
AI နဲ့ဖန်တီးထားတဲ့ဓာတ်ပုံကို သာယာလှတဲ့ 'ပိုလန်နိုင်ငံက ရွာကလေး' ဆိုပြီး မှားယွင်းပြောဆို
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 06 မတ် 2025 အချိန် 08h43
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"ပိုလန်နိုင်ငံက ရွာကလေး ရွာလယ်လမ်းမ (၁)ခုထဲကို ရွာသား (၆၀၀၀)က မျှသုံးနေကြရပါသတဲ့။ နေချင်စရာ ကောင်းလှပါဘိ။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်က ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။
ဒီပို့စ်ကို မျှဝေထားတဲ့ Facebook အကောင့်ဟာ followers ၉,၀၀၀ ကျော်ရှိပြီး ဒီပို့စ်နဲ့အတူ ဖြောင့်ဖြူးတဲ့လမ်းမကြီးတစ်ခုရဲ့ ဘေးနှစ်ဘက်မှာ အိမ်တွေ၊ အစိမ်းရောင်မြက်ခင်းပြင်တွေနဲ့ တည်ဆောက်ထားတဲ့ နေချင်စဖွယ်ရွာလေးတစ်ရွာရဲ့ ဓာတ်ပုံကို မျှဝေထားပါတယ်။

ဒီဓာတ်ပုံဟာ အပြင်မှာအမှန်တကယ်ရှိတဲ့ရွာတစ်ရွာရဲ့ဓာတ်ပုံအဖြစ် အထင်မှားနေကြတာကို မှတ်ချက်တွေကိုကြည့်ရင် သိနိုင်ပါတယ်။
"စည်းကမ်းနဲ့တည်ဆောက်ထားသောရွာ" (မူရင်းအတိုင်း) ဆိုပြီး မှတ်ချက်တစ်ခုအပြင် "လက်ရည်တဖြစ်တည်းဆိုတာ ဒီလိုရွာမျိုးဖြစ်မယ်" (မူရင်းအတိုင်း) ဆိုထားတဲ့ မှတ်ချက်လည်းတွေ့ရပါတယ်။
တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံကို ထိုင်းဘာသာ၊ အင်္ဂလိပ်ဘာသာ စတဲ့ ဘာသာစကားတွေနဲ့လည်း ဖော်ပြခဲ့ကြပြီး ပြန်လည်မျှဝေမှုအကြိမ်ရေ ထောင်ချီရှိနေပါတယ်။ အဲဒီပို့စ်တွေမှာတော့ ဒီဓာတ်ပုံထဲကရွာဟာ လမ်းမတစ်ခုတည်းကိုမှီခိုပြီး ကျေးရွာတည်ဆောက်ထားတဲ့ ပိုလန်နိုင်ငံတောင်ပိုင်းက Suloszowa ရွာလေးဖြစ်တယ်လို့ ပြောဆိုထားကြပါတယ်။
ဒါပေမဲ့ ဒီဓာတ်ပုံဟာ ဥာဏ်ရည်တုနည်းပညာ (AI) အသုံးပြုပြီး ဖန်တီးထားတာဖြစ်ပါတယ်။
အတုအယောင်ဓာတ်ပုံ
AFP က ဒီဓာတ်ပုံကို Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေခဲ့ပါတယ်။ အဲဒီနောက် ဓာတ်ပုံရဲ့ နောက်ခံအကြောင်းအရာကို ဖော်ပြပေးတဲ့ "About this image" ကနေ ဒီဓာတ်ပုံကို "Made with Gogole AI" ဆိုပြီး Google AI နဲ့ဖန်တီးထားတာကို သိရှိခဲ့ရပါတယ်။
၂၀၂၃ ခုနှစ်မှာ Google ရဲ့ AI lab က ဖန်တီးထားတဲ့ SynthID ဟာ ဒစ်ဂျစ်တယ်ရေစာထုတ်လုပ်မှုအပြင် Google AI နဲ့ဖန်တီးထားတဲ့ ဓာတ်ပုံတွေကို စမ်းသပ်ထုတ်ဖော်မှုတွေပြုလုပ်ပေးတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ (Archived link)
"Chrome ဒါမှမဟုတ် အခြားရှာဖွေရေး အင်ဂျင်တစ်ခုခုမှာပါရှိတဲ့ 'About this image' ဆိုတဲ့ စာတန်းကို နှိပ်ရာကနေ ဓာတ်ပုံတစ်ခုလုံးဖြစ်ဖြစ် ဓာတ်ပုံရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ဖြစ် Google ရဲ့ AI ဆော့ဖ်ဝဲလ်နဲ့ ဖန်တီးထားတာကို အသုံးပြုသူတွေက စစ်ဆေးနိုင်ပါတယ်"ဆိုပြီး ဝဘ်ဆိုဒ်မှာရေးသားထားပါတယ်။ (Archived link)

