သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အပေါက်တွေပါနေရင် မြွေကိုက်ရာဖြစ်နိုင်တယ်ဆိုတဲ့ သတိပေးချက်ကို ကျွမ်းကျင်သူတွေကပယ်ချ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 24 ဒီဇင်ဘာ 2024 အချိန် 06h41
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
  • ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း
လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ မြွေတွေကခရမ်းချဉ်သီးတွေကို တစ်ခါတစ်ရံကိုက်လေ့ရှိပြီး အဆိပ်တွေထိုးသွင်းခဲ့တာကြောင့် အပေါက်ငယ်တွေဖြစ်နိုင်တယ်ဆိုတဲ့  သတိပေးချက်တွေကို ထိုင်းနိုင်ငံကမြွေကျွမ်းကျင်ပညာရှင်တွေကပယ်ချလိုက်ပြီး သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေက တွားသွားသတ္တဝါတွေရဲ့ သဘာဝအစားအစာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ မြွေကျွမ်းကျင်ပညာရှင်တွေက ပိုစ့်တွေမှာပါတဲ့ ပုံတွေထဲက အပေါက်တွေက  မြွေစွယ်ရာမဖြစ်နိုင်ဘူးလို့ပြောပေမယ့် ရုက္ခဗေဒပညာရှင်တစ်ဦးကတော့ အပေါက်တွေပါတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို မစားတာအကောင်းဆုံးပါဆိုပြီး အကြံပြုခဲ့ပါတယ်။  

" ဒီလိုမျိုးအပေါက်ပါနေရင်သတိထားရမှာပေါ့။" (မူရင်းအတိုင်း) ဆိုပြီး၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့် ရဲ့ခေါင်းစဥ်မှာရေးသားထားပါတယ်။  

အဲဒီ ဖြတ်ညှပ်ထားတဲ့ပုံမှာ မြွေတစ်ကောင်က ခရမ်းချဉ်သီးကို ကိုက်နေတဲ့ပုံနဲ့ အပေါက်တွေပါတဲ့ ခရမ်းချဉ်သီးတွေရဲ့ပုံတွေပါဝင်ပါတယ်။  

"နိုင်ငံခြား gpတခုမှာ အဂ်လိပ်စာနဲ့ရေးတင်ထားတယ် ဒီပုံကိုဘဲယူပြီး သတိထားဖို့ယူတင်ပေးတာပါ။ ဒီလိုမျိုးပါနေရင် မစားတာတော့အကောင်းဆုံးပါ။" (မူရင်းအတိုင်း) ဆိုပြီး လည်းဆက်လက်ရေးသားထားပါတယ်။   

Image
နားလည်မှုလွဲစေတဲ့ Facebook ပိုစ့်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်က ရယူထားတဲ့ Screenshot

တူညီတဲ့ ပြောဆိုမှုတွေဟာ Facebookအပြင်  InstagramThreadTikTok နဲ့ X တို့မှာလည်းပျံ့နှံ့နေပြီး မြန်မာဘာသာနဲ့ အကြိမ်ရေပေါင်းများစွာမျှဝေနေကြပါတယ်။   

မှတ်ချက်ပေးသူအများစုက အဲဒီသတိပေးချက်ကို လက်မခံကြပေမယ့် လူမှုကွန်ရက်အသုံးပြုသူအနည်းငယ်က လွဲမှားစွာယုံကြည်နေကြပါတယ်။  

"ကျေးဇူးတင်လိုက်တာ တကယ့်ကို သသတိထားဘို့လိုပါတယ်။" (မူရင်းအတိုင်း) ဆိုပြီး Facebook အသုံးပြုသူတစ်ယောက်ကမှတ်ချက်ပြုထားပါတယ်။  

"Video တစ်ခုကြည့်ဖူးတယ် အမှန်ပါအဲ့လိုရှိဖူးတယ်" (မူရင်းအတိုင်း) ဆိုပြီးလည်း အခြားတစ်ယောက်ကရေးသားထားပါတယ်။  

