ဉာဏ်ရည်တုနည်းပညာနဲ့ဖန်တီးထားတဲ့ဓာတ်ပုံကို ‘ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မိန်းကလေးတစ်ဦးရဲ့ အစစ်အမှန်ဓာတ်ပုံ' အဖြစ် မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 06 ဇန်နဝါရီ 2025 အချိန် 07h55
- ဖတ်ရန် ကြာချိန် 3 မိနစ်
- Lucille SODIPE, AFP ဖိလစ်ပိုင်
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
ကိုယ်ဝန်ဆောင်မိန်းကလေးတစ်ဦးရဲ့ မတူညီတဲ့ကိုယ်ဟန်တွေနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံသုံးပုံကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်က ဒီ Facebook ပိုစ့်မှာမျှဝေထားပါတယ်။
"အသက် ၁၄ နှစ်တဲ့ လောကကြီးလဲဘာတွေ ဖြစ်ကုန်ပီလဲနော် မယုံနိုင်စရာပဲ" (မူရင်းအတိုင်း) ဆိုပြီး ခေါင်းစဉ်ရေးသားဖော်ပြထားပါတယ်။
ဒီမှားယွင်းပြောဆိုမှုဟာ အိမ်နီးချင်းဖိလစ်ပိုင်နိုင်ငံမှာလည်းပျံ့နှံ့ခဲ့ပြီး ရုပ်ပုံထဲကအမျိုးသမီးဟာ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ General Santos မြို့ကဆိုပြီး ပြောဆိုနေကြပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း General Santos မှာ အသက် ၁၀ နှစ်မှ ၁၄ နှစ်ကြား ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်အရေအတွက် မြင့်မားလာကြောင်း ဖိလစ်ပိုင်အခြေစိုက် သတင်းဌာနတွေက တင်ပြခဲ့တဲ့နောက် အဲဒီပုံတွေ ပျံ့နှံ့လာတာပဲ ဖြစ်ပါတယ်။ (Archived link here and here)
မြို့တော်လူဦးရေစီမံခန့်ခွဲမှုရုံး အကြီးအကဲ Judith Janiola က General Santos မှာ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်အရေအတွက်ဟာ Covid-19 ကန့်သတ်ချက်တွေကြောင့် သုံးနှစ်တာကျဆင်းခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်ကစပြီး "စိုးရိမ်စဖွယ် စာရင်းဇယားတွေ" ဟာ တစ်ကျော့ပြန် မြင့်တက်လာတယ်လို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်မှာ AFP ကိုပြောကြားခဲ့ပါတယ်။ (Archived link)
မှတ်တမ်းတွေအရ ၂၀၂၂ ခုနှစ်မှာ အသက် ၉ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိန်းကလေးတစ်ဦးရှိခဲ့ပေမယ့် အသက်မပြည့်သေးသူတစ်ဦးဖြစ်တဲ့အတွက် ကိုယ်ရေးအချက်အလက်တွေကို လျှို့ဝှက်ထားတယ်လို့ သူမကဆိုပါတယ်။
တူညီတဲ့ပြောဆိုမှုနဲ့ ပုံတွေကို Facebook နဲ့ YouTube တွေမှာ မြန်မာဘာသာအပြင်၊ ဖိလစ်ပိုင် နဲ့ အင်ဒိုနီးရှားဘာသာတွေနဲ့လည်း မျှဝေနေကြပါတယ်။
ဒါပေမဲ့ အဲဒီပုံတွေကို AI နည်းပညာနဲ့ ဖန်တီးထားတဲ့ လက္ခဏာတွေတွေ့ရတယ်ဆိုပြီး ကျွမ်းကျင်သူတွေက AFP ကိုပြောကြားခဲ့ပါတယ်။
ဓာတ်ပုံအစစ်မဟုတ်
Buffalo တက္ကသိုလ်ရဲ့ Media Forensics Lab ညွှန်ကြားရေးမှူး Siwei Lyu က ရုပ်ပုံတွေကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ချက်အရ မြင်သာတဲ့သဲလွန်စတွေအများကြီးရှိတာကြောင့် AI နည်းပညာကိုအသုံးပြုပြီး ဖန်တီးထားနိုင်ချေ "အလယ်အလတ်ကနေ အမြင့်ဆုံးအထိ" ရှိနိုင်တယ်ဆိုပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်မှာ AFP ကို ပြောကြားခဲ့ပါတယ်။ (Archived link)
"ပထမပုံနဲ့ တတိယပုံတွေမှာ ညာဘက်အပေါ်ထောင့်က နောက်ခံမြင်ကွင်းတွေက ထပ်တူညီသလောက်ရှိပေမယ့် အခြားအရာဝတ္ထုတွေဖြစ်တဲ့ အဝါရောင်သေတ္တာပုံးနဲ့ မျက်နှာကျက်တွေကတော့ ကိုက်ညီမှုမရှိပါဘူး" ဆိုပြီး ရှင်းပြခဲ့ပါတယ်။
California-Berkeley တက္ကသိုလ်က မှုခင်းမီဒီယာကျွမ်းကျင်ပညာရှင် Hany Farid က ဓာတ်ပုံတွေမှာ မိန်းကလေးရဲ့ အဝတ်အစား၊ ဖိနပ် နဲ့ နောက်ခံမြင်ကွင်းကအရာဝတ္ထုတွေအပါအဝင် ယုံကြည်နိုင်ဖွယ်ရာမရှိတဲ့ မျက်မြင်သဲလွန်စတွေအများကြီးရှိတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ (Archived link)
"ဒီပုံတွေက AI နဲ့ဖန်တီးထားတာဖြစ်တယ်လို့ ကျွန်တော်ယုံကြည်တယ်" ဆိုပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်က AFP ကိုပြောကြားခဲ့ပါတယ်။ ကိုက်ညီမှုမရှိတဲ့ ရုပ်ပုံသဲလွန်စတွေက AI ရဲ့ ထင်ရှားတဲ့ လက္ခဏာတွေဖြစ်တယ်ဆိုပြီးလည်း ဖြည့်စွက်ရှင်းပြခဲ့ပါတယ်။
အောက်မှာမြင်သာတဲ့ သဲလွန်စတွေကို AFP က အမှတ်အသားပြုလုပ်ထားတဲ့ screenshot ကိုတွေ့နိုင်ပါတယ်။
AFP အနေနဲ့ ယခင်ကလည်း အခြား AI နဲ့ ဖန်တီးထားတဲ့ သတင်းမှားတွေကို ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာအချက်အလက်စိစစ်ခဲ့ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်