ခပ်ပြင်းပြင်းချောင်းဆိုးလိုက်ခြင်းဖြင့် ရုတ်တရက်နှလုံးဖောက်တာကို ကာကွယ်နိုင်တယ်ဆိုတဲ့ ပို့စ်အမှားတွေ ပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 18 အောက်တိုဘာ 2022 အချိန် 09h02
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း
ခပ်ပြင်းပြင်း ချောင်းဆိုးပေးလိုက်ခြင်းဖြင့် ရုတ်တရက်နှလုံးအမောဖောက်တဲ့အခြေအနေကို ကျော်လွှားနိုင်တယ်လို့ ပြောဆိုထားတဲ့ပို့စ်တွေကို Facebook မှာ အကြိမ်ရေရာနဲ့ချီ မျှဝေထားကြပါတယ်။ နှလုံးရောဂါလက္ခဏာရှိတဲ့သူတွေအနေနဲ့ နှလုံးဖောက်တော့မယ်လို့ခံစားရတဲ့အခါ ‘နှစ်စက္ကန့်တစ်ကြိမ်’ ချောင်းဆိုးပေးခြင်းအားဖြင့် နှလုံးဖောက်တဲ့အခြေအနေကို ကျော်လွှားနိုင်တယ်လို့ အဲဒီပို့စ်မှာ ဆိုထားပါတယ်။ ဒါပေမဲ့ အဲဒီအဆိုဟာ မှားတယ်လို့ နိုင်ငံတကာကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။ အဲဒီအလေ့အကျင့်ဟာ အရေးပေါ်ကျန်းမာရေးအခြေအနေတွေမှာ အသက်ကယ်ဆေးကုသမှုတွေကို နှောင့်နှေးစေနိုင်တယ်လို့ သတိပေးထားကြပါတယ်။

အဲဒီပို့စ်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ခဲ့တာဖြစ်ပြီး အကြိမ်ရေ ၃၈၀ ကျော် မျှဝေထားကြပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်က ရိုက်ယူထားတဲ့ Screenshot

“Heart Attack ဖြစ်ခြင်းကို စက္ကန့်ပိုင်းအတွင်း ကာကွယ်ဖို့” လို့ခေါင်းစဉ်တပ်ထားတဲ့ပို့စ်မှာ အောက်ပါအတိုင်းရေးထားပါတယ်။

“တယောက်တည်းရှိနေချိန် ရုတ်တရက် နှလုံးသွေးကြောပိတ်ဆို့ခြင်း (Heart attack) ဖြစ်နေတော့ ဘယ်လိုလုပ်ရမလဲ။ နှလုံးခုန်နှုန်းကလည်း ပုံမမှန် လူကလည်း သတိလစ်ဖို့ တစ်ဆယ်စက္ကန့်လောက်ပဲ လိုတော့တယ် ဆိုကြပါစို့။ (၇။) အဲ့လို ခံစားနေရရင် ပြင်းပြင်းထန်ထန် ထပ်ကာထပ်ကာ ချောင်းဆိုးခြင်းဖြင့် သင့်ကိုယ်သင် ကယ်တင်နိုင်ပါတယ်။ ချောင်းတခါ မဆိုးခင်တိုင်း အသက်ဝဝရှူပါ။ ချောင်းဆိုးရင်လည်း သလိပ်ထွက်အောင် ဆိုးနေရသလို ကြာကြာဆိုးပါ။ နှစ်စက္ကန့် တကြိမ်စီ အသက်ဝဝရှူလိုက် ချောင်းဆိုးလိုက် လုပ်နေပါ။ နှလုံးခုန်တာ ပုံမှန်ပြန်ဖြစ်တဲ့အထိ ၊သို့မဟုတ် ကူညီမယ့်လူရောက်တဲ့အထိ ဆက်လက်လုပ်ဆောင်ပါ။” (မူရင်းအတိုင်း)

တူညီတဲ့ပြောဆိုမှုနဲ့အတူ အဲဒီပို့စ်တွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ တင်ထားပါတယ်။