ဒါပေမဲ့ "သဘာဝအားဖြင့် မြွေတွေက ဟင်းသီးဟင်းရွက် နဲ့  သစ်သီးဝလံတွေကို ကိုက်တာ ဒါမှမဟုတ် စားတာမျိုးမလုပ်ပါဘူး" ဆိုပြီး ဘန်ကောက်မြွေပြတိုက် Siam Serpentarium က အကြီးတန်းမန်နေဂျာ နဲ့ လုပ်ငန်းဆောင်ရွက်မှုအကြီးအကဲ Saranont Charoensuk က AFP ကိုပြောကြားခဲ့ပါတယ်။ (Archived link) 

"ပထမပုံထဲက မြွေက  နို့တိုက်သတ္တဝါငယ်တွေ၊ တွားသွားသတ္တဝါတွေ၊ ကုန်းနေရေနေသတ္တဝါတွေကို စားလေ့ရှိတဲ့ အဆိပ်ပြင်း မြွေပွေးပဲဖြစ်ပါတယ်။" ဆိုပြီး သူက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်မှာ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။   

ထိုင်းနိုင်ငံ အဆိပ်ရှိမြွေမွေးမြူရေးဌာနရဲ့ လုပ်ငန်းဆောင်ရွက်မှုအကြီးအကဲ Dr. Taksa Vasaruchapong က မြွေတွေဟာ အသားစားသတ္တဝါတွေဖြစ်ပြီး ဟင်းသီးဟင်းရွက် ဒါမှမဟုတ် သစ်သီးဝလံတွေကိုစားသုံးတာမျိုးမရှိဘူးလို့ ဆိုပါတယ်။ (Archived link)  

မြွေဆိပ်မှာရှိတဲ့ အသားဓာတ်ကို အစာအိမ်ရဲ့ အက်စစ်က ကောင်းကောင်းဖြိုခွဲနိုင်တာကြောင့် မြွေဆိပ်ကို ပါးစပ်ကနေစားမိတာက အကိုက်ခံရချိန်မှာသွေးကြောထဲကို တိုက်ရိုက်ရောက်ရှိသွားတာလောက် အာနိသင်မရှိဘူးဆိုပြီး Dr. Taksa က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်မှာ AFP ကိုပြောကြားခဲ့ပါတယ်။  

ပျံ့နှံ့နေတဲ့ ပုံတွေမှာတွေ့ရတဲ့ အပေါက်တွေက မြွေကိုက်ရာမဖြစ်နိုင်ဘူးဆိုပြီး ပညာရှင်နှစ်ဦးစလုံးကဆိုပါတယ်။   

"မြွေစွယ်က ဆေးထိုးအပ်လိုသေးငယ်တာကြောင့်" မြွေကိုက်ရာကို အလွယ်တကူခွဲခြားမရနိုင်ဘူးဆိုပြီး Dr. Taksa ကဆိုပါတယ်။   

ချူလာလောင်ကွန်း တက္ကသိုလ် ရုက္ခဗေဒဌာနက ပါမောက္ခ Teerada Wangsomboondee က ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် မျက်စိနဲ့မြင်နိုင်တဲ့ အပေါက်တွေပါတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးခြင်းကနေရှောင်ကျဉ်တာ အကောင်းဆုံးပါပဲဆိုပြီး AFP ကိုပြောကြားခဲ့ပါတယ်။ (Archived link) 

"ဒီလိုအပေါက်တွေကိုမြင်ရတဲ့ အသီးတွေရဲ့အတွင်းပိုင်းမှာ ရိရွဲနေလိမ့်မယ်" ဆိုပြီး  ပါမောက္ခ Teerada က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။   

"အပေါက်တွေက အဖျက်ပိုးတွေကြောင့်ပဲဖြစ်ဖြစ် ပိုးကောင်တွေကြောင့်ပဲဖြစ်ဖြစ် အဟာရဓာတ်တွေကျန်မှာ မဟုတ်တော့ပါဘူး။"

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်