အရေးပေါ်မြွေကိုက်ခံရတဲ့လူနာတွေကို အာတာလွတ်ဥနဲ့ ကုသဖို့ လုံလောက်တဲ့ သုတေသနအထောက်အထားမရှိ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 22 စက်တင်ဘာ 2023 အချိန် 07h58
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
အာတာလွတ်ဥက မြွေကိုက် (ပိုးထိ) ခံရတဲ့ အရေးပေါ်လူနာတွေကို ကုသနိုင်တယ်လို့ဆိုတဲ့ ပြောဆိုမှုတွေကို Facebook မှာ အကြိမ်ရေများစွာ ပြန်လည်မျှဝေနေကြပါတယ်။ အာတာလွတ်ဥဟာ နာကျင်မှုနဲ့ရောင်ရမ်းမှုကို လျော့ကျကောင်း လျော့ကျစေနိုင်ပေမယ့် မြွေဆိပ်ကို ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိသေးကြောင်းနဲ့ သုတေသနလုပ်ဖို့ လိုအပ်နေသေးကြောင်း ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေ ပြောပါတယ်။ အဲဒါအပြင် မြွေကိုက်ခံရတဲ့အခါမှာ အမြန်ဆုံး သင့်လျော်တဲ့မြွေဆိပ်ဖြေဆေးထိုးတာဟာ အထိရောက်ဆုံးနည်းလမ်းဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က အကြံပြုထားပါတယ်။

ဒီဘလော့ဂ်ပို့စ်ကို မြန်မာ Facebook သုံးစွဲသူတွေကြားမှာ ပြန်လည်မျှဝေနေကြပြီး ဥပမာအားဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၃ ရက်က တင်ထားတဲ့ ဒီ Facebook ပို့စ်ကို ကြည့်နိုင်ပါတယ်။

နားလည်မှုလွဲစေတဲ့ ဘလော့ဂ်ပို့စ်ကို Facebook မှာ ပြန်လည်မျှဝေထားတဲ့စာသားတွေက အခုလိုဖြစ်ပါတယ်။ “ရုတ်တရက် အရေးပေါ် မြွေကိုက်(ပိုးထိ)လို့ စိုးရိမ်စရာ ဂရုစိုက်စရာ မလိုတော့ပါ” (မူရင်းအတိုင်း)

ဘလော့ဂ်မှာ ရေးသားထားတဲ့ စာသားအချို့က အခုလိုဖြစ်ပါတယ်။

“တစ်နေ့ခရီးသွားရင်း ရွာတစ်ရွာအရောက် အိမ်တစ်အိမ်မှာ လူတွေအုပ်အုပ်ကျွက်ကျွက်ဝိုင်းအုံနေတာတွေ့လို့ ဘာဖြစ်တာလဲမေးတော့ ပိုးထိလို့ မျောနေပီ လို့ပြန်ဖြေကြတယ် … ဆေးဆရာလဲ ကျနော်တစ်ချက်ကြည့်ပါရစေလို့ ခွင့်တောင်းပြီး သူမှာပါလာတဲ့ နားကြပ်နဲ့စမ်းသပ်ကြည့်တယ် ...နလုံးခုန်သေးတယ် … ဒါကြောင့် လူနာရှင်ကို ကျနော်ကုကြည့်ပါရစေ ...လူနာအတွက်တော့ သိပ်အခြေအနေမကောင်းတော့ဘူး ပြောတော့ လူနာရှင်တွေက ဒီတိုင်းထားတာထက် ကုကြည့်တာကကောင်းတယ်ဆိုပြီး ကုသခွင့်ပေးတယ် … ဒါနဲ့ သူလဲ ဒီမှာအာတာလွတ်ဥ ရနိုင်မလား မရရင် အာတာလွတ် အမြစ်ခေါင်းရမလား ခူးယူလာပေးပါလို့တောင်းတော့ အာတလွတ်ဥ ရလာတယ် လူနာက မေ့နေပြီဆိုတော့ ငြုတ်စုံမှာ ထည့်ထောင်းပြီး နှာခေါင်းကနေ ပိုက်နဲ့ အစာအိမ်ရောက်အောင် အာတာ လွတ်ဥ ထောင်းထားတဲ့အရည်ကို ထည့်ပေးလိုက်တာ ၁၅ မိနစ်လောက်မှာ လူနာ သတိရလာတယ် … နောက် နာရီဝက် မိနှစ် ၃၀ လောက်ကြတော့ ထထိုင်တော့တာပဲ … လူနာနဲ့လူနာရှင်တွေဟာ အရမ်းကျေးဇူးတင်ကြတယ် … ဒါဟာ လက်တွေ့ထိရောက်တဲ့ မွေကိုက်(ပိုးထိ)လူနာတွေ ရဲ့ ကိုယ့်တွေဖြစ်စဉ်တွေပါပဲ” (မူရင်းအတိုင်း)

