ထိုင်းကျောင်းတွင်း ပစ်ခတ်မှုကျူးလွန်သူက မိခင်ဖြစ်သူထံ ပေးပို့ခဲ့သည့် စာအဖြစ် လွဲမှားစွာ ဖော်ပြထားသော စကရင်ရှော့အတု
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 13 ဇူလိုင် 2026 အချိန် 11h18
- ဖတ်ရန် ကြာချိန် 2 မိနစ်
- Nattakorn PLODDEE, AFP ထိုင်း
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပြင်တွင် ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၇ ရက် က ဖြစ်ပွားခဲ့သည့် လူသေဆုံးမှုရှိခဲ့သော ကျောင်းတွင်း ပစ်ခတ်မှုအပြီးတွင် သေနတ်သမားနှင့် မိခင်ဖြစ်သူတို့ လိုင်းအပလီကေးရှင်း မှတဆင့် အပြန်အလှန် စကားပြောဆိုမှုအဖြစ် ဖန်တီးထားသော စကရင်ရှော့တစ်ခုကို လူမှုကွန်ရက်အသုံးပြုသူများက မျှဝေခဲ့ကြပါသည်။ သို့သော် ပျံ့နှံ့နေသည့် ရုပ်ပုံကို စိစစ်ကြည့်ရာ ဖတ်ရှုရန် ခက်ခဲသော စာသားများနှင့် အဆိုပါ မက်ဆေ့ဂျ် ပလက်ဖောင်း၏ ပုံမှန်အသုံးပြုမှု စနစ်ပုံစံ (Interface elements) နှင့် ကိုက်ညီမှုမရှိသည့် အချက်များကို တွေ့ရှိရပါသည်။ ၎င်းပုံမှာ ဓာတ်ပုံ အစစ်အမှန် မဟုတ်ကြောင်းနှင့် တရားခံ၏ဖုန်းကို စုံစမ်းစစ်ဆေးသူများက သိမ်းဆည်းထားပြီးဖြစ်ကြောင်း ထိုင်းရဲချုပ်တစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။
"ဒီကလေးနဲ့ သူ့အမေ နောက်ဆုံးပြောထားတဲ့ Chat ကိုတွေ့တော့ စိတ်မကောင်းဖြစ်ရတယ်…"(မူရင်းအတိုင်း) ဆိုပြီး ၂၀၂၆ ခုနှစ်၊ သြဂုတ် ၈ ရက်ကမျှဝေထားသော Facebook ပိုစ့် တစ်ခုတွင် စာသားဖော်ပြထားပါသည်။
အဆိုပါ ဓာတ်ပုံသည် ဘန်ကောက်မြို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နွန်သဘူရီခရိုင်တွင် ဖြစ်ပွားခဲ့သော ထိတ်လန့်ဖွယ်ကျောင်းတွင်းပစ်ခတ်မှုအပြီး တစ်ရက်အကြာ၌ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်တွင် အသက် ၁၄ နှစ်အရွယ် တိုက်ခိုက်သူသည် ၎င်း၏နေအိမ်၌ အဘိုးနှင့်အဘွားတို့ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ကျောင်းတွင် အခြားလူ ၆ ဦးကို ဆက်လက် ပစ်ခတ်ခဲ့ပါသည်။ (Archived link)
အဆိုပါ ပို့စ်တွင် သားဖြစ်သူက အနိုင်ကျင့်ခံရမှုမှ ရှောင်ရှားနိုင်ရန် အခြားကျောင်းသို့ ပြောင်းရွှေ့ပေးဖို့ တောင်းဆိုထားသည့် မိခင်နှင့် သားအကြား ပြောဆိုမှုအဖြစ် လုပ်ကြံရေးသားထားသော စကရင်ရှော့တစ်ခု ပါဝင်ပါသည်။
