ရေနွေးက ရောဂါအများအပြားကိုကုသနိုင်တယ်ဆိုတဲ့ ပို့စ်တွေကို ကျွမ်းကျင်သူတွေ ငြင်းဆို

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 28 စက်တင်ဘာ 2023 အချိန် 10h46
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • Panisa AEMOCHA, AFP ထိုင်း
နံနက်ပိုင်း ဗိုက်ထဲအစာမရှိချိန် ရေနွေးသောက်သုံးခြင်းအားဖြင့် နှလုံးရောဂါနဲ့ ဝက်ရူးပြန်ရောဂါတွေအပါအဝင် ရောဂါတော်တော်များများကို ကုသနိုင်တယ်လို့ပြောဆိုထားတဲ့ ပို့စ်အမှားတွေကို Facebook ပေါ်မှာ အကြိမ်ရေထောင်ချီမျှဝေနေကြပါတယ်။ ဒါ့အပြင် ရေခဲရေသောက်တာဟာ ‘ကျန်းမာရေးကို ထိခိုက်စေတယ်’လို့ အဲဒီပို့စ်မှာ ရေးထားပါတယ်။ ရေသောက်ခြင်းကြောင့် ကျန်းမာရေးအကျိုးရလဒ်ကောင်းတွေ ရနိုင်ပေမယ့် ပို့စ်မှာပါဝင်တဲ့ရောဂါတွေကို ရေသောက်ပြီး ကုသဖို့တော့ မဖြစ်နိုင်ဘူးလို့ ကျွမ်းကျင်သူတွေက AFP ကို ပြောပါတယ်။ ဒါ့အပြင် ရေခဲရေကလည်း ကျန်းမာရေးကို မထိခိုက်စေနိုင်ဘူးလို့ ပညာရှင်တွေက ပြောပါတယ်။

ရေခဲရေ များများသောက် မြန်မြန်သေ” ဆိုပြီး ခေါင်းစီးပေးထားတဲ့ပို့စ်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်က Facebook ဒီလင့်ခ်မှာ တင်ခဲ့ပြီး အကြိမ်ရေ ၁၁၀ ကျော် ပြန်လည်မျှဝေထားကြပါတယ်။ ပို့စ်မှာ အခုလို ဆက်ရေးထားပါတယ်။

“ရေဖြူကိုကြိုချက် အအေးခံပြီး ရေ
အဖြင့်ပြန်သောက် တခါသောက်ရင်
ငါးကြင်းဖန်အလတ်စား ၅ခွက်ဝင်
အောင်သောက် သင်တို့ခန္ဓာကိုယ်က
ရောဂါအားလုံးနီးနီးနိုင် သွေးတိုး ဆီးချို
ရင်တုန် အမောလွယ် အမြင်မှုန် ရက်ပိုင်း
လပိုင်းအတွင်းကို ပျောက်တယ် နောက်ဆုံး
ကင်ဆာ ရောဂါပါပျောက်တယ် အစွဲတော့
သောက်ရပါ့မည်။” (မူရင်းအတိုင်း)

ရေနွေးသောက်ခြင်းအားဖြင့် သွေးတိုးရောဂါ၊ သွေးအားနည်းရောဂါ၊ သားအိမ်ရောဂါ၊ ဝက်ရူးပြန်ရောဂါစတဲ့ ဒါဇင်နဲ့ချီတဲ့ရောဂါတွေကိုလည်း ပျောက်ကင်းနိုင်တယ်လို့လည်း ပို့စ်မှာ ဆိုထားပါတယ်။

Image
မှားယွင်းတဲ့ပို့စ်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်က ရယူထားတဲ့ screenshot

အဲဒီပို့စ်မှာ နံနက် အိပ်ရာကထတိုင်း အစာမစားခင် ရေနွေးလေးခွက်သောက်ရတဲ့ “ဂျပန်ရေကုထုံး” အကြောင်းကိုလည်း ရေးသားထားပါတယ်။ အဲဒီလိုသောက်ခြင်းအားဖြင့် နှလုံးရောဂါ၊ သွေးတိုးနဲ့ ဆီးချိုရောဂါတွေကို ရက် ၃၀ အတွင်း ပျောက်ကင်းနိုင်တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး ရေအေးဟာ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်နိုင်တယ်လို့ ပို့စ်မှာ အခုလို ရေးထားပါတယ်။

“ရေအေးသည် နုငယ်ရွယ်စဉ်မှာ သင့်ကိုမထိခိုက်စေပေမယ့် အသက်ကြီးလာတဲ့အခါ သင့်ကိုဘေးဒုက္ခကောင်းကောင်းပေးပါလိမ့်မည်။ ရေအေးသည် နှလုံးသွေးပြန်ကြော (၄)ခုကို ပိတ်စေပြီး နှလုံးအမောဖောက်ခြင်းကို ဖြစ်စေသည်။ ရေအေးသောက်ခြင်း နှလုံးရောဂါဖြစ်စေသော အဓိကအကြောင်းရင်းဖြစ်သည်” (မူရင်းအတိုင်း)