Image
နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ကို ၂၀၂၃၊ စက်တင်ဘာ ၂၀ က ရယူထားတဲ့ screenshot

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အဆိပ်ရှိမြွေ အကိုက်ခံရမှုနှုန်း မြင့်မားတဲ့နိုင်ငံတွေထဲမှာ ပါဝင်ပြီး တစ်နှစ်ကို မြွေကိုက်ခံရသူ ၁၅,၀၀၀ အထက်ရှိတယ်လို့ US’s national library of medicine ရဲ့ စစ်တမ်းအရ သိရပါတယ် (Archived link)။

အဲဒီအထဲမှာမှ သေဆုံးသူဟာ ၁,၀၀၀ ကျော်ရှိတယ်လို့ WHO ရဲသီးခြားစစ်တမ်းတစ်ခုအရ သိရပါတယ် (Archived link)။

မြန်မာနိုင်ငံမှာ မြွေကိုက်ခံရတဲ့ဖြစ်စဉ် အများစုဟာ အဆိပ်ပြင်းမြွေပွေး (Russell’s viper) ကြောင့်ဖြစ်ပြီး တခြားအဆိပ်ပြင်းြွေကိုက်ခံရတဲ့ဖြစ်စဉ်တွေကတော့ တောကြီးမြွေဟောက်၊ မြွေဟောက်၊ ငန်းမြွေနဲ့ ပင်လယ်မြွေခေါ် ဂျပ်မြွေတို့ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်

အလားတူပြောဆိုမှုတွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်အပြင် ဘလော့ဂ်တွေရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည် မျှဝေထားပါသေးတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားပါတယ်။

သင့်လျော်တဲ့ မြွေဆိပ်ဖြေဆေး ထိုးခြင်းကသာ အထိရောက်ဆုံး ကုသမှုဖြစ်တယ်လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ ဒေသန္တရဆေးနည်းတိုတွေဟာ မထိရောက်တာမျိုး ရှိနိုင်ပြီး ဆေးဝါးကုသမှုကို နှောင့်နှေးစေနိုင်တယ်လို့ ဆိုပါတယ်။

ကုသနိုင်တဲ့ အထောက်အထားမရှိ

မြွေကိုက်မှုတွေကို ကုသရာမှာ အာတာလွတ်ရဲ့ အကျိုးသက်ရောက်မှုနဲ့ပတ်သက်လို့ သုတေသနလုပ်ထားတာ မရှိသေးဘူးလို့ မဟီဒေါတက္ကသိုလ်၊ သိပ္ပံဆရာအသင်း၊ ဇီ၀ဗေဒဌာနက Vertebrate Zoology and Herpetology အထူးပြု ဒေါက်တာ Napat Ratnarathornက AFP ကို စက်တင်ဘာ ၅ ရက်မှာ ပြန်လည်ဖြေကြားပါတယ်။

အာတာလွတ်ဥနဲ့အပင်ကို အာရှနိုင်ငံများစွာမှာ မြွေကိုက်ခံရတဲ့အခါ ကုသဖို့အတွက်သုံးနေကြတာမျိုးရှိတယ်ဆိုပေမယ့် “မြွေဆိပ်ကြောင့် ဖြစ်လာတဲ့ ရောဂါလက္ခဏာတွေကို ကုသရာမှာ ထိရောက်မှုရှိ၊ မရှိဆိုတာနဲ့ပတ်သက်လို့ အတည်ပြုနိုင်တဲ့ သုတေသနမရှိသေးဘူး” လို့ ဒေါက်တာ Napat က ဆိုပါတယ်။

