မော်ရိုကိုမှာ ငလျင်လှုပ်တဲ့အကြောင်းကို တခြားနိုင်ငံတွေမှာလှုပ်ခတ်ခဲ့တဲ့ ငလျင်ဓာတ်ပုံဟောင်းတွေနဲ့ မှားယွင်းယှဉ်တွဲဖော်ပြ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 18 စက်တင်ဘာ 2023 အချိန် 12h11
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • AFP ထိုင်း
Facebook ပေါ်မှာ အကြိမ်ရေ ရာနဲ့ချီ ပြန်လည်မျှဝေနေတဲ့ပို့စ်တွေပါ ဓာတ်ပုံတွေဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့တဲ့ မော်ရိုကိုငလျင်နဲ့ သက်ဆိုင်မှုမရှိဘဲ တူရကီနဲ့ ဂျပန်မှာ ငလျင်လှုပ်တုန်းက ရိုက်ကူးထားတဲ့ဓာတ်ပုံတွေ ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ ပို့စ်တစ်ခုကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ မျှဝေထားပြီး ပြန်လည် မျှဝေတဲ့အကြိမ်ရေ ၅၀၀ ကျော် ရှိခဲ့ပါတယ်။

ပို့စ်ပစာသားတချို့က အခုလိုဖြစ်ပါတယ်။ "မနေ့က လှုပ်တဲ့
မော်ရိုကို ငလျှင်ကြီး ကတော့
တရက်တည်းနဲ့ လူနှစ်ထောင်ကျော်သေသွားပြီတဲ့
အပျက်အစီးတွေကြားထဲမှာ
အများကြီး ကျန်နိုင်သေးတာမို့
ဒီထက်ပိုများလာဖို့များတယ်။" (မူရင်းအတိုင်း)

ဒီပို့စ်မှာ အဆောက်အအုံတွေ ပျက်စီးနေပုံကို ဝေဟင်ကရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ ကမ်းခြေမှာ လာပြီးသောင်တင်နေတဲ့ သင်္ဘောပျက်ပုံတွေအပြင် အိမ်အပြင်ဘက်မှာ အိပ်စက်နေကြသူတွေရဲ့ ဓာတ်ပုံတွေလည်း ပါဝင်တာ ဖြစ်ပါတယ်။

Image
Screenshot taken on September 13, 2023 of the misleading post

စက်တင်ဘာလ ၈ ရက်က မော်ရိုကိုနိုင်ငံ၊ Marrakesh မြို့ရဲ့ တောင်ပိုင်း ကမ္ဘာလှည့်ခရီးသွားလာရောက်လည်ပတ်မှုများတဲ့နေရာအနီးမှာ မော်ရိုကိုရဲ့ အပြင်းထန်ဆုံး ၆.၈ မဂ္ဂနီကျုရှိတဲ့ ငလျင်ကြီးတစ်ခု လှုပ်လို့ လူ ၃,၀၀၀ နီးပါးသေဆုံးပြီး လူ ၅,၆၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီလိုငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အခုလိုနားလည်မှုလွဲစေတဲ့ပို့စ်တွေ ပျံ့နှံ့လာတာလည်းဖြစ်ပါတယ်။

မော်ရိုကိုရဲ အတ္တလတ်စ်တောင်ဒေသမှာရှိတဲ့ ကျေးရွာအများအပြား ငလျင်ကြောင့် ရွာလုံးကျွတ် ပျက်စီးခဲ့တာကြောင့် အိမ်ခြေမဲ့သွားတဲ့လူတွေလည်း အများအပြားရှိနေပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။

အလားတူ နားလည်မှုလွဲစေတဲ့ပို့စ်တွေကို တူညီတဲ့ပုံတွေနဲ့အတူ မြန်မာဘာသာစကားနဲ့ Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေအပြင် ထိုင်းဘာသာစကားနဲ့ Facebook ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံလေးပုံအနက် နှစ်ပုံက မော်ရိုကို ငလျင်လှုပ်ခတ်မှုနဲ့ သက်ဆိုင်ပေမဲ့ ကျန်တဲ့နှစ်ပုံကတော့ သက်ဆိုင်မှုမရှိတဲ့ ဓာတ်ပုံဟောင်းတွေ ဖြစ်ပါတယ်။

သက်ဆိုင်မှုမရှိတဲ့ ဓာတ်ပုံဟောင်းတွေ

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ နားလည်မှုလွဲစေတဲ့ပို့စ်တွေမှာ ပထမဓာတ်ပုံကို AP သတင်းဌာနရဲ့ဝဘ်ဆိုဒ် ဒီလင့်ခ်မှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်က တင်ထားတာ တွေ့ရပါတယ် (archived link)

ဓာတ်ပုံရဲ ခေါင်းစဉ်ကို "တူရကီဆီးရီးယားငလျင်" လို့ ပေးထားပြီး ဓာတ်ပုံကို သတင်းစာဆရာ Ahmet Akpolat က ရိုက်ကူးတယ်လို့ ဖော်ပြထားပါတယ်။

ပုံအညွှန်းွှန်းစာက အခုလိုဖြစ်ပါတယ်။ "၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့က တူရကီနိုင်ငံတောင်ပိုင်း Kahramanmaras တွင် အပျက်အစီးများကို ဝေဟင်က ရိုက်ကူးထားသည့်ဓာတ်ပုံ"