မိခင်ထံမှဆူပူခံရသည့်နောက်တွင် သားဖြစ်သူက "မကူညီနိုင်ရင် ကျွန်တော်ကိုယ်တိုင် ဖြေရှင်းတော့မယ်။ ကျောင်းမှာလည်း ဒီလို၊ အိမ်မှာလည်း ဒီလိုပဲ။ နောက်မှဘယ်လိုဖြစ်လာမလဲ အဲဒီအချိန်မှ ကြည့်ကြတော့။"(မူရင်းအတိုင်း) ဆိုပြီး ပြောဆိုခဲ့ပါသည်။
ထို့နောက် မိခင်က " မင်းသတ္တိရှိရင်လုပ်လိုက်။မင်းအဖိုးမှာ ေ *သ* န**တ် ရှိတယ် ….တဲ့"(မူရင်းအတိုင်း) ဆိုပြီး တုံ့ပြန်ခဲ့ပါသည်။
ရုပ်ပုံပေါ်တွင်လည်း "ကျောင်းသားတွေကို မပစ်ခင် သူ့အမေနဲ့ Chat ထားတဲ့စာတွေက စိတ်မကောင်းလိုက်တာ"(မူရင်းအတိုင်း) ဆိုပြီး ထည့်သွင်းရေးသားထားပါသည်။
အလားတူသတင်းမှားများသည် တိုက်ခိုက်သူ၏ ပြစ်မှုကျူးလွန်ရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ခန့်မှန်းပြောဆိုမှုများနှင့်အတူ ထိုင်းနှင့် မြန်မာဘာသာစကားများဖြင့် Reddit၊ Instagram၊ YouTube ၊ Facebook နှင့် TikTok တို့တွင် ပျံ့နှံ့ခဲ့ပါသည်။
မြို့တော်ဝန်းကျင် ဒေသဆိုင်ရာ ဒုတိယ ရဲတပ်ဖွဲ့မှူး အတ်ထပုန်း အနုဆစ် (Atthapol Anusit) က "ပစ်ခတ်မှု ဖြစ်ပွားရသည့် အကြောင်းအရင်း အမှန်" ကို ဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးသူများသည် မျက်မြင်သက်သေ တစ်ဒါဇင်ကျော်ကို မေးမြန်းစစ်ဆေးခဲ့ပြီး ကျူးလွန်သူလူငယ်၏ ကွန်ပျူတာနှင့် ဖုန်းတို့ကိုလည်း စစ်ဆေးလျက်ရှိကြောင်း ဩဂုတ် ၉ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့ပါသည်။
"ကျွန်တော်တို့ သူ့ရဲ့ ကွန်ပျူတာကို စစ်ဆေးလိုက်တာ သူက လူမှုကွန်ရက်ကနေ အကြမ်းဖက်ဗီဒီယိုတွေ ကြည့်ရှုခဲ့တာကို တွေ့ရပါတယ်”ဟု အနုဆစ်ကပြောကြားခဲ့ပါသည်။
လူမှုကွန်ရက်အသုံးပြုသူအချို့က အဆိုပါ ရုပ်ပုံသည် သေနတ်သမားနှင့် မိခင်ဖြစ်သူတို့အကြား အမှန်တကယ် ပြောဆိုထားသည့် စကရင်ရှော့ဖြစ်သည်ဟု ယုံကြည်နေပုံရပါသည်။
"ကလေးက စိတ်ဒဏ်ရာအကြီးအကျယ်ရထားပုံပဲ စိတ်မကောင်းလိုက်တာ"(မူရင်းအတိုင်း) ဆိုပြီး လူမှုကွန်ရက်အသုံးပြုသူတစ်ယောက်က မှတ်ချက်ပြုခဲ့ပါသည်။