ဒီအပင်ရဲ့ အာနိသင်ဟာ မြွေကိုက်တဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာတွေကို လျော့ပါးသက်သာစေတဲ့အတွက် ဒီအပင်က မြွေဆိပ်ကို ကုသနိုင်တယ်လို့ နားလည်မှုလွဲသွားကြတာဖြစ်ပြီး ဒါဟာ အန္တရာယ်ကြီးတယ်လို့ ဒေါက်တာ Napat က ဆိုပါတယ်။

“ဥပမာပြောရရင် မြွေပွေးအကိုက်ခံရတယ်ဆိုပါတော့။ ဒီအပင်က နာကျင်ရောင်ရမ်းမှုကို သက်သာစေပါတယ်။ ဒါပေမဲ့ ဒါဟာ မြွေဆိပ်နဲ့က သပ်သပ်စီပါ။ မြွေကြောင့်မှမဟုတ်ဘူး ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် ဒီအပင်ရဲ့အာနိသင်က ရောင်ရမ်းနာကျင်မှုတွေကို လျော့ပါးစေတာပါ။ ဒါပေမဲ့ မြွေဆိပ်ကြောင့်ဖြစ်ပေါ်လာတဲ့ အဆိပ်တက်မှုကို မသက်သာစေပါဘူး”

မြွေကိုက်ခံရမှုအတွက် WHO ရဲ့ အကြံပြုချက်

မြွေဆိပ်ဖြေဆေးထိုးပေးတာဟာ မြွေကိုက်ခံရခြင်းအတွက် အကောင်းဆုံးဆောင်ရွက်မှုဖြစ်ပါတယ်လို့ WHO ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ မာဂရက်ဟာရစ်က ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၁ မှာ AFP ကို ပြောပါတယ် (archived link)

“မြွေဆိပ်ကြောင့် နောက်ဆက်တွဲဖြစ်လာမယ့် အာရုံကြောပျက်စီးခြင်း၊ ဆဲလ်တွေပျက်စီးခြင်း၊ သွေးထွက်လွန်ခြင်းနဲ့ သွေးဆိပ်သင့်ခြင်း စတာတွေဟာ ရှောင်လွှဲလို့မရတာကြောင့် မြွေကိုက်ခံရတာနဲ့ အမြန်ဆုံး မြွေဆိပ်ဖြေဆေးထိုးတာဟာ အထိရောက်ဆုံးပါပဲ”

လစ်ဗာပူးလ်အပူပိုင်းဆေးဝါးတက္ကသိုလ်၊ မြွေကိုက်ခံရမှုသုတေသနဲကြိုတင်ကာကွယ်ရေးစင်တာက ဒါရိုက်တာဖြစ်သူ ပါမောက္ခ Nicholas Casewell ကလည်း WHO ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဖို့ အကြံပြုပါတယ် (archived link)

တကယ်လို့ ဒေသန္တရဆေးနည်းတိုတွေနဲ့ မထိရောက်ခဲ့ဘူးဆိုရင် ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်လို့ Casewell က သတိပေးပြောဆိုထားပါတယ်။

“WHO က ထုတ်ပြန်ညွှန်ကြားထားတဲ့အတိုင်း တရားဝင်အသိအမှတ်ပြုထားတဲ့ ကုသနည်းကတော့ မြွေဆိပ်ဖြေဆေးထိုးတာပါပဲ” လို့ Casewell က စက်တင်ဘာ ၁ ရက်နေ့မှာ AFP ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

“သုတေသနမလုပ်ရသေးတဲ့အပြင် ထိရောက်မှုလည်း ရှိချင်မှရှိနိုင်မယ့် ဒေသန္တရဆေးနည်းတိုတွေကို သုံးတာဟာ အန္တရာယ်များပါတယ်။ ဒီလိုလုပ်တာဟာ မြွေကိုက်ခံရတဲ့လူနာတွေအတွက် မြွေဆိပ်ဖြေဆေးထိုးပေးတဲ့နေရာမှာ ကြန့်ကြာမှုတွေဖြစ်လာနိုင်ပြီး ပိုဆိုးတဲ့ရလဒ်တွေ ဖြစ်လာနိုင်ပါတယ်”

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်