ဖေဖော်ဝါရီ ၆ ရက်က တူရကီနဲ့ ဆီးရီးယားမှာ ပြင်းအား ၇.၈ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်ပြီးတဲ့နောက် လူပေါင်း ၅၀,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်က ဓာတ်ပုံ ကို အလျားလိုက် ဘယ်ညာပြောင်းထားတဲ့ပုံ (ဘယ်) နဲ့ AP ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်က ဓာတ်ပုံ ကို အလျားလိုက် ဘယ်ညာပြောင်းထားတဲ့ပုံ (ဘယ်) နဲ့ AP ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

ပျက်စီးနေတဲ့သင်္ဘော်္ဘောတွေပါဝင်တဲ့ ဒုတိယဓာတ်ပုံကိုလည်း AP မှာပဲ တင်ထားတာ တွေ့ရပါတယ်။

ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံကို AP သတင်းဌာနရဲ့ ဝဘ်ဆိုဒ်မှာ ၂၀၁၁ ခုနှစ်၊ မတ်လ ၁၂ ရက်က တင်ထားတာ တွေ့ရပါတယ်။ အင်အားပြင်း ငလျင်နဲ့ ဆူနာမီကြောင့် ဂျပန်ရဲ့ အရှေ့မြောက်ပိုင်းကမ်းရိုးတန်းဒေသတခွင်တပြင် အကြီးအကျယ် ပျက်စီးခဲ့ပြီး ဖူကူရှီးမား-ဒိုင်အိချိနူကလီးယားဓာတ်အားပေးစက်ရုံ အရည်ပျော်ကျမှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီလိုဖြစ်ပေါ်ပြီး နောက်ရက်မှာ ဒီပုံကို AP ရဲ့ ဝဘ်ဆိုဒ်မှာတင်ထားတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံအညွှန်းစာသားက အခုလိုဖြစ်ပါတယ်။ “၂၀၁၁ ခုနှစ်၊ မတ်လ ၁၂ ရက်၊ သောကြာနေ့က ဂျပန်နိုင်ငံ၏ စံချိန်တင် အကြီးဆုံး ငလျင်ကြီး အရှေ့ဘက်ကမ်းရိုးတန်းတွင် လှုပ်ခတ်ပြီးနောက် ဆူနာမီဖြစ်ပေါ်ခဲ့ပြီး Miyagi စီရင်စု၊ Kesennuma မြို့ရှိ ဆိပ်ကမ်းတစ်ခုအနီးတွင် စနေနေ့ မနက်က သင်္ဘောများ လာရောက်သောင်တင်နေသည်ကို တွေ့ရစဉ်”

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ AP ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ AP ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

မော်ရိုကိုငလျင်ဓာတ်ပုံများ

နားလည်မှုလွဲစေတဲ့ပို့စ်တွေမှာပါဝင်တဲ့ ကျန်ဓာတ်ပုံနှစ်ပုံကတော့ မော်ရိုကိုမှာ ငလျင်လှုပ်ခတ်ပြီးနောက် ရိုက်ကူးထားတဲ့ ပုံရိပ်တွေဖြစ်ပါတယ်။

အဆောက်အအုံတစ်ခုရဲ့အပြင်ဘက်က ကုတင်တွေပေါ် အိပ်နေကြတဲ့လူတွေရဲ့ပုံဟာ သတင်းအစီရင်ခံများစွာမှာ ပျံ့နှံ့လျက်ရှိပြီး ဥပမာအားဖြင့် အာရပ်သတင်းဌာနတစ်ခုဖြစ်တဲ့ 7eNews မှာ စက်တင်ဘာ ၉ ရက်က တင်ထားတာ တွေ့ရပါတယ် (archived link)။

လက်ဘနွန်မီဒီယာတစ်ခုဖြစ်တဲ့ Bint Jbeil Newsကလည်း အဲဒီဓာတ်ပုံကို ၎င်းတို့ရဲ့ Instagram page မှာ တင်ထားပါတယ် (archived link)။ ဒီဓာတ်ပုံဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး ငလျင်နောက်ဆက်တွဲ ငလျင်ငယ်တွေ ထပ်လှုပ်မှာကို စိုးရိမ်တဲ့အတွက် Marrakesh မှာရှိတဲ့ ဆေးရုံတစ်ရုံက လူတွေကို ပြောင်းရွှေ့ပေးထားတာဖြစ်တယ်လို့ ပုံအညွှန်းစာမှာ ဖော်ပြထားပါတယ်။

အောက်မှာ Bint Jbeil News သတင်းဌာနက တင်ထားတဲ့ဓာတ်ပုံရဲ့ screenshot ဖြစ်ပါတယ်။

Image
Bint Jbeil News သတင်းဌာနက တင်ထားတဲ့ဓာတ်ပုံရဲ့ screenshot

နောက်ဆုံးဓာတ်ပုံကတော့ AFP မှာ စက်တင်ဘာ ၉ ရက်က တင်ထားတာဖြစ်ပြီး AFP ရဲ့ မှတ်တမ်းဝဘ်ဆိုဒ် ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

ငလျင်လှုပ်ခတ်ပြီးတဲ့နောက် Marrakesh က ရင်ပြင်တစ်ခုမှာ လာရောက်ခိုလှုံနေတဲ့ ဒေသခံတွေဆိုပြီး ပုံအညွှန်းစာမှာ ဖော်ပြထားပါတယ်။

Image
ငလျင်လှုပ်ခတ်ပြီးတဲ့နောက် Marrakesh က ရင်ပြင်တစ်ခုမှာ လာရောက်ခိုလှုံနေတဲ့ ဒေသခံတွေ ( AFP / Fadel SENNA)

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်