၂၀၂၂ မှာ သမ္မတပူတင်ကို လုပ်ကြံဖို့ကြိုးစားတဲ့မြင်ကွင်းလို့ ပြောဆိုထားတဲ့ပုံဟောင်းတွေ မှားယွင်းပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၃ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ရုရှားနိုင်ငံသမ္မတ ဗလာဒီမီယာပူတင်ကို လုပ်ကြံဖို့ကြိုးစားခဲ့တဲ့မြင်ကွင်းလို့ ပြောဆိုထားတဲ့ ပျက်စီးကြေမွနေတဲ့ကားတစ်စီးရဲ့ပုံတွေကို Facebook ပေါ်မှာ အကြိမ်ရေရာနဲ့ချီမျှဝေနေကြပါတယ်။ ဒေသတွင်းလုံခြုံရေးထိပ်သီးအစည်းဝေးတစ်ခုကို သမ္မတပူတင်တက်ရောက်ခဲ့တဲ့နောက် သူ့ကို လုပ်ကြံဖို့ကြိုးစားခဲ့ရာမှာ မအောင်မြင်ခဲ့ဘူးလို့ ပို့စ်တွေမှာ ရေးထားပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားပါတယ်။ တကယ်တမ်း အဲဒီဓာတ်ပုံတွေဟာ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလက မော်စကိုမှာ သမ္မတပူတင်ရဲ့ဒရိုင်ဘာတစ်ဦး သေဆုံးခဲ့တဲ့ ယာဉ်တိုက်မှုဖြစ်စဉ်က ပုံရိပ်ဟောင်းတွေပါ။

အဲဒီပုံတွေကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်က Facebook ဒီလင့်ခ်မှာ တင်ခဲ့တာ ဖြစ်ပြီး အကြိမ်ရေ ၆၀၀ ထက်မနည်း ပြန်လည်မျှဝေထားကြပါတယ်။

ပို့စ်ရဲ့အစမှာ “ရရှားသမ္မတ ပူတင်လုပ်ကြံခံရ ပူတင်လွတ်မြောက်”(မူရင်းအတိုင်း) ဆိုပြီး ရေးသားထားပါတယ်။

ပို့စ်မှာ အခုလိုလည်း ဆက်ရေးထားပါတယ်။

“Putin လုံခြုံရေးယာဉ်တန်း မော်စကိုတွင်လုပ်ကြံခံရ
ပူတင် ဘာမှမဖြစ်
ကိုယ်ရံတော်အများအပြားဖမ်းဆီးခံရ။
ရုရှားနိူင်ငံ၊မော်စကိုမြို့ရှိနေထိုင်ရာနေရာကိုပြန်လာတဲ့ပူတင်ကို လုပ်ကြံသတ်ဖြတ်မှုဖြစ်ပွားခဲ့တာပါ။”(မူရင်းအတိုင်း)

“SCO အစည်းအဝေးကျင်းပရာ အခြားတနေရာမှာလည်း
အပြင်မထွက်တာသုံးနှစ်ခန့်ရှိပြီဖြစ်တဲ့ တရုတ်သမ္မတ ရှီ ကို လုံခြုံရေးထူထပ်စွာဖြင့် အရေးပေါ်နေရာရွေ့ပြောင်းသွားကြကြောင်း။
SCO အစည်းအဝေးဟါ USကိုနှာနုဖြတ်ရိုက်ခံလိုက်ရသလိုဖြစ်နေရတာက အဓိက လုပ်ကြံမှုတွေရဲ့ ဇစ်မြစ်ပါပဲ။” (မူရင်းအတိုင်း)

နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၀ ရက်က ရယူထားတဲ့ Screenshot

