တိုင်ပေ ၁၀၁ မိုးမျှော်တာဝါကြီး ငလျင်လှုပ်လို့ ယိမ်းထိုးနေတာဆိုတဲ့ ဗီဒီယိုအမှားပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

စက်တင်ဘာလထဲမှာ ငလျင်လှုပ်လို့ တိုင်ပေ ၁၀၁ မိုးမျှော်တာဝါကြီး ယိမ်းထိုးနေတာလို့ ဆိုထားတဲ့ ဗီဒီယိုတစ်ခုကို အွန်လိုင်းပေါ်မှာ အကြိမ်ရေသောင်းချီ ကြည့်ရှုခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီမိုးမျှော်တာဝါကြီးရဲ့ စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်ရှိသူတွေကတော့ ဒါဟာ ရုပ်ပုံအသက်သွင်းတည်းဖြတ်ထားတဲ့ဗီဒီယိုတစ်ခုဖြစ်ပြီး ငလျင်မလှုပ်ခင်ကတည်းက အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတာဖြစ်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့က တင်ထားတဲ့ Facebook ဗီဒီယိုမှာတော့ အခုလို ဆိုထားပါတယ်။ "ဒီနေ့ ငလျင်ကြောင့်ထိုင်ပေ (၁၀၁)ထပ်ကြီး ယိမ်းက နေတာ" (မူရင်းအတိုင်း)

ဒီဗီဒီယိုကို ကြည့်ရှုသူ ၅၂,၀၀၀ ကျော်ရှိပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၈၀၀ ကျော် ရှိခဲ့ပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot

စက်တင်ဘာလ ၁၈ ရက်နေ့က အင်အားပြင်းငလျင်တစ်ခု ထိုင်ဝမ်အရှေ့တောင်ပိုင်းမှာ လှုပ်ခတ်ခဲ့ပြီး လမ်းတွေ ပျက်စီးခဲ့သလို Yuli မြို့နယ်က လူနေအိမ်တချို့ ပြိုကျပျက်စီးခဲ့ပါတယ်။

ဒီငလျင်ဟာ Taitung မြို့ရဲ့ မြောက်ဘက် မိုင် ၃၀ လောက်အကွာမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ကနဦး တိုင်းတာချက်အရ မဂ္ဂနီကျူ့ ၇.၂ ရှိတယ်လို့ ဆိုပေမယ့် နောက်ပိုင်းမှာတော့ အမေရိကန်ဘူမိဗေဒစစ်တမ်းအဖွဲ့က မဂ္ဂနီကျူ့ ၆.၉ ဆိုပြီး ပြန်လည် ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။ ထိုင်ဝမ် မိုးလေဝသဗြူရိုရဲ့မှတ်တမ်းအရတော့ မဂ္ဂနီကျူ့ ၆.၈ ရှိတယ်လို့ သိရပါတယ်။

ဒီဗီဒီယိုဟာ လူမှုမီဒီယာသုံးစွဲသူအချို့ကို ထင်ယောင်ထင်မှားဖြစ်စေပြီး တိုင်ပေ ၁၀၁ အဆောက်အအုံကြီး ငလျင်ကြောင့် တကယ်ယိမ်းထိုးနေတာလို့ ယုံကြည်နေတာကို တွေ့ရပါတယ်။

ဗီဒီယိုအောက်က မှတ်ချက်တချို့က အခုလိုဖြစ်ပါတယ်။

"ဘေးအန္တာရယ်ကင်းပါစေကွယ်"

"အမလေး ဆရာမ ရယ်
အဆောက်အဦးကြီးက အရမ်းခိုင်မာလို့တော်သေး ကြောက်စရာ"

"နည်းပညာကောင်းလို့ပြိုမလဲတာဖြစ်မယ်"

တူညီတဲ့ဗီဒီယိုကို အလားတူပြောဆိုမှုတွေနဲ့ Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည် မျှဝေခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းသလို ဗီဒီယိုဟာလည်း အစစ်အမှန်မဟုတ်ပါဘူး။

ဗီဒီယိုအဟောင်း

အွန်လိုင်းပေါ်ပျံ့နှံ့နေတဲ့ဗီဒီယိုထဲက အောက်ခြေဘယ်ဘက်ထောင့်နားမှာ 李舞雄 လို့ရေးထားတဲ့ TikTok အသုံးပြုသူနာမည်ကို တွေ့ရပါတယ်။

TikTok မှာ ဒီနာမည်သုံးပြီး ရှာကြည့်တဲ့အခါ ငလျင်မလှုပ်ခင် တစ်လလောက်အလို ဩဂုတ်လ ၁၇ ရက်နေ့ကတည်းက တင်ထားတဲ့ မူရင်းဗီဒီယိုကို တွေ့ရပါတယ်။

ဗီဒီယိုနဲ့အောက်က မှတ်ချက်တွေမှာလည်း ဗီဒီယိုတင်သူက "အထူးဖန်တီးပြုလုပ်ချက်တွေ" အသုံးပြုထားတာဆိုပြီး ပြန်ဖြေထားတာ တွေ့ရပါတယ်။