အမေရိကန်ပြည်ထောင်စု၊ Buffalo တက္ကသိုလ်၊ Media Forensics Lab ရဲ့ ဒါရိုက်တာဖြစ်သူ Siwei Lyu ကလည်း ဒီဓာတ်ပုံဟာ AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ရုပ်ပုံသဲလွန်စတွေတွေ့ရတယ်လို့ AFP ကိုပြောပါတယ်။ (Archived link)
"ကျွန်တော်တို့ရဲ့ AI ဖန်တီးမှုတွေကိုစမ်းသပ်ဖော်ထုတ်ပေးတဲ့ ဆော့ဖ်ဝဲလ်အရ ဒီဓာတ်ပုံဟာ AI နည်းပညာနဲ့ဖန်တီးထားကြောင်း တွေ့ရပါတယ်" လို့ ဖေဖော်ဝါရီလ ၂၈ ရက်မှာ AFP ကို အီးမေးလ်ကတစ်ဆင့် ပြောပါတယ်။
"ထင်သာမြင်သာတဲ့ လက္ခဏာတစ်ခုက ဓာတ်ပုံထဲကအိမ်တွေရဲ့ အမြင့်နဲ့ အဲဒီအိမ်တွေရဲ့ အရိပ်ကျမှုအချိုးအစားပဲဖြစ်ပါတယ်။ အရွယ်အစားတူတဲ့ အိမ်နှစ်လုံး (အနီရောင်မျဥ်း) ကို နှိုင်းယှဥ်ကြည့်ရင် အဲဒီအိမ်တွေရဲ့ အရိပ်ကျမှု (အစိမ်းရောင်မျဥ်း) ဟာ မတူညီပဲ ကွဲပြားနေတာ တွေ့ရပါတယ်။"

AFP မော်ကွန်းတိုက်မှာ တွေ့ရတဲ့ ဒီရွာလေးရဲ့ ၂၀၂၃ ခုနှစ်ကဓာတ်ပုံမှာ ရွာလမ်းမဟာ ဓာတ်ပုံတုထဲကလို ဖြောင့်တန်းမနေပဲ အိမ်တွေကြားကွေ့ကောက်စွာတည်ရှိနေတာကိုတွေ့ရပါတယ်။
Suloszowa ရဲ့ မြို့သူကြီးဖြစ်သူ Stanislaw Gorajczyk က ဒီဓာတ်ပုံဟာ "အဖြစ်မှန်နဲ့ လုံးဝကွာခြားနေတယ်" လို့ ပိုလန်ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ TVP3 Krakow ကို ပြောခဲ့ပါတယ်။ (Archived link)
"ဒီလိုမျိုးဓာတ်ပုံတွေဖန်တီးလို့ရတာသိရလို့ အံ့သြမိပါတယ်။ ဒါဟာ လူသိထင်ရှားဖြစ်စေတဲ့အရာဖြစ်ပေမယ့် ကောင်းမွန်တဲ့ လူသိထင်ရှားမှုတော့မဟုတ်ဘူးလို့ မြင်ပါတယ်။ ကျွန်တော်တို့ရွာကို ကိုယ်တိုင်လာသူတွေအနေနဲ့ ဒီဓာတ်ပုံဟာ အပြင်ကနဲ့မတူတာကို တွေ့ရမှာပါ။"
AI နည်းပညာနဲ့ဖန်တီးထားတဲ့ ရုပ်ပုံ၊ ဗီဒီယိုတွေကို ဘယ်လိုစစ်ဆေးရှာဖွေနိုင်သလဲဆိုတာ AFP က ဒီလင့်ခ်မှာ ရှင်းလင်းထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်