"အိမ်ကခလေးလည်းကျောင်းပြောင်းခိုင်းတာမတားရက်ဖူးသူ့မှာကသူများတွေလိုအမေမရှိတော့အားငယ်မှာဆိုးလို့သူစိတ်ချမ်းဖို့ပဲဦးစားပေးလိုက်တယ်သူ့မှာကျွန်တော်ပဲရှိတာလေ"(မူရင်းအတိုင်း) ဆိုပြီးလည်း အခြားတစ်ယောက်က ရေးသားခဲ့ပါသည်။
သို့သော် အဆိုပါ ရုပ်ပုံသည် သေနတ်သမား၏ ဖုန်းအတွင်းမှ ရိုက်ယူထားသည့် စကရင်ရှော့အစစ်အမှန် မဟုတ်ပေ။
ပျံ့နှံ့နေသည့် ပြောဆိုချက်များသည် မမှန်ကန်ကြောင်းနှင့် သေနတ်သမား၏ ဖုန်းကို အာဏာပိုင်များက သိမ်းဆည်းထားပြီးဖြစ်ကြောင်း အနုဆစ်က ဩဂုတ်လ ၁၀ ရက်တွင် AFP ကို တယ်လီဖုန်းမှတဆင့် အတည်ပြု ပြောကြားခဲ့ပါသည်။ (Archived link)
"ဒါဟာ စကရင်ရှော့ အစစ်မဟုတ်ပါဘူး။ ဖုန်းတွေရော သူ့ရဲ့ပစ္စည်းတွေကိုပါ မှုခင်းဆေးသိပ္ပံဌာနက လောလောဆယ်စစ်ဆေးနေပါတယ်"ဟုသူက ပြောကြားခဲ့ပါသည်။
Reverse image search ကိုအသုံးပြု၍ Google တွင် ရှာဖွေကြည့်ရာ အချိန်အမှတ်အသားများကွဲပြားနေသည့် အခြားဖန်တီးထားသောပုံစံတူ အပြန်အလှန် စကားပြောဆိုမှုများကို တွေ့ခဲ့ရပါသည်။
အဆိုပါ စာသားများကို သေချာစွာ စိစစ်ကြည့်ရှုရာတွင် စာလုံးပေါင်း အမှားများနှင့် ဖတ်ရှုရန် ခက်ခဲသော ထိုင်းစာသားများကို တွေ့ရှိခဲ့ရပါသည်။ အက္ခရာများနှင့် စကားလုံးများသည် အတူတူပင်ဖြစ်သော်လည်း မညီမညာနှင့် ပုံစံလွဲမှားနေကြပါသည်။ ၎င်းတို့သည် AI ဖြင့် ဖန်တီးပြုလုပ်ထားသော စာသားများ၏ ထူးခြားချက်တစ်ခုပင် ဖြစ်ပါသည်။
လိုင်း အပလီကေးရှင်း၏ အသုံးပြုမှု စနစ်ပုံစံ (User Interface) သည်လည်း လွဲမှားနေသည်ကို တွေ့ရှိရပါသည်။
ပျံ့နှံ့နေသည့် ရုပ်ပုံ၏ ဘယ်ဘက် အပေါ်ထောင့်တွင် "99+" ဟူသော ဂဏန်း ပေါ်နေပြီး ၎င်းမှာ အခြားသော ပြောဆိုမှုများမှ မဖတ်ရသေးသည့် စာများကို ဖော်ပြနေခြင်းဖြစ်သည်။
ထိုအရာဟာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၈ ရက်က မိတ်ဆက်ခဲ့သော အပလီကေးရှင်း၏ အကွက်ဒီဇိုင်း အသစ်ပြောင်းလဲမှု ကြေညာချက်ပါ နမူနာများတွင် မဖတ်ရသေးသည့် စာများကို အောက်ခြေ၌သာ ဖော်ပြလေ့ရှိသည့် လိုင်း အပလီကေးရှင်း၏ အမှန်တကယ် အသုံးပြုမှု စနစ်ပုံစံ (User interface) နှင့် ဆန့်ကျင်ကွဲလွဲလျက်ရှိပါသည်။ (Archived link)
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၆။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်