Uzbekistan နိုင်ငံမှာကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း (Shanghai Cooperation Organisation) ထိပ်သီးအစည်းအဝေးမှာ ရုရှားနိုင်ငံခေါင်းဆောင်နဲ့ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်တို့ တွေ့ဆုံခဲ့တဲ့နောက် နားလည်မှုလွဲစေတဲ့ပို့စ်တွေ အွန်လိုင်းပေါ် ပျံ့နှံ့လာခဲ့တာပါ။ အဲဒီပို့စ်မှာ သမ္မတပူတင်ရဲ့ဓာတ်ပုံတွေလည်း ပါဝင်ပြီး အဲဒီဓာတ်ပုံတွေကို ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ ကနဦးဖော်ပြခဲ့ပါတယ်။

SCO ဟာ တရုတ်နဲ့ရုရှားနိုင်ငံတွေ ဦးဆောင်ပါဝင်တဲ့ ဒေသတွင်းလုံခြုံရေးဆိုင်ရာအဖွဲ့ဖြစ်ပြီး အာရှအလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်လိုနိုင်ငံတွေ ပါဝင်ပါတယ်။ SCO ဟာ အရှေ့နိုင်ငံတွေအတွက် NATO လို အဖွဲ့အစည်းမျိုးဖြစ်ပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့အတူ ဓာတ်ပုံတွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်တွေမှာ တင်ခဲ့သလို ဘလော့ဂ်ပို့စ်ဖြစ်တဲ့ ဒီလင့်ခ်မှာလည်း တင်ထားပါတယ်။

ဒါပေမဲ့ ပို့စ်မှာဖော်ပြထားသလို ၂၀၂၂ ခုနှစ်မှာ သမ္မတပူတင်ကို လုပ်ကြံဖို့ကြိုးစားတယ်ဆိုတဲ့ဖြစ်စဉ် အထောက်အထားမျိုး AFP က မတွေ့ရှိခဲ့ပါဘူး။

ပုံဟောင်းတွေ

အဓိကစကားလုံးတွေနဲ့ ပုံတွေကိုသုံးပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ အဲဒီဓာတ်ပုံတွေကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၇ ရက်က ဗြိတိန်သတင်းစာတစ်စောင်ဖြစ်တဲ့ The Sun က ဒီလင့်ခ်မှာ ဖော်ပြခဲ့တာတွေ့ရပါတယ်။

ယာဉ်တိုက်မှုအတွင်း သမ္မတပူတင်ရဲ့ဒရိုင်ဘာတစ်ဦး သေဆုံးခဲ့တယ်လို့ အဲဒီသတင်းက ဆိုပါတယ်။

မှားယွင်းနေတဲ့ပို့စ်မှာပါဝင်တဲ့ဓာတ်ပုံတွေ (ဘယ်) နဲ့ ၂၀၁၆ ခုနှစ်မှာ The Sun က ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေ (ညာ) တို့ကို နှိုင်းယှဉ်ထားတဲ့ Screenshot တွေကို အောက်မှာ ဖော်ပြထားပါတယ်။

Screenshot comparison of the first collage and the picture from The Sun's report
Screenshot comparison of the photos in the second collage and the pictures from The Sun's report

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရုရှားအွန်လိုင်းသတင်းစာဖြစ်တဲ့ Gazeta.ru ရဲ့ ဒီသတင်းမှာ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ဒရိုင်ဘာကို ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတရုံးဆိုင်ရာ ညွန်ကြားရေးမှူးရုံး (Directorate of the President of the Russian Federation) က ခန့်အပ်ထားတာ ဖြစ်ပြီး သမ္မတပူတင်ရဲ့အမြဲတမ်းဒရိုင်ဘာတော့ မဟုတ်ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

အဲဒီသတင်းမှာ ရုရှားသတင်းဌာန TASS ရဲ့သတင်းတစ်ပုဒ်ကိုလည်း ကိုးကားထားပြီး ယာဉ်တိုက်မှုကြောင့် ပျက်စီးသွားတဲ့ကားဟာ ရုရှားဖက်ဒရေးရှင်းကောင်စီရဲ့ ကားဖြစ်တယ်လို့ ဆိုပါတယ်။

ယာဉ်မတော်တဆမှုနဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေကို အဲဒီသတင်းစာက ဒီလင့်ခ်မှာလည်း ဖော်ပြခဲ့ပါတယ်။

Ukraine conflict