ပို့စ်နဲ့အတူ ‘ရေနွေး’ နဲ့ ‘ရေအေး’ ဆိုပြီး ယှဉ်ပြထားတဲ့ ရေနှစ်ခွက်ရဲ့ပုံကိုလည်း တွဲဖက်တင်ထားတာ တွေ့ရပါတယ်။

အလားတူပို့စ်တွေကို ၂၀၂၂ ခုနှစ်ကလည်း Facebook ဒီလင့်ခ်ဒီလင့်ခ်တွေမှာ တင်ခဲ့ကြပြီး အကြိမ်ရေ သောင်းချီ ပြန်လည်မျှဝေခဲ့ကြပါတယ်။ ၂၀၂၃ ခုနှစ်မှာ အဆိုပါပို့စ်တွေ ထပ်မံပျံ့နှံ့လာပြီး လတ်တလော ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်တွေမှာ တင်ထားတာ တွေ့ရပါတယ်။

ဒါပေမဲ့ ဒီပို့စ်ဟာ မှားယွင်းပါတယ်။

သိပ္ပံနည်းကျ အထောက်အထား မရှိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Phyathai Hospital က အထွေထွေဆေးဝါးကျွမ်းကျင်သူ Navaporn Napartivaumnuay က ရေနွေးသောက်ခြင်းက ရောဂါတွေကို ကုသနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျလေ့လာတွေ့ရှိချက် မရှိဘူးလို့ AFP ကို ပြောပါတယ်။

“ပို့စ်မှာပြောထားတဲ့ နှလုံးရောဂါ၊ အဆီဖုံးတဲ့ရောဂါ စတဲ့ ရောဂါတွေကို ရေနွေးသောက်ပြီး ကုသဖို့ မဖြစ်နိုင်ပါဘူး” လို့ သူက AFP ကို ဖုန်းကနေတဆင့် ပြောပါတယ်။

အပူချိန် ၅၀ ကနေ ၇၀ ဒီဂရီဆဲလ်စီးယပ်စ်ရှိတဲ့ ရေနွေးဟာ ရာသီဥတုအေးတဲ့အချိန်တွေနဲ့ လည်ချောင်းနာ ဝေဒနာတွေကို သက်သာစေနိုင်ပေမယ့် “ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကိုတော့ မဖယ်ရှားနိုင်ဘူး”လို့ Navaporn က ဆိုပါတယ်။

နောက်ပြီး ရေခဲရေသောက်တာဟာ အန္တရာယ် မရှိသလို၊ သွေးကြောပိတ်ပြီး နှလုံးဖောက်တာမျိုးလည်း မဖြစ်စေနိုင်ဘူးလို့ သူက ပြောပါတယ်။

“ဒီရောဂါက လူရဲ့သွေးကြောနံရံတွေမှာ ကယ်လစီယမ်အလွှာတွေ၊ အဆီတွေ လာစုတာကြောင့် ဖြစ်ရတာပါ” လို့ သူက ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုက အစားအသောက်ပညာရှင် SaVanna Shoemaker ကလည်း ဒီရေသောက်နည်းဟာ ရေဓာတ်ပြည့်ဝဖို့နဲ့ ကယ်လိုရီလျှော့ချဖို့ အထောက်အကူဖြစ်နိုင်ပေမယ့် ရေနွေးသောက်ပြီး ရောဂါတွေကို ကုသဖို့တော့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“ဒီဂျပန်ရေကုထုံးနဲ့ပတ်သက်ပြီး သုတေသနတွေ့ရှိချက်တွေ နည်းပါးတာတွေ့ရတဲ့အပြင် ပညာရှင်တွေပြန်လှန်စိစစ်အတည်ပြုထားတဲ့လေ့လာချက်တွေလည်း မတွေ့ရဘူး” လို့ သူက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ AFP ကို အီးမေးလ်ကတဆင့် ပြောပါတယ်။

ရေနွေးသောက်ခြင်းက ကင်ဆာကို ကုသနိုင်တယ်လို့ ပြောဆိုထားတဲ့ပို့စ်တွေ၊ နောက်ပြီး ရေခဲရေက အန္တရာယ်ဖြစ်စေတယ်ဆိုတဲ့ပို့စ်တွေကို AFP က အချက်အလက်စိစစ်ခဲ့ပြီး ဒီလင့်ခ်၊ ဒီလင့်ခ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်