းရေပိုင်နက်ထဲမှာ လွန်ခဲ့တဲ့ရက်က ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ထပ်မံဖြစ်ပွားခဲ့တဲ့ ငလျင်တစ်ခုဖြစ်ပါတယ်။ အဲဒီငလျင်လှုပ်ခတ်မှုမှာ လူအသေအပျောက်တော့မရှိခဲ့ပါဘူး။

ထိုင်ဝမ်ကျွမ်းဟာ Tectonic Plates နှစ်ခုဆုံရာအရပ်မှာ တည်ရှိတဲ့အတွက် ငလျင် မကြာခနဖြစ်ပွားလေ့ရှိပါတယ်။

ဒီဓာတ်ပုံကို တူညီတဲ့ပြောဆိုမှုနဲ့ Facebook ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ မြန်မာလိုပြန်လည်မျှဝေနေကြပြီး Twittwer ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ အင်္ဂလိပ်ဘာသာစကားနဲ့ မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီဓာတ်ပုံကိုဒီဓာတ်ပုံကို အကြောင်းအရာလွဲမှား မျှဝေထားတာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ငလျင်

အဓိကကျတဲ့ စကားလုံးတွေနဲ့ Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါမှာ ဒီဓာတ်ပုံဟာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလက ထိုင်ဝမ်ရဲ့ နာမည်ကြီးခရီးသွားမြို့တော်တစ်ခုဖြစ်တဲ့ Hualien မြို့မှာ ငလျင်လှုပ်ခတ်မှုက ဖြစ်နေတာတွေ့ရပါတယ်။

ဒီဓာတ်ပုံကို Taiwan News က ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူ ၁၇ ဦးသေဆုံးခဲ့ပြီး လူ ၂၉၀ ကျော် ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့ သတင်းဆောင်းပါနဲ့အတူ ဖော်ပြခဲ့ပါတယ်။

ဒီဓာတ်ပုံကို ထိုင်ဝမ်အစိုးရပိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ Central News Agency (CNA) ကရယူထားတာဖြစ်ပြီး ဒီဓာတ်ပုံမှာတွေ့ရတဲ့ အဆောက်အအုံကို Yun Tsui Building ဆိုပြီးဖော်ပြထားပါတယ်။

Image
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ဖော်ပြထားတဲ့ Taiwan News ဆောင်းပါး

၂၀၁၈ ခုနှစ် ငလျင်လှုပ်ခတ်ပြီးနောက်တွေ့ရတဲ့ ဒီအဆောက်အဦးရဲ့ ဓာတ်ပုံကို AFP ကလည်း ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။

“ထိုင်ဝမ်ကယ်ဆယ်ရေးသမားများသည် ငလျင်လှုပ်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပြိုလဲသွားသည့် အန္တရာယ်ရှိလူနေအဆောက်အအုံတွင် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန် ဖေဖော်ဝါရီ ၈ ရက်တွင် ရင်ထိတ်ဖွယ်ကောင်းသောတာဝန်ကို ဆက်လက်လုပ်ဆောင်ခဲ့သည်။” ဆိုပြီး ဓာတ်ပုံနဲ့အတူ စာသားဖော်ပြထားပါတယ်။

Image
AFP က ရိုက်ယူထားတဲ့ ယိမ်းယိုင်နေတဲ့အဆောက်အအုံရဲ့ ဓာတ်ပုံ

၂၀၁၈ ခုနှစ်ငလျင်ကြောင့် ထိုင်ဝမ်အရှေ့ပိုင်းကမ်းရိုးတမ်းတစ်လျှာက် လူ ၁၇ ဦးသေဆုံးခဲ့ပြီး အဲဒီအထဲက သေဆုံးသူ ၁၄ ဦးဟာ Yun Tsui Building အိမ်ရာမှာ နေထိုင်သူတွေဖြစ်တယ်လို့ AFP က ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။

ဒီအဆောက်အအုံ တည်ဆောက်သူ၊ ဗိသုကာပညာရှင်နဲ့ ဆောက်လုပ်ရေးအင်ဂျင်နီယာတို့ဟာ လုံခြုံရေးစည်းမျဥ်းစည်းကမ်းတွေကို လျစ်လျူရှုမှုနဲ့ ၂၀၁၉ ခုနှစ်မှာ ထောင်ဒဏ် ၅ နှစ်စီချမှတ်ခြင်းခံခဲ့ရပါတယ်။

ဒီအဆောက်အအုံကို ဖြိုချလိုက်တဲ့ဗီဒီယိုကို Apple Daily က ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။

ဒီဓာတ်ပုံကို အခြားငလျင်လှုပ်ခတ်မှုအကြောင်းရေးသားထားတဲ့ ပို့စ်တွေမှာ မှားယွင်းဖော်ပြထားတာကို AFP က ဒီလင့်ခ်မှာလည်း အချက်အလက်စိစစ်ထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်