၂၀၂၁ ခုနှစ်မှာလည်း ဆင်တူတဲ့ပို့စ်တွေ ကိုရီးယားဘာသာစကားနဲ့ အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပြီး AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ခဲ့ပါတယ်။

ဒီအဆိုဟာ မှားပါတယ်။

ပို့စ်မှာ ပြောဆိုထားသလို ခပ်ပြင်းပြင်းလေးချောင်းဆိုပြီး အရေးပေါ်ပြုစုတဲ့နည်းက ရုတ်တရက်နှလုံးအမောဖောက်တာကို ရပ်တန့်နိုင်တယ်ဆိုတဲ့ အထောက်အထား မရှိဘူးလို့ ဗြိတိန်နိုင်ငံနှလုံးဖောင်ဒေးရှင်း British Heart Foundation (BHF) က ဖော်ပြပါတယ်။


“သင်တစ်ဦးတည်းရှိတဲ့အချိန် ရုတ်တရက်နှလုံးဖောက်တော့မယ်လို့ထင်တဲ့အခါ ချောင်းခပ်ပြင်းပြင်းဆိုးပြီး ကိုယ့်ကိုကိုယ် အရေးပေါ်ကုသနိုင်တယ်လို့ အကြံပြုထားတဲ့ ဆေးဘက်ဆိုင်ရာအထောက်အထား မရှိပါ” လို့ BHF ရဲ့ သွေးကြောဆိုင်ရာအထူးကုဆရာဝန် Christopher Allen က ဒီလင့်ခ်မှာ ရေးထားပါတယ်။

ဒီနည်းဟာ “ယုံတမ်းစကား”တစ်ခုသာ ဖြစ်ပြီး အင်တာနက်အသုံးပြုသူတွေအနေနဲ့ အဲဒီလိုပြောဆိုထားတဲ့ ပို့စ်တွေကို မဖြန့်ဝေကြဖို့ Allen က တိုက်တွန်းပါတယ်။


အမေရိကန်နိုင်ငံနှလုံးအဖွဲ့အစည်း (American Heart Association - AHA) နဲ့ သြစတြေးလျ အမျိုးသား နှလုံးဖောင်ဒေးရှင်း (National Heart Foundation of Australia) တို့ကလည်း နားလည်မှုလွဲစေတဲ့ပို့စ်မှာ ပြောဆိုထားတဲ့ “ချောင်းဆိုးပြီး အသက်ကယ်တဲ့နည်း” ကို ထောက်ခံအားပေးခြင်း မပြုပါဘူး။


“ဒီနည်းလမ်းက နှလုံးဖောက်ခြင်း သို့မဟုတ် နှလုံးရပ်ခြင်းအတွက် မှားယွင်းတဲ့ကုသမှုဖြစ်ပြီး တစ်စုံတစ်ယောက်ရဲ့အသက်ကိုကယ်တင်ဖို့အတွက် ကုသမှုကို နှောင့်နှေးစေပါတယ်” လို့ သြစတြေးလျနိုင်ငံ အမျိုးသားနှလုံးဖောင်ဒေးရှင်းက ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။

“‘ချောင်းဆိုးပြီး အသက်ကယ်တဲ့နည်း’က နှလုံးဖောက်ခြင်းနဲ့ နှလုံးရပ်ခြင်းတွေအတွက် အကျိုးရှိနိုင်တယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး” လို့ အဲဒီစာမျက်နှာမှာ ရေးထားပါတယ်။

အမေရိကန်နိုင်ငံနှလုံးအဖွဲ့အစည်း (AHA) ကလည်း နှလုံးရပ်ခြင်းလက္ခဏာတွေဖြစ်တဲ့ ရုတ်တရက်တုံ့ပြန်မှုပျောက်ဆုံးခြင်း၊ ပုံမှန်အသက်ရှုရပ်တန့်ခြင်းတွေဖြစ်လာခဲ့ရင် သက်ဆိုင်ရာကျန်းမာရေးဌာနကို ချက်ချင်းဆက်သွယ်ဖို့ အကြုံပြုထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်