ဗီဒီယိုကို အသေးစိတ်ကြည့်ရှုတဲ့အခါ တိုင်ပေ ၁၀၁ နဲ့ကပ်လျက် လူနေအဆောက်အအုံတစ်ခု ပါဝင်နေခြင်းမရှိတာကို တွေ့ရပါတယ်။ ဒီလူနေအဆောက်အအုံကို ၂၀၂၁ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့တယ်လို့ ထိုင်ဝမ်အိမ်ရာဆိုင်ရာ သတင်းဝဘ်ဆိုဒ် PLEX အရ သိရပါတယ်။

ဒီအဆောက်အအုံကို တိုင်ပေ ၁၀၁ မှာကျင်းပတဲ့ ပြပွဲတစ်ခုက ကြော်ငြာတစ်ခုထဲမှာ မြင်ရပါတယ်။

အောက်မှာ ဗီဒီယိုအတု (ဘယ်) နဲ့ ဗီဒီယိုအတုမှာ မပါဝင်တဲ့ အဆောက်အအုံပုံကို မြင်ရတဲ့ တိုင်ပေ ၁၀၁ ရဲ့ အစစ်အမှန်ဗီဒီယို (ညာ) တို့ကို မြင်နိုင်ပါတယ်။

ဗီဒီယိုအတု (ဘယ်) နဲ့ ဗီဒီယိုအတုမှာ မပါဝင်တဲ့ အဆောက်အအုံပုံကို မြင်ရတဲ့ တိုင်ပေ ၁၀၁ ရဲ့ အစစ်အမှန်ဗီဒီယို (ညာ)

ဒီအဆောက်အအုံကို Google Earth မှာလည်း မြင်နိုင်ပြီး ၂၀၁၈ ခုနှစ် ပုံရိပ်မှတ်တမ်းအရ ဒီအဆောက်အအုံဟာ ဆောက်လုပ်ဆဲပဲရှိနေသေးတာ တွေ့ရပါတယ်။

အဲဒါအပြင် တိုင်ပေ ၁၀၁ မိုးမျှော်တာဝါကြီးရဲ့ စီမံခန့်ခွဲရေးအဖွဲ့ကလည်း ဒီဗီဒီယိုဟာ အစစ်အမှန်မဟုတ်ဘူးဆိုပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ကြေညာချက်ပါစာသားတွေက အခုလိုဖြစ်ပါတယ်။ "Taitung မှာ ဒီနေ့ (၉/၁၈) က ၆.၈ မဂ္ဂနီကျူ့ရှိတဲ့ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း တိုင်ပေ ၁၀၁ ရဲ့ ပုံရိပ်အသက်သွင်းဗီဒီယို (animated video) တစ်ခု အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာပါတယ်။ ဒီဗီဒီယိုထဲမှာ တိုင်ပေ ၁၀၁ အဆောက်အအုံကြီး ငလျင်ကြောင့် လှုပ်နေတာဆိုပြီး အင်တာနက်စာမျက်နှာတွေပေါ်မှာ ပြောဆိုနေကြပါတယ်။ ဒါဟာ မှန်ကန်မှုမရှိတာကြောင့် အများပြည်သူ နားလည်မှုလွဲမှားခြင်းမရှိအောင် ရှင်းလင်းရခြင်းဖြစ်ပါတယ်။ ကျေးဇူးပြုပြီး ဒီကောလာဟလကို ဆက်လက်မမျှဝေကြပါနဲ့ခင်ဗျာ"

တစ်ဖက်မှာလည်း ငလျင်လှုပ်ခတ်တဲ့အချိန် မိုးမျှော်အဆောက်အအုံကြီးရဲ့အတွင်းပိုင်းမှာ အမှန်တကယ်လှုပ်ခါမှုတွေရှိခဲ့တယ်လို့ ထိုင်ဝမ်မီဒီယာတွေမှာ ရေးသားဖော်ပြတာမျိုးရှိပါတယ်။

TVBS သတင်းဌာနက ထုတ်ပြန်တဲ့ဗီဒီယိုမှာ လူအများလမ်းလျှောက်အပမ်းဖြေတဲ့စင်္ကြံလမ်းအောက်ဘက်က ရွှေဘောလုံးကြီးဟာ ငလျင်လှုပ်ချိန်မှာ ယိမ်းထိုးနေတာ တွေ့ရပါတယ်။

ကြီးမားတဲ့ဒီဘောလုံးကြီးဟာ ငလျင်ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ လှုပ်ရှားမှုဒဏ်ကို ခံနိုင်ရည်ရှိအောင် တန်ပြန်အလေးချိန်ထိန်းညှိဖို့ထားရှိတာ ဖြစ်ပါတယ်။

တာဝါကြီးလှုပ်ယမ်းနေတဲ့ဗီဒီယိုအတုနဲ့ပတ်သက်ပြီး ထိုင်ဝမ်အခြေစိုက် သတင်းအချက်အလက်စိစစ်ရေးအဖွဲ့ဖြစ်တဲ့ MyGoPen ကလည်း ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။